Saturday, September 18, 2010

မြန်မာသံရုံးမရှိသော နိုင်ငံမှ နိုင်ငံသားများမှ လွဲ၍ မည်သည့် နိုင်ငံခြားသား ခရီးသည်ကိုမှ ဆိုက်ရောက်ဗီဇာ မပေးတော့ဟုဆို

မြန်မာနိုင်ငံတွင် ယခုနှစ် မေလ ၁ရက်နေ့က စတင်၍ ပထမဆုံး စတင် ကျင့်သုံးခဲ့သည့် ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးသည့် စနစ်ကို ယခုလ ၁ရက်နေ့တွင် ရပ်နားခဲ့ပြီး ယခုလ ၈ ရက်နေ့မှ စတင်၍ ခြွင်းချက်ဖြင့်သာ ကျင့်သုံးတော့မည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်မှု ညွှန်ကြားရေးဦးစီးဌာနမှ ကြေငြာချက်များ ထုတ်ပြန်ထားကြောင်း ကြားသိရသည်။




ပုံမှန် ၀င်ရောက်သော နိုင်ငံခြားသား ဧည့်သည်များကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးနေခြင်းအား ရုတ်သိမ်းကာ ခြွင်းချက်အနေဖြင့် မြန်မာသံရုံးမရှိသော နိုင်ငံမှ နိုင်ငံသားများကိုသာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ လျှောက်ထား လိုသော ပြည်တွင်းရှိ ခရီးသွား ကုမ္ပဏီများသည် ထိုနိုင်ငံခြားသားဧည့်သည် လာရောက်မည့် လေကြောင်းလိုင်း၊ ပြန်လည်ထွက်ခွာမည့် ရက်စွဲ စသည့် ခရီးသည်နှင့် သက်ဆိုင်သော အချက်များကို တိကျစွာ ဖော်ပြ၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဗီဇာစိစစ်ထုတ်ပေးရေးအဖွဲ့သို့ တိုက်ရိုက်လျှောက်ထားရမည် ဖြစ်ကြောင်း၊ ခရီးသည် တစ်ဦးနှင့် ပတ်သက်သော ကိစ္စအ၀၀ကို သက်ဆိုင်ရာ ခရီးသွားကုမ္ပဏီက တာဝန်ယူရမည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်မှု ညွှန်ကြားရေးဦးစီးဌာနမှ တရားဝင် အမိန့်စာဖြင့် ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။


ဆက်လက်၍ ထိုကြေငြာချက်တွင် ဆိုက်ရောက်ဗီဇာ၏ ခွင့်ပြုရက် ပြည့်သွားပြီးနောက် တရားမ၀င် ဆက်လက်နေထိုင်သူများကို (ယခင်က တစ်ရက်လျှင် ရက်လွန်ကြေး ၃ ဒေါ်လာ ဒဏ်ကြေး ကောက်ခံရုံသာ ပြုလုပ်ခဲ့သော်လည်း ယခုမူ) ရက်လွန်နေထိုင်ခွင့် မပေးတော့ဘဲ အရေးယူသွားမည် ဖြစ်ကြောင်း ပါရှိသည်။

mmdailynews မှ

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More