Wednesday, May 5, 2010

ချောင်းကြည့်သူရဲ့ အမှား (အမှတ် ၂၂)-ကိုကြီးပေါ်

ကိုကြီးပေါ် တို့ရဲ့ တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာ ထစ်ခနဲဆိုတာနဲ့ “ရှုတ်ချပါတယ် ခင်ဗျ, ထောက်ခံပါတယ် ရှင့်” ဆိုတာတွေက တယ်လဲ စီစီညံတာပါပဲ။ သြော်... အကျင့်ပါလာတာက ရာစုဝက်တောင် ကျော်မှကိုး။ ဒီတော့လည်း ဘာကလေး ဖြစ်လိုက်ဖြစ်လိုက် ရှုတ်ချလိုက် ထောက်ခံလိုက် ဟိုလူ့ လက်ညှိုးထိုးလိုက် ဒီလူ့အပြစ်ဖို့လိုက်နဲ့ ကျင့်သားကို ကျနေတော့တာပါ။

ဒီအကျင့်တွေ ကောင်းတာ မကောင်းတာကို ကိုကြီးပေါ် ဘာမှ မပြောလိုပါဘူး။ ထားပါတော့။ ခက်တာက အဲသလို အော်နေကြတာနဲ့ပဲ ပြဿနာကို တကယ်အဖြေရှာဖို့ ပျောက်ပျောက်သွားတာကို သတိပြုမိလို့ပါ။ အခုလည်း ကြည့်လေ။ ရွှေပြည်တော်ကြီးတခို ဟိုမှာဒီမှာ ဗုံးတွေပေါက်တော့ ချက်ချင်းဆိုသလို ထွက်ပေါ်လာတဲ့ အသံတွေက “အပြင်းအထန် ရှုတ်ချပါသည်” တဲ့ခင်ဗျ တဲ့။ အဲသလို ထအော်လိုက်ရုံနဲ့ ပြဿနာတွေ ပြေလည်သွားမယ်ဆိုရင် ကိုကြီးပေါ်လည်း လည်ချောင်းကွဲအောင် အော်လိုက်ချင်ပါရဲ့။

ဗုံး ဗုံး ဘယ်သူဖောက်

ရွှေပြည်တော်ကြီးမှာ ဗုံးပေါက်တယ် ဆိုတာ ကိုကြီးပေါ် အဖို့တော့ သိပ်မထူးတော့ပါဘူး လို့တောင် ပြောရမလိုပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဟိုးငယ်စဉ်ဘ၀ စာဖတ်တတ်ချိန်ကစလို့ ရွှေပြည်တော်က သတင်းစာတွေမှာ နေ့စဉ်ဖတ်နေရတဲ့ သတင်းတပုဒ်က “ဗုံးဖောက် မိုင်းထောင်” ဆိုတဲ့ သတင်းတွေပါ။ ပေါက်တဲ့ ဗုံးက နည်းနည်းကြီးရင် နောက်ကျောဖုံးမှာ ပါတယ်။ ပုံမှန်ဆိုရင်တော့ အတွင်းစာမျက်နှာမှာ ပါတယ်။ ဒီသတင်းတွေမှာ မပါမဖြစ် ပါတဲ့ စကားလုံးက “သောင်းကျန်းသူများ လက်ချက်” ဆိုတဲ့ စကားစုပါ။


ငယ်စဉ်တုန်းကတော့ ဒီသတင်းတွေ တွေ့ပြီး သြော်... သောင်းကျန်းသူတွေ ဆိုတာ ဒီလိုပဲ အမြဲ ဗုံးခွဲ နေသူတွေပဲလို့ ထင်ခဲ့မိတာပေါ့။ နည်းနည်းလေး လူပါးဝလာတော့မှ ဒီသတင်းတွေထဲမှာ လံကြုတ်တွေကော, သတင်းဟောင်းတွေကော, ဖြတ်ဆက်ကပ်တွေကော ပါတယ်လို့ သိခဲ့ရတာပါ။ အဲဒီက စပြီး ဗုံးသတင်းတွေကို စိတ်မ၀င်စားခဲ့တာ ကြာပါပြီ။ သို့သော်လည်း ထူးခြားတဲ့ ဗုံးသတင်းတွေ ပေါ်လာပြန်ရင်တော့ နားထင်ကြောတွေ ကားခနဲ ယားခနဲ ဖြစ်ရပြန်ပါရော။ နို့ မဖြစ်ခံ နိုင်ရိုးလား။ ပေါက်တဲ့ ဗုံးတွေက မြို့လယ်ခေါင် လူလယ်ခေါင်မှာ။ ကိုယ့်နောက်ကျော လာပေါက်နေသလိုလို။ သေကြကြေကြ ရတာလည်း မနည်း။ ပြီးတော့ “လုံခြုံရေး”ဆိုတဲ့ ဟာကြီးလည်း ရှိတဲ့ နေရာတွေ။

