Friday, May 15, 2009

ဒေါ်အောင်ဆန်းစုကြည်အား မတရားအမှုဆင်ခြင်းအပေါ် ဂျပန်ရှိဒီမိုကရေစီအင်အားစုများမှ ပြင်းထန်စွာကန့်ကွက်၊

အချက်(၃)ချက်ပါသည့် တောင်းဆိုချက်ဖြင့်ဆက်လက်ဆန္ဒပြမည်

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ယနေ့မနက်ပိုင်းတွင်နေအိမ်အကျယ်ချုပ်မှနေ၍ အင်းစိန်ထောင်အတွင်းသို့ ပြောင်းရွှေ့မတရားရုံးတင်စစ်ဆေးသည့်အတွက် ကန့်ကွက်သည့်အနေနှင့် ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများက မြန်မာစစ်အစိုးရအခွန်ရုံး(သံရုံး)ရှေ့သို့ စုရုံးသွားရောက်ဆန္ဒပြကြကြောင်း သိရသည်။


ကန့်ကွက်ဆန္ဒပြသူများကလူထုခေါင်းဆောင်အား အင်းစိန်ထောင်သို့မတရားခေါ်ဆောင်ခြင်းနှင့် ပါတ်သတ်၍ တစုံတရာသောသတင်းထုတ်ပြန်ပေးရန် အခွန်ရုံးတာဝန်ရှိသူများအား ဂျပန်ရဲများ၏အစောင့် အကြပ်ဖြင့် သွားရောက်တောင်းဆိုသော်လည်း မည်သို့မျှပြန်လည်ဖြေကြားခြင်း မရှိကြောင်းတွေ့ရပြီး ဆန့်ကျင်သူများက''လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားချက်ခြင်းလွှတ်''ဟု မြန်မာလိုဖြင့်လည်ကောင်း၊ ''မြန်မာသံရုံးမှဒေါ်အောင်ဆန်းစုကြည်သတင်းကို ချက်ခြင်းပြန်လည်ဖြေကြားပါ''ဟုဂျပန်ဘာသာဖြင့်လည်ကောင်း၊ ''င်္Free Free Daw Aung San Suu Kyi''ဟုအင်္ဂလိပ်ဘာသာဖြင့် လည်ကောင်း ဟစ်အော်တောင်းဆိုဆန္ဒပြကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ယခုလိုနေအိမ်အကျယ်ချုပ်မှ ပြောင်းရွှေ့ခေါ်ဆောင်သွားခြင်းအပေါ်''ကျနော်တို့ရဲ့ခေါင်းဆောင်ကိုမတရားသဖြင့် နှစ်ရှည်ထောင်ချဖို့အတွက်ကို နအဖကရည်ရွယ်တာပါ။ နိုင်ငံခြားသားတယောက်က စစ်တပ်ရော၊ လုံထိန်းရော၊ ရဲရော၊ ကြံ့ဖွဲ့ရောစတဲ့ နအဖရဲ့အစောင့်အကြပ်တွေကြားထဲက ဝင်ရောက်ခဲ့တာက နအဖမှာသာအဓိကတာဝန်ရှိတာပါ။ လုံခြုံရေးလုပ်တဲ့သူတွေကိုမဖမ်းဘဲ ကျနော်တို့ခေါင်းဆောင်ကိုရုံးတင်စစ်ဆေးတဲ့သဘောက တမင်တကာအမှုဆင်လုပ်တာဖြစ်တယ်။ ဒါမျိုးလုပ်တာက ဘာကိုရည်ရွယ်သလဲဆိုတော့ ကျနော်တို့ခေါင်းဆောင်ကိုနှစ်ရှည်လများထောင်ဒဏ်ချမှတ်ချင်တဲ့ရည်ရွယ်ချက်ဖြစ်တယ်၊''ဟုNLD-LA(JB)၏ ဒု-ဥက္ကဋ္ဌဦးလင်းအောင်မှ၎င်းတို့၏အမြင်ကိုပြောပြသည်။

ဆက်လက်ပြီး''လူထုခေါင်းဆောင်အား မတရားအမှုဆင်ထောင်သွင်းအကျဉ်းချရန် ကြံစည်လုပ်ဆောင်မှုကို ပြင်းထန်းစွာရှုပ်ချကြောင်း၊ နှစ်ရှည်လများစွာမတရားထိမ်းသိမ်းခံနေရ၍ ကျန်းမာရေးအခြေအနေဆိုးရွားကျဆင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကိုလွန်စွာစိုးရိမ်းပူပန်ကြောင်းနှင့်နအဖစစ်အစိုးရ၏ဥပဒေမဲ့လုပ်ရပ်အား ဂျပန်အစိုးရ၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာမှ ချက်ခြင်းအရေးယူဆောင်ရွက်ပေးရန်''စသည့် တောင်းဆိုချက်(၃)ခုပါသည့် ကြေငြာချက်တစောင်ကို ဂျပန်-မြန်မာနှစ်ဘာသာဖြင့်ထုတ်ပြန်ခဲ့ပြီး အဆိုပါတောင်းဆိုချက်ဖြင့် နောက်ရက်များ၌မနက်(၁ဝ)နာရီမှ(၄)နာရီအထိ ဆက်လက်ဆန္ဒပြသွားမည်ဟုသိရသည်။
နောက်ဆုံးသတင်းများအရဒေါ်အောင်ဆန်းစုကြည်အားယနေ့မနက်ပိုင်းတွင် အင်းစိန်ထောင်အထူးတရားရုံး၌နေအိမ်အတွင်းအမေရိကန်လူမျိုးတဦးဝင်ရောက်သည့်အမှုဖြင့် ရုံးတင်စစ်ဆေးကြောင်းသိရပြီး ပြီးခဲ့သည့်နှစ်နှောင်းပိုင်းမှစ၍ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသည့် ကျောင်းသားခေါင်းဆောင်များနှင့် NLDခေါင်းဆောင်အချို့အား ၄င်းတို့နှင့်မည်သို့မျှမသက်ဆိုင်သည့် ဥပဒေပုဒ်မများဖြင့်မတရားနှစ်ရှည်ထောင်ဒဏ်များချမှတ်လိုက်သည့်အတိုင်း နအဖစစ်အစိုးရအနေနှင့်၂ဝ၁ဝရွှေးကောက်ပွဲမတိုင်မှီ လူထုခေါင်းဆောင်အားလည်းယင်းသို့သောရည်ရွယ်ချက်မျိုးဖြင့် လုပ်ဆောင်လိုခြင်းသာဖြစ်ကြောင်း ဝါရင့်နိုင်ငံရေးသမားများ၏ သုံးသပ်ပြောဆိုမှုများအရသိရသည်။
Reported by: Thant Myo Htway(Moe Thauk Kye)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More