တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာတော့ “ကဆုန် နယုန် ဆွေ့ဆွေ့ခုန်” ဆိုတဲ့ အတိုင်း နေအပူဒဏ်ကို အလူးအလိမ့် ခံနေကြရပါတယ်။ တနှစ်ထက် တနှစ် ပိုပိုပူလာတဲ့ နွေနေမင်းဟာ ရွှေပြည်တော်ကြီးကို အညှိုးတကြီးနဲ့ မီးလောင်တိုက်သွင်းနေသလား ထင်ရပါရဲ့။ မြေပေါ်မြေအောက်က ရေတွေကိုပါ ခန်းခြောက်အောင် အပူက စုပ်ယူသွားလေတော့ ရေအငတ်ဘေးနဲ့ ရင်ဆိုင်ရပါတော့တယ်။ ပိုဆိုးတာက မြေအောက်မှာ ရေရှိရင်တောင် စုပ်ယူစရာ လျှပ်စစ်မီး မရှိတာပါပဲ။ ရွှေပြည်တော်သားတွေဟာ ရေငတ် မီးငတ် ဘေးဒုက္ခအတိကို ငုတ်တုတ်ခံနေကြရတာပါ။ ရှေးစာတွေထဲမှာပါတဲ့ “မိုးခေါင်၍ ပြည်ပျက်သည်” ဆိုတာ ဒါကို ခေါ်တာပါလားလို့ ကိုကြီးပေါ်တော့ သံဝေဂ ရမိပါရဲ့။
ဒီဒုက္ခတွေကြားမှာ လင်းလက် ပေါ်ထွန်းလာတာကတော့ ရွှေပြည်တော်သားတွေရဲ့ ပြည်သူအချင်းချင်း ယိုင်းပင်းကူညီကြတဲ့ စေတနာနဲ့ လုပ်ဆောင်မှုတွေပါပဲ။ “နွံထဲကကြာ” ဆိုပါတော့။ လှူဒါန်း ပေးကမ်းဖို့ ဆိုရင် ဘာသာရေးဖက်မှာပဲ အာရုံကျတတ်တဲ့ ရွှေပြည်တော်သားတွေဟာ အခုဆိုရင် လူမှုရေးဖက်ကို အာရုံစိုက်တတ်လာပြီလို့ သာဓုခေါ်ရမှာပေါ့။ ရေဘေး လေဘေး မီးဘေး နာဂစ်ဘေး ... စတဲ့ ဘေးအန္တရာယ် ပေါင်းစုံကြားက အသက်တွေကို ကယ်ဆယ်ဖို့ သာမန်ပြည်သူတွေက နိုးကြားတက်ကြွစွာနဲ့ လုပ်ကိုင်နေကြချိန်၊ မရှိမဲ့ရှိမဲ့ထဲက “ဖဲ့”လှူနေကြချိန်မှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တော် မူကြကုန်သော ဗိုလ်ချုပ်မင်းကြီးများကတော့ ဖဲကြိုးဖြတ် မပျက်, မိန့်ခွန်းခြွေ မပျက်, အလှူငွေလက်ခံ မပျက်, ... မပျက်... မပျက်, ရွှေပြည်ကြီးကို “ဖဲ့”မပျက်... ပါခင်ဗျာ။
ဖောင်ဒေးရှင်းစတန့်
ရွှေပြည်တော်မှာ ရေအငတ်ဘေး ကြုံနေရသူတွေကို တပိုင်တနိုင် တစုတဖွဲ့ ၀ိုင်းဝန်း ကူညီနေကြချိန်မှာ မထော်မနမ်း ဗိုလ်ကျော်ဆန်း ဆိုသူက ဖောင်ဒေးရှင်း ဆိုတာကြီး တခုကို ထူထောင်တယ် ခင်ဗျ။ ရေငတ်တာ ကူညီဖို့တော့ မဟုတ်ပါဘူး။ စာဖတ်ဖို့လို့ ဆိုပါတယ်။ နာမည်က “ကျေးရွာ စာကြည့်တိုက် ဖောင်ဒေးရှင်း” ပါတဲ့။ ဒီလို ဖောင်ဒေးရှင်း ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတော့ လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်က မိုးပျံပူပေါင်းလေး တလုံးကို အပြေးအလွှား သတိရမိပါရဲ့။