ကိုကြီးပေါ်က ရွှေပြည်တော်ကို အဝေးကနေ ချောင်းကြည့်ရသူမို့ ဗုံးတွေ ဘယ်ပုံဘယ်နည်း ပေါက်တယ်၊ ဘယ်သူ့လက်ချက် ဖြစ်တယ် ဆိုတာတွေကို မမြင်ရပါဘူး။ ဒီတော့ ဘယ်သူဘယ်ဝါလို့ စွပ်စွဲ မပြောချင်ပါဘူး။ ချောင်းကြည့်လို့ မြင်သလောက်ကိုပဲ ပြောရမယ် ဆိုရင် လူစည်စည်အရပ်မှာ ဗုံးပေါက်တဲ့ ဓလေ့က ရပ်ရွာအေးချမ်းသာယာရေးကို ဦးထိပ်ပန်ဆင်ထားတဲ့ နအဖခေတ်ရဲ့ ဖက်ရှင်များ ဖြစ်နေမလားလို့ ထင်မိတာပါပဲ။ ဘယ့်နှယ် ဗုံးပေါက်တာကို ဖက်ရှင်လို့ မင်းမို့ ပြောရက်တယ်လို့ ဒေါမခီးလိုက်ပါနဲ့ဦး။ ပြောချင်တဲ့ အဓိပ္ပာယ်က မကြာခဏ ဖြစ်တယ်၊ ဖြစ်လေ့ဖြစ်ထရှိတယ် ဆိုတဲ့ သဘောပါ။ ကိုကြီးပေါ် အပြောအဆို မတတ်ရင်လည်း ခွင့်လွှတ်ပေးပါဗျာ။

ရန်ကုန်မြို့တော်ရဲ့ လူစုလူဝေးထဲ ပေါက်တဲ့ ဗုံးတွေအနက် မဟာပါသာဏလှိုဏ်ဂူမှာ ပေါက်တာ အစောဆုံးလို့ ထင်မိတာပဲ။ ၁၉၉၅ ထဲမှာ ထင်ပါရဲ့။ တရုတ်ပြည်က စွယ်တော်ကို ဒုတိယအကြိမ် ပင့်ပြီး နအဖတို့ အကြီးအကျယ် “လုပ်စား”နေတဲ့ အချိန်ပေါ့။ လုံခြုံရေး ဆိုတာတွေ အထပ်ထပ်ကြားထဲက ပေါက်တာဆိုတော့ အတော်လေး တုန်လှုပ်အံ့သြ ဖြစ်ကြရတာ မှတ်မိပါရဲ့။ သို့လော သို့လောတွေလည်း မရေမတွက်နိုင်အောင်ပဲပေါ့။ အဲဒီ ဗုံးကြောင့် ဘယ်သူတွေ အမြတ်ထွက်ပြီး ဘယ်သူတွေ ထိခိုက်တယ် ဆိုတာ ကိုကြီးပေါ် မသိရိုး အမှန်ပါ။ ကိုကြီးပေါ် မှတ်သားမိတာ တခုပဲ ရှိပါတယ်။ အဲဒါက ရွှေပြည်တော် အနှံ့ မြို့တွေကို လှည့်လည်မယ်ဆိုတဲ့ စွယ်တော်ဟာ အစီအစဉ်တွေဖျက် ကသုတ်ကရက်နဲ့ တရုတ်ပြည် အမြန်ပြန်ကြွသွားရတာပါပဲ။ နအဖလည်း ဟဒ်ကော့ကြီးဖြစ်ပြီး တခွင်ပျက်သွားတော့တာပဲ။

