Saturday, December 12, 2009

နိုဘယ်လ်ဆုရ နာမည်ကျော် စီးပွားရေးပညာရှင် ဂျိုးဇက်စတစ်ကလစ် မြန်မာပြည်သို့သွားမည်

မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် ကမ္ဘာ့ဘဏ်ဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုရရှိထားသူ နာမည်ကျော်စီးပွားရေးပညာရှင် Joseph E.Stiglitz ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂအာရှပစိဖိတ်ဒေသဆိုင်ရာစီးပွာရေးနှင့် လူ မှုရေးကော်မရှင် (ESCAP) အကြီးအကဲ Noeleen Heyzer ကပြောကြားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ကုလသမဂ္ဂအာရှပစိဖိတ်ဒေသဆိုင်ရာစီးပွားရေးနှင့် လူမှုရေးကော်မရှင် (ESCAP) အကြီးအကဲ Noeleen Heyzer က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်ဟု ထိုင်းအခြေစိုက် သတင်းဌာနများ၏ ဒီဇင်ဘာလ ၁ရက်နေ့ထုတ် သတင်းထုတ်ပြန်ချက်များအရသိရှိရခြင်းဖြစ်သည်။

၎င်းသည် မြန်မာနိုင်ငံ ရောက်ရှိစဉ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် " Economic Policies and Decision Making for Poverty Reduction: Reaching the Bottom Half " အမည်ဖြင့် သင်ကြား ပို့ချမှုတစ်ခုကို နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာ့စီးပွားရေး ပညာရှင်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှပညာရှင်များ၊ မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံမှုများပြုလုပ်မည်ဟု သတင်းများကဖော်ပြသည်။

အမေရိကန်နိုင်ငံသားဖြစ်သူ Joseph E.Stiglitzသည် ကမ္ဘာကျော်တက္ကသိုလ်ကြီး များဖြစ်သည့် University of Cambridge၊ Yale University၊ Stanford University၊ Duke University၊ Oxford university၊ Princeton University၊ Columbia University စီးပွားရေးဆိုင်ရာ ပါမောက္ခ ရာထူး တာဝန်များထမ်းဆောင်ခဲ့ပြီး အချို့တက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်နေဆဲဖြစ်ကြောင်း၊ ၁၉၉၅ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ အမေရိကန်သမ္မတဘီလ်ကလင်တန်၏စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ကမ္ဘာ့ဘဏ် ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၂၀၀၁ ခုနှစ်တွင် စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုကို လက်ခံရရှိခဲ့ပြီး လက်ရှိအမေရိကန်သမ္မတ ဘားရက်အိုဘားမားကိုစီးပွားရေးဆိုင်ရာအကြံဥာဏ်များ ပေးခဲ့သူလည်းဖြစ်ကာ နိုင်ငံတကာတွင် အလွန်ကျော်ကြားသော စီးပွားရေးပညာရှင်ကြီး တစ်ဦး ဖြစ်သည်ဟု Wikipediaတွင်ဖော်ပြထားကြောင်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁၄ရက်နေ့ထုတ် The Voiceဂျာနယ်တွင်ဖော်ပြထားပါသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More