ပြီးတော့ စာကြည့်တိုက်တို့ စာဖတ်ဖို့တို့ ဆိုပြန်တော့ သွားလေသူ ဗိုလ်နေ၀င်းရဲ့ စာတတ်မြောက်ရေး လှုပ်ရှားမှုကြီးကိုလည်း ပြန်ပြောင်း အောက်မေ့မိပါရဲ့။
ဗိုလ်နေ၀င်းရဲ့ တော်လှန်ရေးကောင်စီနဲ့ မဆလပါတီ လက်ထက်မှာ တတိုင်းပြည်လုံး စာတတ်မြောက်ရမယ် ဆိုပြီး အရေး အဖတ် အတွက် “အသုံးလုံး” စီမံချက်ကို အုတ်အုတ်ကျက်ကျက် လုပ်ခဲ့လေသပေါ့။ ကုလသမဂ္ဂရဲ့ အထောက့်အပံ့တွေလည်း အတော်များများ ရခဲ့လေရဲ့။ ယူနက်စကို ဆုတွေဘာတွေတောင် ရခဲ့သေး ထင်ရဲ့။ အဲသည်တုန်းက နွေရာသီ ကျောင်းပိတ်ပြီဆိုရင် အသုံးလုံး လုပ်အားပေးဆိုတာ ကောလိပ်ကျောင်းသားတွေ ကြားမှာ အတော် ခေတ်စားတာကိုး။ လူငယ် အများစုကတော့ ရပ်ဝေးခရီး သွားရ အတွေ့အကြုံသစ်တွေရ ဆိုတော့ ပျော်ကြတာပေါ့။ အဲ နည်းနည်းပါးပါး စပ်စုတတ်တဲ့ ကိုကြီးပေါ် တို့လို ကျောင်းသားတွေ အဖို့မှာတော့ အသုံးလုံးရဲ့ နောက်ကွယ်က “လိမ်ဆင်”တွေကိုပါ သိလာကြရတော့တာပါပဲ။
သတင်းစာတွေမှာတော့ ဘယ်မြို့ ဘယ်နယ်ကို ဘယ်ကျောင်းသားတွေ သွားရောက် စာသင်ပေးကြတယ်။ စာတတ်မြောက်မှု အောင်ပွဲတွေ ဘယ်လို ကျင်းပတယ်ဆိုတာတွေက ထိပ်တန်း သတင်းတွေပေါ့လေ။ လူအများ မသိလိုက်တာက ဒီလို လုပ်အားပေး သွားတယ်ဆိုတဲ့ နေရာတွေထဲမှာ ပြည်တွင်းစစ် ဖြစ်နေတဲ့ အနက်ရောင် အညိုရောင် နယ်မြေတွေ မပါဘူး ဆိုတာပါ။ လုံခြုံရေးအရ စိတ်ချရပြီးသား နေရာတွေကိုပဲ ကျောင်းသားတွေကို ခေါ်သွားတာပါ။ ဒါတောင် တချို့နေရာတွေဆို ရွာအပြင်မှာ စစ်တပ်ချထားပြီး ကန့်သတ်နယ်မြေ အပြင်ဖက်ကို လုံးဝ ထွက်ခွင့် မပြုပါဘူး။ ဆိုတော့ အသုံးလုံး စီမံချက်ဆိုတာ တပြည်လုံးအနှံ့ လုပ်နိုင်တာ မဟုတ်ဘူးလို့ အလွယ် သိနိုင်ပါတယ်။ ဒါပေမယ့် မဆလက ကြေညာတော့ ၉၈ ရာနှုန်း စာတတ်ပြီ ဆိုပဲ။
