Sunday, September 12, 2010

နအဖစစ်တပ်၏ ဥပဒေမဲ့လုပ်ရပ်များအပေါ် ဂျပန်ရောက်မြန်မာများ ကန့်ကွက်ဆန္ဒပြ

၂၀၁၀ ခုနှစ် စက်တင်ဘာလ (၄) ရက်ညသန်းခေါင်ယံတွင်ပဲခူးမြို့တွင်းဖြစ်ပွားခဲ့သည့် နအဖစစ်တပ်အတွင်းရှိ အာဏာရှင်ပေါက်စစစ်ဗိုလ်များနှင့် အရပ်သားလူငယ်အချို့အကြား ခိုက်ရန်ဖြစ်ပွားမှုတွင် နအဖစစ်ဗိုလ်များက လက်နက်အားကိုးဖြင့်ဥပဒေမဲ့ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကြောင့် အောင်သူဟိန်း(၂၂)နှစ် နှင့် စိုးပိုင်ဇော် (၁၈) နှစ် တို့ ပွဲချင်းပြီးသေဆုံးခဲ့ ရသည့်အတွက်အဖြစ်အပျက်အခြေအနေမှန်ကို ပြည်သူသို့ အတိအလင်းထုတ်ပြန်ကြေငြာရန်နှင့် ပြစ်မှုကျုးလွန်သူများအား ထိရောက်စွာအပြစ်ပေးရန် အတွက် ဂျပန်ရောက်မြန်မာ့ဒီမိုအရေးလှုပ်ရှားသူများမှ နအဖစစ်အာဏာပိုင်တို့အား တောင်းဆိုဆန္ဒဖော်ထုတ်ပွဲနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်ဆောင်များ အပါအဝင် မတရားဖမ်းဆီးထားသောနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် တောင်းဆိုမှုကို ယနေ့ စက်တင်ဘာလ (၁၀)ရက်နေ့တွင် တိုကျိုမြို့၊ ရှီနာဂါဝ ရပ်ကွက် ရှိ နအဖအကောက်ခွန်ရုံးရှေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။



အခမ်းအနားမှုးအဖြစ်ဆောင်ရွက်ခဲ့သောကိုမြတ်သူမှ“မြန်မာနိုင်ငံတွင် နအဖစစ်တပ်မှ အရာရှိအချို့က စစ်တပ်အရှိန်အဝါသုံးကာ လက်နက်အားကိုးဖြင့် ပြည်သူလူထုအား ဥပဒေမဲ့ အနိုင်ကျင့်နေသည်ကို ယခုပဲခူးတွင်ဖြစ်ပွားခဲ့သောအဖြစ်အပျက်က ကောင်းစွာမီးမောင်းထိုးပြနေကြောင်း၊ သတင်းမီဒီယာမရှိတဲ့ တိုင်းရင်းသားဒေသတွေမှာဆိုယင် ပိုမိုဆိုးရွားနေကြောင်းနှင့် ယခုကဲ့သို့ လက်နက်အားကိုးနဲ့ ပြည်သူလူထုအပေါ် ဥပဒေမဲ့ အနိုင်ကျင့်ရမ်းကားနေမှုများကို ဆန့်ကျင်ရှုတ်ချကြောင်း” ပြောကြားခဲ့ပါသည်။

ထို့ပြင် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအင်အားစု များမှလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ ပဲခူးတွင်သေဆုံးခဲ့ရသည့် ကိစ္စရပ်များကို အဖြစ်ကိုအမှန်အတိုင်းဖော်ထုတ်ပေးရန် တောင်းဆိုထားသည့်စာကိုလည်း ဂျပန်နိုင်ငံရှိ နအဖအကောက်ခွန်ရုံးမှတဆင့်ပေးပို့ခဲ့ပါသည်။


အခမ်းအနားတွင်တာဝန်ရှိသူများက လည်းယခုပဲခူးတွင် ဖြစ်ပျက်ခဲ့သောအရေးအခင်းနှင့်အတူ ၂၀၁၀ ရွေးကောက် ပွဲအတွက်မိမိတို့၏ဆန္ဒများကိုအောက်ပါအတိုင်းဖော်ထုတ်သွားခဲ့ပါသည်။ “တပ်မတော်သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာာကွယ်စောင့်ရှောက်မည့်အစား စစ်စည်းကမ်းများကိုဖောက်ဖျက်ကာ ပြည်သူလူထုအား ရန်သူပမာသတ်ဖြတ်နေ ကြောင်း၊ နိုင်ငံတကာဂျီနီဗာသဘောတူညီမှုများနှင့် နိုင်ငံတကာသဘောတူညီချက်ဖြစ်သည့် စစ်ရာဇဝတ်မှုများကိုလည်း အတိအလင်းဖောက်ဖျက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံး စစ်ကျွန်ဘဝသို့ကျရောက်စေမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြောင်းနှင့် ယခုပဲခူးတွင်ဖြစ်ပွားခဲ့သောသတ်ဖြတ်မှုကို ဥပဒေအတိုင်းတာဝန်ယူဆောင်ရွက်ပေးရန်” စသည်ဖြင့် ပြောကြားခဲ့ပါသည်။

နေ့လယ် ၃ နာရီမှ ၄း၃၀ အထိပြုလုပ်ခဲ့သောအခမ်းအနားကို ”ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်ဆောင်များအပါအဝင် မတရားဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးရန်၊ ၁၉၉၀-ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ရန်၊ ၂၀၁၀ရွေးကောက်ပွဲအလိုမရှိ၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ပစ်ရန်နှင့် ဒီမိုကရေစီအရေးတော်ပုံအောင်ရမည်”စသည့် ကြွေးကြော်သံများဖြင့်အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

ရေးသားသူ-နန်းအိမွန်ချစ်

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More