Tuesday, December 29, 2009

ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်)၏ ၆ နှစ်ပြည့်အခမ်းအနားကျင်းပ


ဂျပန်နိုင်ငံရောက် တိုင်းရင်းသားများစုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်)AUN-Japan၏ (၆)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ(၂၇)ရက်နေ့က တိုကျိုမြို့  တာကါဒါနိုဘာဘာရှိ SHOHISEIKATSU CENTER (၄)ထပ်၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။


ညနေ ၆း၀၀ နာရီ မှ ၉း၀၀နာရီအထိ ကျင်းပပြုလုပ်ခဲ့သည့် AUNညီလာခံအခမ်းအနားတွင် သဘာပတိများအဖြစ် ၂၀၀၈-၂၀၀၉ ခုနှစ် ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့သော ဦးဇော်မင်းခိုင် မှ AUN အဖွဲ့အစည်း ဖွဲ့စည်းရခြင်းအကြောင်း၊ ဖြစ်တည်လာရခြင်းရည်ရွယ်ချက်နှင့် မူဝါဒဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားပါသည်။

အလုပ်အမှုဆောင်ကော်မတီ၏ တစ်နှစ်တာ လုပ်ငန်းအစီရင်ခံစာကို အထွထွေအတွင်းရေးမှုး ဦးမိုင်းကျော်ဦးမှ ဖတ်ကြားတင်သွင်းခြင်း၊ ရေးရာမှူးများ၏ လုပ်ငန်းအစီရင်ခံစာများကိုတင်သွင်းခြင်းနှင့် AUN အဖွဲ့အစည်းထဲတွင် ပူးပေါင်းပါဝင်ဖွဲ့စည်းထားသော တိုင်းရင်းသားအဖွဲ့အစည်းခေါင်းဆောင်များမှ နှုတ်ခွန်းဆက်အမှာစကားနှင့် ၄င်းတို့၏သဘောထားအမြင်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ၂၀၀၉-၂၀၁၀ ခုနှစ် အတွက် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့(SND-JP)မှ ဦးစိုင်းစီဝမ်းကို လုပ်ငန်းတာဝန်များ လွှဲပြောင်းပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်)(AUN-Japan)ကို ဂျပန်နိုင်ငံသို့ ရောက်ရှိပြီး၊ ဖွဲ့စည်းလှုပ်ရှားလျှက်ရှိနေကြသော တိုင်းရင်းသားအဖွဲ့အစည်း များ၊ တသီးပုဂ္ဂလများ စုပေါင်းကာ ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလ(၂၁)ရက်နေ့တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့သည်။

ဖွဲ့စည်းရခြင်းရည်ရွယ်ချက်များမှာ-
(၁) တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ စာပေနှင့်ယဉ်ကျေးမှုကို ဖေါ်ဆောင်ရန်။
(၂) မြန်မာနိုင်ငံသားတိုင်း လူ့အခွင့်အရေးပြည့်ဝစွာ ခံစားခွင့်ရရှိရေးနှင့် တိုင်းရင်းသား လူမျိုးများ၏ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရန်။
(၃) ပြည်ပ၌ ဒုက္ခရောက်နေကြသော မြန်မာနိုင်ငံသားများကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးမှု ပြုလုပ်နိုင်ရန်
(၄) နိုင်ငံတကာ၌ ရောက်ရှိနေကြသော တိုင်းရင်းသားအဖွဲ့အစည်းအချင်းချင်း၊ အသိအမြင်ဖလှယ်ပြီး နိုင်ငံရေးအရ စည်းလုံးညီညွှတ်မှုရရှိရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန်။
(၅) မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် ဂျပန်နိုင်ငံရောက် တိုင်းရင်းသားလူမျိုး ပေါင်းစုံဖြင့်ဖွဲ့စည်းထားသော ဤအဖွဲ့အစည်းသည် အခြားသော ဒီမိုကရေစီအင်အားစု အဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် တို့ဖြစ်သည်ဟု သိရှိရသည်။
စတင်ဖွဲ့စည်းစဉ်က ဂျပန်နိုင်ငံရှိတိုင်းရင်းသားအဖွဲ့အစည်း(၈)ဖွဲ့ဖြစ်သော (၁)ကချင်အမျိုး သားအစည်းအရုံး(ဂျပန်)၊ (၂)ကရင်အမျိုးသားအဖွဲ့ချုပ်(ဂျပန်)၊ (၃)ချင်းတိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်)၊ (၄)နာဂအမျိုးသားအဖွဲ့အစည်း၊ (၅) ပလောင်အမျိုးသားအဖွဲ့အစည်း၊ (၆)ပုညကာရီမွန်အမျိုးသားအဖွဲ့(ဂျပန်)၊ (၇)ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)နှင့် (၈)သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်)တို့ဖြင့် ဖွဲ့စည်းထားခဲ့ကြသော်လည်း ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ (၁၄)ရက်နေ့တွင် ပအိုဝ်းတိုင်းရင်းသားများ လွတ်မြောက်ရေးအဖွဲ့(ဂျပန်)နှင့် ကရင်နီ(ကယား)အမျိုးသားများအဖွဲ့(ဂျပန်)တို့ပါ ပူးပေါင်းတိုးချဲ့ဖွဲ့စည်းလိုကကြောင်းသိ ရှိသည်။

သတင်းရေးသားသူ-
နန်းအိမွန်ချစ်၊ စိုးဝင်းရှိန်

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More