Friday, September 10, 2010

မွေးနေ့ရှင်ဦးခွန်ထွန်းဦးလွတ်မြောက်ရေးအတွက် ဂျပန်ရောက်သျှမ်းတိုင်းရင်းများ တောင်းဆိုဆန္ဒပြပွဲတခုပြုလုပ်


ကချင်ပြည်နယ်ပူတာအိုအကျဉ်းထောင်တွင် (၉၃)နှစ်ထောင်ကျခြင်းခံထားရသည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ဥက္ကဌ ဦးခွန်ထွန်းဦးအပါအ၀င် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအအတွက် တောင်းဆိုဆန္ဒပြပွဲနှင့်အတူ ယခုလာမည့် စက်တင်ဘာလ(၁၁)ရက်နေ့တွင်ကျရောက်မည့် ဦးခွန်ထွန်းဦး၏(၆၇)နှစ်မြောက်မွေးနေ့အကြိုဆုတောင်းပွဲကို ယနေ့ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ဂျပန်ရောက်သျှမ်းတိုင်းရင်းသားများ၏ဦးဆောင်မှုဖြင့် ယနေ့ သြဂုတ်လ(၉)ရက်နေ့ ရှီဘူယ ရပ်ကွက်ရှိ ကုလသမဂ္ဂရုံးရှေ့တွင် မွန်းလွဲ(၃)နာရီမှ(၄)နာရီအထိကျင်းပခဲ့ရာ မြန်မာ့ ဒီမိုအရေး လှုပ်ရှားနေသော အဖွဲ့အစည်းပေါင်းစုံမှတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားမှုးအဖြစ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်)(SND-Japan)မှ ကိုခင်ဇော်ဦး ကတာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်)(SND-Japan)၏ဥက္ကဌ ဦးစိုင်းစီဝမ်းမှ“ဦးခွန်ထွန်းဦး၏ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ရကြောင်းနှင့် ဦးခွန်ထွန်းဦး အမြန်ဆုံးပြန်လည်လွတ်မြောက်လာပြီး ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေးတို့ကိုဆက်လက်ဆောင်ရွက်သွားနိုင်ပြီး အသက်ရာကျော်ရှည်ပါစေဟု” ဆုတောင်းခဲ့ပါသည်။

ဦးခွန်ထွန်းဦး၏(၆၇)နှစ်ပြည့်မွေးနေ့ကိုလည်း ဂျပန်နိုင်ငံရှိ SUGAMO ဘုန်းကြီးကျောင်းတွင် စက်တင်ဘာလ(၁၂)ရက်နေ့တွင် ဆက်လက်ပြုလုပ်သွားမည်ဟုပြောကြားခဲ့ပါသည်။
NDFမှ ဦးမိုင်ကျော်ဦးမှလည်း ”ဦးခွန်ထွန်းဦးထိန်းသိမ်းခံရချိန်မှ ယနေ့အထိ လစဉ်လတိုင်း (၉)ရက်နေ့တိုင်းတွင် ကုလသမဂ္ဂမှတဆင့် မတရားဖမ်းဆီးထားခြင်းမှ လွတ်မြောက် လာနိုင်စေရန်အတွက် တောင်းဆိုမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အခမ်းအနားကို “ဦးခွန်ထွန်းဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်းလွတ်ပေးရန်၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုအကောင်အထည်ဖော်ရန်၊ ၂၀၁၀ ရွေးကောက်ပွဲ ကိုအလိုမရှိ” စသည့်ကြွေးကြော်သံများဖြင့် အခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

ရေးသားသူ-နန်းအိမွန်ချစ်

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More