Sunday, May 30, 2010

ဇွန်လဆန်းတွင် မြန်မာတစ်နိုင်လုံးသို့ မုတ်သုံဝင်ရောက်ပျံ့နှံ့မည်

အနောက်တောင်မုတ်သုံလေမှာ မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများသို့ ဝင်ရောက်နေပြီ ဖြစ်သဖြင့် တစ်နိုင်ငံလုံးသို့ ဇွန်လဆန်းတွင် ဝင်ရောက် ပျံ့နှံ့သွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မုတ်သုံမှာ မြန်မာနိုင်ငံ တောင်ပိုင်းသို့ မေ ၁၈ ရက်တွင် ဝင်ရောက်ခဲ့ပြီး မြစ်ဝကျွန်းပေါ်ဒေသများသို့ မေ ၂၁ ရက်တွင် ဝင်ရောက်ခဲ့သည်။ ဆက်လက်၍လည်း မေလ ၂၆ ရက်၊ ၂၇ ရက် ဝန်းကျင်တွင် မြန်မာနိုင်ငံအလယ်ပိုင်းသို့ ဝင်ရောက်နိုင်ပြီး ဇွန်လဆန်း ၃၊ ၄ရ က်တွင် တစ်ပြည်လုံးသို့ ဝင်ရောက်နိုင်ဖွယ် ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူဖြစ်သော ဦးချစ်ကျော်က ရှင်းပြသည်။
“မြန်မာနိုင်ငံတောင်ပိုင်း ကတော့ ဆယ်ရက်လောက် နောက်ကျတယ်။ မြစ်ဝကျွန်းပေါ်က လေးရက်နောက်ကျတယ်။ ကျန်ဒေသတွေ ကတော့ ပုံမှန် အတိုင်းပဲ။ ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။ မုတ်သုံဆုတ်ခွာချိန်ကို လာမည့် စက်တင်ဘာလ ပထမ ၁၀ ရက်တွင် မြန်မာနိုင်ငံ မြောက်ပိုင်း၊ စက်တင်ဘာလ ဒုတိယ ၁၀ ရက်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း၊ အောက်တိုဘာလ ပထမ ၁၀ ရက်တွင် မြန်မာနိုင်ငံ တောင်ပိုင်းမှ အသီးသီး ဆုတ်ခွာဖွယ်ရှိကြောင်း သိရသည်။
ယခုမုတ်သုံ ဝင်ရောက်မှုနှင့် မုတ်သုံထွက်မည့် အချိန်များကို သုံးသပ်ပါက ယခုနောက်ပိုင်းနှစ်များနှင့် များစွာ မကွာခြားလှဘဲ ရှေးယခင်နှစ်များကနှင့် နှိုင်းယှဉ်လျှင်မူ မုတ်သုံကာလ တိုတောင်းသွားကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ လက်ရှိ ကမ္ဘာ့ရာသီဥတု အခြေအနေများကြောင့် ယခုနှစ်မှာ ပုံမှန်နှစ်ဖြစ်ရန် ၅၀ ရာခိုင်နှုန်း၊ မိုးများခြင်း၊ မုန်တိုင်းဖြစ်ပွားမှုများခြင်းနှင့် ရေကြီးလေ့ရှိသော လာနီညာရာသီဥတု ဖြစ်ပွားရန် ၄၀ ရာခိုင်နှုန်း၊ ပူပြင်းခြောက်သွေ့သော အယ်လ်နီညိုနှစ် ဖြစ်ပွားရန် ၁၀ ရာခိုင်နှုန်းသာရှိကြောင်း မိုးလေဝသပညာရှင်က ရှင်းပြသည်။ ထို့ကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းများကပင် အယ်လ်နီညို ရာသီဥတုဒဏ် ခံစားနေရာမှ ယခုအခါ လာနီညာဖြစ်နိုင်ခြေ မြင့်တက်လာပြန်၍ ရာသီဥတုပြောင်းလဲမှုမှာ လျင်မြန်စွာ ဖြစ်ထွန်းနေပြီး ကြိုတင်ခန့်မှန်းရန် ပို၍ ခက်ခဲလာကြောင်း ဒေါက်တာထွန်းလွင်ကပြောကြောင်း ၂၀၁၀ ခုနှစ် မေလ ၂၇ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More