နောက်တခုက ၉၆ ခုနှစ်တုန်းက မြို့တော်ဝန် မာရသွန် ပြေးပွဲမှာလို့ မှတ်ထားမိတယ်။ မဆလ လက်ထက်တုန်းက ဒီဇင်ဘာ လူထုအားကစားလ ဆိုပြီး “တင်း တောင် တင်း တောင် စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့...” ဆိုတာ အတော်ခေတ်စားတာပေါ့။ နအဖ လက်ထက်ရောက်တော့ ဒီအလုပ်ကို မြို့တော်ဝန်က လွှဲယူလိုက်တယ် ထင်ပ။ ရွှေပြည်တော်သားတွေ ဆိုတာကလည်း စွပ်ကျယ် နှစ်ထည်လောက် ရတာကို ရွှေစင်နှစ်ကျပ်သားလောက် ရတယ် အမှတ်နဲ့ ဂုဏ်ယူတတ်ကြလေတော့ မာရသွန်ပွဲမှာ သဲသဲလှုပ်လှုပ် ၀င်ပါကြတာပါပဲ။ ဒါမျိုးဆို နအဖက ဖိုးကျိုင်းတုတ် ဖြစ်တာပေါ့။ မီဒီယာကနေ အကြီးအကျယ် ၀ါဒဖြန့်တော့တာပါပဲ။ မကြာပါဘူး။ လူစုရပ်မှာ ဗုံးပေါက်တော့တာပါပဲ။ ဒီလိုနဲ့ မာရသွန်ပွဲတော်ကြီးလည်း ရန်ကုန်မြစ်က တဆင့် ပင်လယ်ထဲ မျောသွားပါလေရော။

ဟော နောက်တပွဲ လာပြန်ပါပြီ။ လှေသဘင်ပွဲတဲ့။ နအဖ ဗိုလ်ချုပ်မင်းများက ရှေးမင်းတွေကို သိပ်အားကျတာ မဟုတ်လား။ ဆင်ပွဲ မြင်းပွဲ နွားပွဲ လှေပွဲ ဆိုတာတွေ အစုံ လိုက်လုပ်တာကိုး။ တခုပဲ ကျန်တယ်။ ကြက်ပွဲ။ တကယ်ဆိုရင် ကြက်ပွဲလည်း လုပ်သင့်တာပါပဲ။ တစ်လုံး နှစ်လုံး သုံးလုံးမှာ ထိပ်တန်းရောက်တဲ့ ရွှေပြည်တော်သားတွေ အတွက် လောင်းစရာ ရတာပေါ့။ ပြည်ပက လောင်းကစားတွေ လုပ်မဲ့အစား ကိုယ့်ပြည်တွင်းက ကိုယ့်လောင်းကစားကိုလုပ်တော့ ရိုးရာကိုလည်း ထိန်းသိမ်းရာရောက် ပြည်တွင်း အလုပ်အကိုင်လည်း တိုးတာပေါ့။ အဲ ကိုကြီးပေါ်လည်း လှေသဘင် အကြောင်းပြောတာ ကြက်ပွဲထဲ ရောက်သွားပြီ။ အဟဲ ထားပါတော့။

လှေသဘင်ပွဲကို ကန်တော်ကြီးမှာ တလကိုးသတင်း အကြီးအကျယ်လုပ် ပွဲတွေ ခြိမ့်ခြိမ့်ခံတဲ့အခါ ရွှေပြည်တော်သားတွေလည်း “နတ်ကရာ ကြည့်မော” တသောသောနဲ့ ၀င်နွှဲကြပြန်တာပါပဲ။ ဒီပွဲမှာလည်း နောက်တော်ပါ ရွှေဗုံးက အုန်းခနဲ မြည်အောင် ပေါက်ပြန်တော့ နအဖ လှေတွေကွဲပြီး ကန်တော်ကြီးထဲ နစ်ကုန်တယ် ထင်ပ။ လှေသဘင်ပွဲကြီးလည်း စုန်းစုန်းမြုပ်သွားပါတော့တယ်။

