Sunday, May 2, 2010

နာဂစ်မုန်တိုင်း(၂) နှစ်ပြည့် ဘာသာပေါင်းစုံဆုတောင်းပွဲ တိုကျို၌ပြုလုပ်


ဓာတ်ပုံမှတ်တမ်း ။ ။ Minnyowan(moethaukkye)
တိုကျို၊ မေ(၂)
သတင်း-သန့်မျိုးထွေး
၂၀၀၈ခုနှစ်မေလ(၃)ရက်နေ့တွင်ဧရာဝတီနှင့်ရန်ကုန်တိုင်းတို့တွင်တိုက်ခတ်ခဲ့သည့်နာဂစ်ဆိုက်ကလုန်းမုန်တိုင်းကြောင့် သေဆုံးခဲ့သူများအတွက် အောင့်မေ့ဖွယ်အထိမ်းအမှတ်အဖြစ်ဘာသာပေါင်းစုံဆုတောင်းပွဲကို ဂျပန်-မြန်မာပူးပေါင်းဆောင်ရွက်ရေးကော်မတီ-ဂျေအေစီ၏ ဦးဆောင်မှုဖြင့် တိုကျိုမြို့၊ တိုရှိးမားမြို့နယ်ရှိ Komagome Bunka Centreတွင် ယနေ့မနက်(၉)နာရီ၌ ပြုလုပ်ခဲ့ကြသည်။
အဆိုပါဆုတောင်းပွဲကိုဂျပန်ရောက်မြန်မာလူမျိုး(၅၀)ကျော်တက်ရောက်ခဲ့ပြီးဗုဒ္ဓဘာသာမှဆုတောင်းမေတ္တာပို့သခြင်းကို တိုကျိုမြို့အခြေစိုက်အပြည်ပြည်ဆိုင်ရာသံဃာရုံးခန်းမှတာဝန်ခံဆရာတော်အရှင်ဓမ္မဇောတိမှ ပရိတ်တရားနာရွတ်ဖတ်ပူဇော်၍ မုန်တိုင်းကြောင့် ကွယ်လွန်သွားခဲ့သူများကို ဆုတောင်းမေတ္တာအမျှပေးဝေ၍ တက်ရောက်သူများအားတရားနာချီးမြှင့်ခဲ့ပြီး ခရစ်ယာန်ဘာသာမှ ဆုတောင်းခြင်းအစီအစဉ်ကို (OKOJ)မှဆရာစောလှကြည်က ဆောင်ရွက်ပေးခဲ့သည်။

လူသားအားလုံး၏ငြိမ်းချမ်းရေးရရှိဖို့နှင့်လူသားအချင်းချင်းချစ်ခြင်းမေတ္တာဖြင့်တဦးပေါ်တဦးသဘောထားနိုင်စေရန် မည်သည့်ဘာသာနှင့်ဖြစ်ပါစေ အတူလက်တွဲ၍ လုပ်ဆောင်လိုခြင်းကြောင့် ယခုလိုနာဂစ်အထိမ်းအမှတ် ဆုတောင်းပွဲကို တက်ရောက်ရခြင်းဖြစ်ကြောင်း ဆရာစောလှကြည်မှပြောပြသွားသည်။
“စစ်အစိုးရက သူတို့ရဲ့သြဇာအာဏာတည်တံ့ခိုင်မြဲဖို့နဲ့အချုပ်အခြာအာဏာကို ဆက်လက်ဆုပ်ကိုင်ထားဖို့ ဘာမဆိုလုပ်ရဲတယ်၊ ဒါ့ကြောင့်နာဂစ်မုန်တိုင်းရဲ့ဘေးဒဏ်ကို ခံစားနေရတဲ့ ပြည်သူတွေ ခက်ခဲမှုဒုက္ခများစွာကို ကြုံတွေ့နေရပေမဲ့ ဒီအရေးကိုအဓိကမထားဘဲ အာဏာတည်မြဲရေးကိုသာ လုပ်ဆောင်နေတာမို့လို့ ပြည်သူတွေကိစ္စကိုအရေးမထားခဲ့တာ”ဟု၎င်းကဆက်လက်ပြောပြသည်။

နာဂစ်တိုက်ခတ်သွားပြီးနောက် (၂)နှစ်ပြည့်မြောက်သွားပြီဖြစ်သော်လည်း မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ပြန်လည်အခြေချနေထိုင်ရေး၊ လုပ်ကိုင်စားသောက်ရေးအပြင် ရေသန့်ရရှိရေးနဲ့ ကျန်းမာရေးအခြေခံ လိုအပ်ချက်တွေရှိနေဆဲဖြစ်ကြောင်းသိရပြီးဂျေအေစီမှယန်းတစ်သန်းကျော်ကို မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများအတွက်ပေးပို့လှူဒါန်းခဲ့သလိုဆက်လက်၍လှူဒါန်းရန် ယန်းတစ်သန်းကျော်ကျန်ရှိနေသေးကြောင်း ဂျေအေစီမှတာဝန်ခံတဦးဖြစ်သည့် ကိုစောမျိုးခိုင်ရှင်းက ပြောပြသွားသည်။

အစ္စလမ်ဘာသာမှဆုတောင်းပေးသူဦးလှမောင်ကလည်း“ဒီနေ့နာဂစ်အထိမ်းအမှတ်အဖြစ် ဆုတောင်းပေးရတဲ့အခါမှာကျနော်အင်မတန်မှကြေကွဲဝမ်းနည်ရပါတယ်။ဒီလိုကျနော်တို့တိုင်းပြည်မှာ လူတသိန်းခွဲလောက်သေသွားရတယ်ဆိုတာက မင်းကျင့်တရားနဲ့မညီတဲ့မင်းဆိုးမင်းညစ်တွေ ပြည်သူကိုမတရားညှင်းပန်းနှိပ်စက်ရင် သီးနှံတွေမဖြစ်ထွန်းဘူး၊ သားငါးတွေရှားပါးမယ်။ သဘာဝဘေးအန္တရယ်တွေဖြစ်မယ်။ ကျနော်တို့ဘာသာမှာရှိပါတယ်။ ဒီလိုလူတွေများစွာသေခဲ့တာဟာ မင်းဆိုးမင်းညစ်တွေအုပ်ချုပ်နေလို့ဆိုတာ ကျနော်ယုံကြည်ပါတယ်”ဟု နာဂစ်တိုက်ခတ်သွားခြင်းကို ၄င်း၏ဘာသာရေးအမြင်ဖြင့်သုံးသပ်ပြောဆိုသွားသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More