မှတ်သားစရာလေး တခုကို ပြောပြချင်သေးရဲ့။ ရွာတရွာမှာ လုပ်အားပေး စခန်းသိမ်းတော့ ခေါင်းဆောင်လုပ်တဲ့ ဆရာက နှုတ်ဆက် စကားပြောပါတယ်။ ရွှေပြည်တော်က တောသူရွာသားတွေဟာ ရိုးသား ခင်မင်တတ်သူတွေ ဆိုတော့ တလတာလောက် အတူနေခဲ့ကြတဲ့ ဧည့်သည်တွေကို ခွဲခါနီးမှာ ၀မ်းနည်းနေကြတာပေါ့။ ဒီခံစားမှုကို ပြေလျော့သွားအောင် ပျော်ပျော်ရွှင်ရွှင် နေတတ်ပြီး အာဝဇ္ဇန်းကောင်းတဲ့ ဆရာက ဟာသလေးတခု ထည့်ပြောလိုက်ပါတယ်။ “ကျနော်တို့ ဒီရွာရောက်စ ရက်တွေမှာ မနက်ဆိုရင် ကြက်တွန်သံ စည်နေအောင် ကြားရတယ်။ အခု ပြန်ခါနီး ရက်တွေမှာတော့ ကြက်တွန်သံ မကြားရတော့တာ သတိပြုမိပါတယ်။ ကျနော်တို့ ပြန်တာကို လူတွေက ၀မ်းနည်းပေမယ့် ကြက်တွေကတော့ ၀မ်းသာနေမယ် ထင်တယ်။” တဲ့။ တကယ်တော့ အဲဒီ ဟာသဟာ လက်တွေ့ ဖြစ်နေတာပါ။ လုပ်အားပေး ကျောင်းသားတွေ ပြန်ရင် ရွာမှာ တနှစ်စာ စုထားသမျှလည်း ပြောင်တာပါပဲ။ မဆလရဲ့ အသုံးလုံးဒဏ်ကို ခါးစည်းခံရတာကတော့ ကျေးရွာလူထုတွေပါပဲ။
တပြည်လုံး စာတတ်ပြီလို့ ဂုဏ်ယူနေတဲ့ ဗိုလ်နေ၀င်းဟာ ကမ္ဘာ့ဘဏ်ကနေ ငွေချေးလို့ မရတော့ အသုံးလုံး အလုပ်ကို ချက်ချင်း ရပ်ပစ်လိုက်ပါရောလား။ ဖြစ်ပုံက တတိယနိုင်ငံ အဖြစ်နဲ့ ငွေချေးတော့ ဟိုက - မင်းတို့က ၉၈ ရာနှုန်းတောင် စာတတ်တာ, ဒီရာနှုန်းဟာ ဒုတိယနိုင်ငံတွေ ထက်တောင် သာသေးတယ်, မူအရ ငွေချေးလို့ မရဘူး - လို့ ငြင်းလိုက်သတဲ့။ ဒီတော့မှ စာအတတ်လွန်သွားတဲ့ ဗိုလ်နေ၀င်း လေကျယ်တာ တထစ်လျော့သွားလေရဲ့။
ဟော အခု နပန်းဆံ သီချင်းထဲကလို “နောက်တခါ လာပြန်ပြီဟေ့...” လို့ ဆိုရတော့မယ်။ စာကြည့်တိုက်တဲ့။ ကျေးရွာ စာကြည့်တိုက် ဆိုပဲ။ ရွှေပြည်တော်မှာ အမျိုးသား စာကြည့်တိုက်ကို ဘယ်နား ဖွင့်ရမယ် နေရာမရလို့ တ၀ဲလည်လည် ဖြစ်နေချိန်မှာ ကျေးရွာစာကြည့်တိုက်တွေ ပလူပျံအောင် ဖွင့်တယ် ဆိုပါလား။ ကျေးရွာပေါင်း ၆၄,၉၈၉ အနက် စာကြည့်တိုက်ပေါင်း ၅၅,၇၅၅ ဖွင့်ပြီးပြီ ဆိုပဲ။ ဒီအထဲက ၂၉,၁၈၅ က အဆောက်အအုံနဲ့ စာကြည့်တိုက်မှူးနဲ့ အခိုင်အမာ ဖြစ်ပြီ ဆိုပဲ။ စာတတ်မြောက်မှုကလည်း ၉၄ ရာနှုန်းတဲ့။ အံ့ဖွယ်သရဲပါပဲ။