၂၀၀၅ ခုနှစ် မှာတော့ ထိုင်းကုန်စည်ပြပွဲနဲ့ ကုန်တိုက်တွေမှာ ဗုံးသုံးလုံး တပြိုက်နက် ပေါက်တယ်။ ဒိနောက်ပိုင်းမှာတော့ ဈေးရောင်းပွဲတွေ ကုန်စည်ပြပွဲတွေ မကြားရသလောက် ပါးလျားသွားတာ သတိပြုမိပါတယ်။

ဒီတခါတော့ သင်္ကြန်ပွဲ။ ရွှေပြည်တော်မှာက ပြည်သူလူထုတွေ လမ်းမပေါ်မှာ လွတ်လွတ်လပ်လပ် ပျော်ရွှင်လို့ ရတဲ့ပွဲဆိုလို့ သင်္ကြန်ပွဲ တခုပဲ ရှိတာ မဟုတ်လား။ တနှစ်လုံး အောင့်ထားသမျှ သင်္ကြန်ကျမှ ပွင့်ကန်ထွက်ကြတာလေ။ ရွှေပြည်တော်မှာ နိုက်ကလပ် မရှိလည်း ဘာအရေးလဲ။ သင်္ကြန်မှာ “ဒန့်”လို့ရတယ်ဟုတ်။ သောက်လို့ရတယ် ဟုတ်။ မူးလို့ရတယ် ဟုတ်။ လုပ်ချင်တာလုပ် ဟုတ်။ ပြီးတော့ သင်္ကြန်ဆိုတာ ပိုက်ဆံရှာလို့ သိပ်ကောင်း။ ရိုးရိုး ဈေးရောင်းတာကို ပြောတာ မဟုတ်ဘူးနော်။ မဏ္ဍပ်ပါမစ်, ရေ မီး ပါမစ် ဆိုတာတွေက နအဖမျိုးဆက်သစ်ကလေးတွေရဲ့ အာဏာပါဝါ ပြိုင်တဲ့ပွဲ။

ဖြစ်ချင်တော့ ဒီလို တနှစ်မှတခါ မီးကုန်ယမ်းကုန် ကဲမယ် ဖြဲမယ်လို့ မောင်းတင်ထားချိန်မှာ ရွှေမိန့်တော်ကြီးက ကျလာသဗျ။ အဆိုတော်တွေ အားလုံး ကြပ်ပြေးကို လာရမယ်။ ရန်ကုန်မှာ မဏ္ဍပ်ကြီးတွေ မရှိစေရတဲ့။ ရန်ကုန်သင်္ကြန် ပြန်ပေးဆွဲခံရတာ ဆိုပါစို့။ ဘိုးတော်ဘုရားက အချိန်အခါမဟုတ် သင်္ကြန်ကျခိုင်းတော့ ဦးပေါ်ဦးက ဒီအမိန့်ကို လူတွေကတော့ လိုက်နာမယ်၊ ခွေးနဲ့သစ်ပင်ကတော့ လိုက်နာမှာ မဟုတ်ဘူးလို့ ပြန်လျှောက်ကြောင်း ဖတ်ခဲ့ဖူးတာလေး ပြေးသတိရမိပါရဲ့။

သင်္ကြန် လုံခြုံရေးနဲ့ ယဉ်ကျေးမှု ထိန်းသိမ်းဖို့ ဆိုပြီး အမိန့်ထုတ်ထားပါသေးတယ်။ ဒီလို အမိန့်ထုတ်လိုက်ရင် အားလုံး ပြည့်စုံသွားရောဗျ။ မလုံ့တလုံ မ၀တ်ရ ဆိုတော့ ချွတ်ချင်ချွတ်ထား ဆိုတဲ့ သဘောပေါ့။ ရေဘောလုံးနဲ့ မပေါက်ရ ဆိုတော့ ဗုံးနဲ့ ပေါက်ချင်ပေါက် ဆိုတဲ့ သဘောပေါ့။ ဟုတ် တကယ်လည်း ဗုံးနဲ့ ပေါက်ပါတယ်။ အေးလေ ရန်ကုန်မှာ စည်စည်ကားကား မလုပ်ပါနဲ့ဆိုတာ နားမှ မထောင်တာကိုး။

