Wednesday, May 13, 2009

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(NDF) ၃၃နှစ်ပြည့်အခမ်းအနား ဂျပန်တွင်ပြုလုပ်


ကိုမိုင်ကျော်ဦးနှင့် ကိုသံခဲတို့မှ ရှင်းလင်းပြောကြားနေပုံ
တိုကျို၊ မေ(၁၂)

ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ စုပေါင်း၍ဖွဲ့စည်းထား သည့် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု၏ (၃၃)နှစ်ပြည့်အခမ်းအနားကို တိုကျိုမြို့တွင် မေလ(၁ဝ)ရက်နေ့က ပြုလုပ်ကျင်းပခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(NDF)ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်းကြောင်းကို (NDF)၏ဂျပန်ကိုယ်စားလှယ် ဖြစ်သော ဦးမိုင်ကျော်ဦးမှရှင်းလင်းပြောပြသည်။
''၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးတဲ့နောက်မှာ တိုင်းရင်းသားတွေရဲ့ကိုယ်ပိုင်းအခွင့်အရေးနဲ့တန်းတူညီမျှရေးတို့အတွက် လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ခဲ့ကြတယ်၊ တဖန်၁၉၇၄ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းပေါ်ပေါက်လာတဲ့အခါမှာလည်း အားနည်းချက်တွေနဲ့ ဖက်ဒရယ်ပြည်ထောင်စုကြိုးပမ်းမှုကို စစ်အာဏာရှင်တွေရဲ့တုံ့ပြန်မှုကြောင့် ပြည်တွင်းစစ်နှစ်(၆ဝ)ကျော် ဖြစ်ပွားခဲ့တယ်။ မဟာလူမျိုးကြီးဝါဒအဆုံးသတ်ရေး၊ စစ်အာဏာရှင်စနစ်အဆုံးသတ်ရေး၊ ဒီမိုကရေစီအရေးနှင့်တန်းတူညီမျှသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့(NDF)ကို ဖွဲ့စည်းခဲ့တာပါ''ဟုရှင်းပြသည်။
(NDF)ကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြင့် မာနယ်ပလောလွတ်မြောက်နယ်မြေတွင် ၁၉၇၆ခုနှစ် မေ(၁ဝ)တွင်ဖွဲ့စည်းခဲ့ပြီး ပထမဦးဆုံးသောဥက္ကဋ္ဌမှာမန်းဘဇံဖြစ်သည်။
ဒီအပြင်(NDF)အနေနှင့် ဂျပန်တွင်(၈)နှစ်ကျော်ကြာအောင်ပြည်ပလွတ်မြောက်နယ်မြေတွင်ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်နေခဲ့ပြီး ယခုကျင်းပသော(၃၃)နှစ်မြောက်အခမ်းအနားသည် ပထမဆုံးအကြိမ်ဟုဆိုသည်။
(NDF)အနေနှင့် နအဖ၏(၂ဝဝ၈)နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံဘဲဆန့်ကျင်ကန့်ကွက်သွားပြီ ဂျပန်သို့ ရောက်ရှိနေသော မြန်မာ့ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့်အတူလက်တွဲ၍ စစ်အာဏာရှင်စနစ်မြန်မာ့ မြေပေါ်မှချုပ်ငြိမ်းပျောက်ကွယ်သွားသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ယင်း(NDF)ဂျပန်ကိုယ်စားလှယ်မှဆက်လက်ရှင်းပြသည်။

RENGOမှ တာဝန်ရှိသူတဦးဖြစ်သူ Mr. Shioda San နှင့် ဆရာဦးရျွေဘတို့မှ ရှင်းလင်းပြောကြားစဉ်(၀ဲ)နှင့် တက်ရောက်လာကြသည့် တိုင်းရင်းသားများ

အဆိုပါနေ့အခမ်းအနားတွင် ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့်ကျောင်းသားတပ်မတော်(ABSDF)၏ ဥက္ကဋ္ဌရဲဘော်သံခဲ အပြင် သတင်းစာဆရာကြီးဦးရွှေဘ၊ ဂျပန်အလုပ်သမားသမဂ္ဂ(RENGO)မှဂျပန်ကိုယ်စားလှယ်နှင့် ဂျပန်ရှိမြန်မာ့ဒီမိုကရေစီ အင်အားစုအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များနှင့်စိတ်ပါဝင်သားသူပရိတ်သတ်(၂ဝဝ)ကျော်ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
သတင်း-သန့်မျိုးထွေး(မိုးသောက်ကြယ်)
မှတ်တမ်းဓါတ်ပုံ- မင်းညိုဝမ်း(မိုးသောက်ကြယ်)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More