ရွှေပြည်တော်မှာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ဆိုတာကို တည်ထောင်ပြီး နောက်မှာ ပြန်/ဆက် စာကြည့်တိုက် ဆိုတာတွေ ဖွင့်လာတာ တွေ့ရပါတယ်။ သတင်းစာ ဆောင်းပါးကို ၀ိုင်းဖွဲ့ဖတ်တဲ့ အကြောင်း ဓာတ်ပုံသတင်း ထည့်ရတာကလည်း ဖက်ရှင်တခု ဖြစ်လာပါတယ်။ အခု ကျေးရွာတိုင်းမှာ စာကြည့်တိုက် ဖွင့်နိုင်အောင် ဒီဖောင်ဒေးရှင်းက ဆက်လုပ်သွားမယ် ဆိုပါတော့။ ဖောင်ဒေးရှင်းကို လှူလိုက်ကြတဲ့ ငွေက ၇၂၀,၉၄၃,၅၀၀ ကျပ်။ သိန်း ၇,၂၀၀ ပေါ့။ ဒကာက ၃၅၄ ဦး။ သတင်းစာမှာ ဖော်ပြချက်အရ လှူတဲ့သူတွေက အဖွဲ့အစည်း, ကုမ္ပဏီနဲ့ စီးပွားလုပ်ငန်းရှင်တွေလို့ ဆိုပါတယ်။ သာမန် ပြည်သူတွေ မပါပါဘူး။ ရွှေပြည်တော်က သူဌေးသူကြွယ်တွေက “ရေအငတ်ဘေး” ထက် “စာဖတ်ဖို့အရေး” က ပိုအရေးကြီးတယ်လို့ ယူဆပုံ ရပါတယ်။
အသုံးလုံး လုပ်တာ, စာဖတ်တာ, စာကြည့်တိုက် ဖွင့်တာကို မကောင်းဘူး ပြောနေတာလားလို့ ကိုကြီးပေါ်ကို အပြစ်တင် မစောလိုက်ပါနဲ့ဦးနော်။ မှန်ပြောင်းထဲ ချောင်းကြည့်လို့ မြင်သမျှကို တင်ပြနေတာပါ။ လူတွေ စာတတ်တာ ကိုကြီးပေါ် ကြိုဆိုတာပေါ့။ သို့ပေမယ့် လူကြီးတွေ စာတတ်ဖို့ထက် ကလေးတွေ စာတတ်ဖို့က ပိုအရေး မကြီးဘူးလားလို့ တွေးမိလို့ပါ။ စာကြည့်တိုက်တွေ ဖွင့်တာ ကောင်းတာပေါ့။ သို့ပေမယ့် လူတွေ စာလာဖတ်ဖို့က ပိုအရေး မကြီးဘူးလားလို့ တွေးမိတာပါ။ မိုးလင်း မိုးချုပ် စားဖို့အတွက် အလုပ်နဲ့လက် မပြတ်ကြရသူတွေက ဘယ်အချိန်မှာ စာလာဖတ်ကြမှာပါလဲ။ မိသားစု အရေးအတွက် ဘ၀ကို ဖဲ့ပေးနေရတဲ့ ကလေးအလုပ်သမားလေးတွေက စာကြည့်တိုက်ကို လာနိုင်မှာတဲ့လား။ စာသင်ကျောင်း မရှိ, ကျောင်းဆရာ မရှိတဲ့ ရွာမှာ စာကြည့်တိုက်ကြီး ဟီးနေတော့... ဟုတ်ကဲ့ ဟီးတာပေါ့ ခင်ဗျာ။
ကမ္ဘာမှာတော့ နိုင်ငံအဆင့် တက္ကသိုလ်အဆင့် စာကြည့်တိုက်တွေ ပြီးရင် ဒေသဆိုင်ရာ မြို့စာကြည့်တိုက်တွေ တည်ထောင်ထားကြပါတယ်။ ပြီးမှ ကျေးရွာ စာကြည့်တိုက်ဆိုတာ ဆက်လုပ်ကြပါတယ်။ အပေါ်ကနေအောက် အဆင့်ဆင့် သဘောပေါ့။ ရန်ကုန် မန္တလေးလို မြို့ကြီးတွေမှာတောင် အများပြည်သူ သုံးနိုင်တဲ့ မြို့စာကြည့်တိုက် တခုမှ မရှိသေးဘဲနဲ့, အထက်တန်းကျောင်းတွေမှာတောင် စာကြည့်တိုက် စုံအောင် မရှိသေးဘဲနဲ့, ကျေးရွာကုန်စုံဆိုင်မှာတောင် စာအုပ်တင်ရောင်းတဲ့ ဓလေ့ မရှိသေးဘဲနဲ့ ကျေးရွာလုံးစေ့ စာကြည့်တိုက်တွေ ဖွင့်တယ် ဆိုတော့... ဟုတ်ကဲ့ ဗိုလ်နေ၀င်းရဲ့ အသုံးလုံး အလံရှူးကလေး တလူလူ ပျံလွင့်လာတာလို့ပဲ ကိုကြီးပေါ်က မြင်မိပါတော့တယ်။
စာပေစိစစ်ရေး ဆိုတဲ့ “စာပေကင်ပေတိုင်” ထားပြီး စာပေလွတ်လပ်မှုကို အဓမ္မချုပ်ကိုင်ထားသူတွေက ပြည်သူအများ စာဖတ်နိုင်ဖို့ စာကြည့်တိုက်ဖွင့်တယ်တဲ့။ လူသတ်သမားက ဘုရားတည်, သူခိုးက ကျောင်းလှူတဲ့ ခေတ်မှာ နှုတ်ပိတ်လက်ချိုး ကင်ပေတိုင်က စာကြည့်တိုက်ဖွင့်တာ ဆန်းမယ်တော့ မထင်။
န၀တခေတ်က တန်ခိုးထွားခဲ့တဲ့ ကုန်သွယ်ရေးဝန်ကြီး လုပ်တဲ့ ဗိုလ်ထွန်းကြည်ဟာ “ကရုဏာဖောင်ဒေးရှင်း” ဆိုတာလုပ်ပြီး တပြည်လုံးကို ကရုဏာ သက်ပြခဲ့ဖူးပါတယ်။ သူက “ရာသက်ပန် နာယက” လုပ်တယ်လေ။ အလှူငွေတွေ သောက်သောက်လဲ ရသပေါ့။ အရှင်မွေးတော့ နေ့ချင်းကြီးပေါ့။ လက်ညှိုးထိုးမလွဲ ကရုဏာဖောင်ဒေးရှင်း ဖြစ်ခဲ့သပေါ့။ မကြာပါဘူး။ ကိုယ်တော်ချောလည်း ရာထူးပြုတ်ကရော ဖောင်ဒေးရှင်းကြီးလည်း ဘုံးဘုံးလဲရော။ ခုတော့ စုန်းစုန်းမြုပ်သွားပါပြီ။ သူမသေခင် ဖောင်ဒေးရှင်းက မရှိတော့ဘူး ဆိုတော့ ဘယ်ဆီမှာများ ရာသက်ပန်နေတယ် မသိ။
အခု ပြန်ကြားရေးဝန်ကြီး မထော်မနမ်း ဗိုလ်ကျော်ဆန်းက ဖောင်ဒေးရှင်း ထောင်ပြီး နာယက လုပ်ပြန်ပြီ။ ဟိတ်လုံး ဟန်လုံး ကြွားလုံးတွေနဲ့ ကြားဖူးနာဝ မဆံ့မပြဲ စကားလုံးတွေ လျှောက်ပြော ပြန်ပါပြီ။ လုပ်တဲ့ အကြောင်းအရာသာ ကွာသွားပေမယ့် တွေးခေါ်စဉ်းစားပုံက ရှေ့က သွားလေသူတို့ အတိုင်း ဖ၀ါးခြေထပ်ပါပဲ။ ကဲ ဒီတော့ သွားလေသူတို့ သွားရာလမ်းအတိုင်း နိဂုံးမဆိုက်ရင် ဘယ်ကို ဆိုက်ပါ့မလဲ။
ရှေ့မှာ နပန်းဆံ သီချင်းထဲကလို “နောက်တခါ လာပြန်ပြီဟေ့” လို့ ဆိုရတော့မယ်လို့ ပြောခဲ့ပါတယ်။ အခု နောက်ပါဒလေး ဆက်ဆိုလိုက်ကြပါစို့လား။ “ဟေ ဟေ ၀ါး” လို့ပါ။
ကိုကြီးပေါ်
0 comments:
Post a Comment