အဲသည်မှာတင် ကိုကြီးပေါ် မှားတော့တာပါပဲ။ ဗုံးသတင်းတွေဟာ အင်တာနက် ကောင်းမှုနဲ့ မိနစ်ပိုင်းအတွင်း ပေါ်ထွက်လာပါတယ်။ တင်သမျှ သတင်းအားလုံး လိုလိုမှာ “အပြင်းအထန် ရှုတ်ချသည်” ဆိုတာကို နအဖသတင်းစာ အောက်ခြေက စာသားလို ညီတူညာတူ ထည့်ထားကြတာပါပဲ။ ကိုကြီးပေါ်က စဉ်းစားတယ်။ ဘယ်သူဘယ်ဝါမှန်း မသိတဲ့ လက်သည်ကို ရှုတ်ချသည်လို့ ပြောလိုက်တော့ ဟိုသကောင့်သားက နောက်တွန့်သွားရောလား လို့ပါ။ ဒီဗုံးပေါက်ရင် ဒီစကားလာမယ်ဆိုတာ မသိတာမှ မဟုတ်ဘဲ။ လူတိုင်းသိတယ်။ အမေရိကားမှာနေတဲ့ အိုဘားမားတို့ ဘန်ကီမွန်းတို့က ရှုတ်ချသည်လို့ ပြောတာလည်း တကယ်တော့ သံတမန်စကား ၀တ္တရားအရ ပြောတာပါ။ ဗုံးပေါက်တာကို ခေတ်မီနည်းတွေနဲ့ ကူညီစစ်ဆေး ရှာဖွေပေးမယ်, လူနာကို ဆေးကုပေးမယ် ဆိုတာလောက်တောင် ပါတာ မဟုတ်ပါဘူး။

တို့ ရွှေပြည်တော်သားတွေရဲ့ ဆက်ဆံရေးက အတော်ကြီးကို သံတမန်ဆန်နေကြပြီလား မပြောတတ်ပါဘူး။ ရှုတ်ချသည် ဆိုတာကို သူများထက်ဦးအောင် လုပြောနေကြသလိုပါပဲ။ သြော် ဒါကလည်း နေ့စဉ်နေ့တိုင်း မီဒီယာတွေကနေ သံတမန်စကားတွေပဲ အမြဲကြားနေရတော့ အမူအကျင့်တွေ ရိုက်ခတ်သွားတယ် ထင်ပ။

ကိုကြီးပေါ် အမြင်ပြောရရင် တကယ် လက်တွေ့ကျကျ ပြောရမှာက ဗုံးတရားခံကို အမြန်ဆုံး ဖော်ထုတ် အရေးယူပေးဖို့ တာဝန်ရှိသူတွေကို တောင်းဆို ဖိအားပေးရမှာ မဟုတ်ဘူးလား။ သေဆုံး ဒဏ်ရာရသူတွေ မိသားစုတွေ စုပေါင်းပြီး ဒီကိစ္စကို ဖော်ထုတ်ဖို့ တောင်းဆိုရမယ်။ ပြစ်မှုကြောင်းအရ တိုင်တန်းတာ အပြင် နိုင်ငံကို အုပ်ချုပ်နေတဲ့ အမြင့်ဆုံး ဗိုလ်ချုပ်မင်းကြီးဆီကို စာရေးတောင်းဆိုရမယ်။ လုံခြုံရေး တာဝန်ရှိသူတွေကို အရေးယူရမယ်။ ဒီလို မဟုတ်ပေဘူးလား။ အခုတော့ တို့ ရွှေပြည်တော်သားတွေက မယောင်ရာ ဆနွင်းလူး ရှုတ်ချသည် စကားလုံးနဲ့ နှမ်းလိုက်ဖြူးနေကြလေရဲ့။

တကယ်တော့ ရွှေပြည်တော်မှာ လူတွေကြား ပေါက်တဲ့ ဗုံးမှန်သမျှ လက်သည်အမှန်ကို တခုမှ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ ပြည်ထဲရေးဝန်ကြီးတို့ ရဲချုပ်တို့ စတဲ့ ဘယ်သူကမှလည်း မိမိတို့ လုံခြုံရေး အစီအမံ ညံ့ပါတယ်လို့ ၀န်မခံပါဘူး။ ရာထူးကလည်း နုတ်ထွက် မပေးပါဘူး။ ယုတ်စွအဆုံး ဘယ်တာဝန်ရှိသူကမှ ၀မ်းနည်းစကားလေးတောင် အားနားပါးနာ ပြောတာ မဟုတ်ပါဘူး။ ရန်ကုန်မှာ သင်္ကြန်တွင်း ဗုံးပေါက် လူသေလို့ ဆိုပြီး မန္တလေးနဲ့ ကြပ်ပြေးမှာ ၀မ်းနည်းခြင်း အထိမ်းအမှတ်လုပ်တဲ့ သင်္ကြန်မဏ္ဍပ် တခုလောက်ရှိရင် ကိုကြီးပေါ်ကို လက်တို့ပြောကြ စေချင်ပါတယ်။ အဟဲ ရှုတ်ချသည် ဆိုသူတွေလည်း အတက်နေ့ကျတော့ ပုံမှန်အတိုင်းပါပဲ။

နအဖပွဲတော်နဲ့ ဗုံး ဆိုတာ ငပိနဲ့ ငြုတ်သီးလိုပါပဲ။ နံတဲ့ ငပိဟာ စပ်တဲ့ ငြုတ်နဲ့ တွဲမှ စားလို့ရပါတယ်။ မယုံရင် ငပိကို သကြားနဲ့တို့စားကြည့်ပါလား။ နအဖရဲ့ ပွဲတော်တွေ အရှိန်တက်လာပြီ ဆိုရင် မကြာခင်မှာ ဗုံးပေါက်တော့မယ်လို့ တွက်ဆလို့ ရတာ ကြာပါပြီ။ ဘာကြောင့် ဒီလို ပြောနိုင်သလဲ ဆိုတော့ နအဖရဲ့ လုံခြုံရေး အစီအမံထဲမှာ ပြည်သူလူထု အတွက် လုံးဝမပါလို့ပါ။ အဲသလို ပြည်သူလူထုအတွက် လုံခြုံရေးကို မလုံမခြုံ ဖြစ်အောင် မကာမကွယ် ထားတာကိုက ဗုံးတွေကို လက်ယပ်ခေါ်နေတာပါပဲ။

ငယ်တုန်းက ဆိုခဲ့ဆော့ခဲ့ကြတာလေး မှတ်မိပါရဲ့။ “အီး အီး ဘယ်သူပေါက် - နင်ပေါက်” ဆိုတာလေ။ အခုတော့ “ဗုံး ဗုံး ဘယ်သူဖောက် - နင်ဖောက်” လို့ ပြောင်းဆိုရမှာပေါ့။ အီးတရားခံ အတွက် အီးနံ့က သက်သေခံနေသလို ဗုံးတရားခံ အတွက်လည်း ဗုံးနံ့က သက်သေခံနေမှာပါ။ ဒါပေမယ့် ဖောက်တဲ့သူက ဘယ်တော့မှ မှန်မှန် ပြောမှာ မဟုတ်ပါဘူး။ ဗုံးပေါက်ပြီးတိုင်း ဗိုလ်ချုပ်မင်းတွေက ဟိုလူ ဒီလူ လက်ညှိုးထိုးပြီး လက်ရဖမ်းလို့ မဖြစ်နိုင်သူတွေကို စွပ်စွဲ၊ ရွှေပြည်တော်သားတွေက ရှုတ်ချပါသည် ဆိုပြီး မျက်စိပိတ် အော်ကြ၊ ခဏနေတော့ မေ့မေ့လျော့လျော့နဲ့ ဗုံးဇာတ်လမ်းက လျှောမွေးဖြစ်၊ ဒီလိုဒီနည်း သံသရာလည်နေချိန်မှာ ဗုံးဆရာကြီးကတော့ မိန့်မိန့်ကြီး ပြုံးနေမယ် ထင်ပါရဲ့။ ။

ကိုကြီးပေါ်

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More