Sunday, May 23, 2010

ရွေးကောက်ပွဲအနိုင်ရ နှစ်(၂၀)ပြည့်နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေးအတွက် ချီတက်ဆန္ဒပြပွဲပြုလုပ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ရွေးကောက်ပွဲအနိုင်ရခြင်း အနှစ် ၂၀ ပြည့်အထိမ်းအမှတ်နှင့် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဦးခွန်ထွန်းဦး နှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများ၊ရဟန်းသံဃာများ၊ကျောင်းသားခေါင်းဆောင်များ အ မြန်ဆုံးလွတ်မြောက်စေရေးအတွက် ဂျပန်ရောက်ဒီမိုအင်အားစုများစုပေါင်းကာ ချီတက်ဆန္ဒပြပွဲ တခု ကျင်းပပြုလုပ်ခဲ့ကြပါသည်။
ယနေ့ မေလ(၂၃)ရက်နေ့တွင် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်)AUN(Japan)၏ ဦးဆောင်မှုဖြင့် ဂျပန်ရောက်မြန်မာဒီမိုအရေးလှုပ်ရှားနေသောအဖွဲ့အစည်းများသာမက့ မြန်မာ့အရေးကို ကူညီပေးနေကြသည့် ဂျပန်လူမျိုးများပါ ပူးပေါင်း၍ ချီတက်ဆန္ဒပြခဲ့ကြခဲ့ဖြစ်သည်။
ချီတက်ဆန္ဒပြပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ AUN-Japan ဥက္ကဋ္ဌ စိုင်းစီဝမ်းက “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ကိစ္စကို နအဖစစ်အုပ်စုမှ သမိုင်းမေ့ဖျောက်ဖို့ကြိုးစားနေပေမယ့် ဘယ်လိုမှမဖြစ်နိုင်ဘူး။ လက်မခံနိုင်ဘူးဆိုတာကို အထင်အရှားပြသဖို့ အခုလိုချီတက်ဆန္ဒပြရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် မတရားဖမ်ဆီးခံနေရတဲ့ ကျနော်တို့တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးအပါအ၀င် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်စေရန်အတွက် တောင်းဆိုဖို့လည်းပါဝင်သလို ကျနော်တို့ပြည်သူတရပ်လုံးကို ရာသက်ပန်စစ်ကျွန်ပြုမည့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ တရားမျှတမူမရှိသော ၂၀၁၀ ရွေးကောက်ပွဲကိုလည်း လက်မခံကြောင်း ဂျပန်အစိုးရနှင့်တကွ ဂျပန်ပြည်သူများကိုပါ သိရှိအောင် ပြသဖို့ ယခုလိုပြုလုပ်ရခြင်းဖြစ်ပါတယ်…”ဟု ရှင်းလင်းပြောကြားခဲ့ပါသည်။

တိုကျိုမြို့ EBISU ပန်းခြံတွင် မွန်းလွဲ ၁ နာရီခွဲမှ စတင်စုဝေးကာ ၂နာရီခွဲ တွင် EBISU ပန်းခြံ မှ ထွက်ခွာကာ SHIBUYA ရှိလူစည်ကားသောလမ်းကြောင်းအတိုင်းချီတက်ခဲ့ပြီး ကုလသမဂ္ဂရုံးရှေ့သို့ဖြတ်ကာSENDAGAYA ရပ်ကွက်ရှိ MEIJI (SHIKI NO NIWA) ပန်းခြံတွင် အဆုံးသတ်ခဲ့ပါသည်။ ချီတက်ဆန္ဒပြရာလမ်းတလျှောက်တွင်”ဒေါ်အောင်ဆန်းစုကြည်၊ဦးခွန်ထွန်းဦးနှင့်နိုင်ငံရေးအကျဉ်းသားများလွတ်ပေးရန်” ကို ဂျပန်ဘာသာဖြင့်ကြွေးကြော်ခဲ့ကြပါသည်။
နအဖစစ်အုပ်စုသည် စစ်မှန်သောဒီမိုကရေစီလိုလားသည့် နိုင်ငံရေးအင်အားစုများအပေါ် ထောင်ဒဏ်နှစ်ရှည် ချမှတ်ခြင်းများအားပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း၊ အဆိုပါလုပ်ရပ်များသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အချက်အလက်များကိုလည်း ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း၊ ၁၃ နှစ်ကျော်နေအိမ်တွင် အကျယ်ချုပ်ခံနေရသော အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ရက်စေ့ကာနီးတွင် အမှုဆင်ပြီး ထပ်မံထိန်းသိမ်းလိုက်သည်သာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကိုနှစ်ခြမ်းခွဲရန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီနှင့်အဆက်ဖြတ်ရန်အထိပါ ဆောင်ရွက်လာသည်ကိုတွေ့ရကြောင်း၊ ဦးခွန်ထွန်းဦးသည် နအဖ၏ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မှတ်ပုံတင်ထားသော ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ဥက္ကဋ္ဌလည်းဖြစ်ကြောင်း၊ စစ်အစိုးရသည် ပြသာနာများကိုငြိမ်းချမ်းသော နည်းများဖြင့် ဖြေရှင်းလိုစိတ်မရှိသည်မှာ သိသာထင်ရှားကြောင်း၊ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ချင်သည်က လွဲ၍ နိုင်ငံရေးပြသာနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းလိုသောဆန္ဒအလျဉ်းမရှိကြောင်း၊ ဦးခွန်ထွန်းဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများသည် မိမိတို့၏ကံကြမ္မာကိုသိမြင်သည့်ကြားက ယခုလို မိမိတို့၏ဘဝကို အမိနိုင်ငံအတွက်မြှုပ်နှံစတေးပြီးပေးဆပ်ကြသည်များကိုချီးကျူးထိုက်ကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း စစ်အဏာရှင်စနစ်ဆိုးကို မြန်မာမြေပေါ်မှအမြန်ဆုံးမောင်းထုတ်နိုင်အောင် ဆက်လက်ကြိုးပမ်းကြရန်တိုက်တွန်းလိုကြောင်း၊ ဂျပန်အစိုးရနှင့်ဂျပန် ပြည်သူလူထုကလည်း ညီညွတ်သောတိုင်းရင်းသားအဖွဲ့၏တောင်းဆိုချက်များတွင် ပူးပေါင်းပါဝင်ကြရန်တိုက်တွန်းထားသော AUN-Japan အဖွဲ့၏ သဘောထားထုတ်ပြန်ကြေငြာချက်များကိုဖြန့်ဝေခဲ့ကြပါသည်။
မိုးသည်းထန်စွာရွာသွန်းပေမယ့် ချီတက်ဆန္ဒပြပွဲသို့လူအင်အား ၄၀၀ ခန့်တက်ရောက်ကြောင်းသိရှိရပြီး ညနေ ၄ နာရီတွင် ရုပ်သိမ်းခဲ့ကြပါသည်။
သတင်းရေးသားသူ-နန်းအိမွန်ချစ်(MTK)
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(MTK)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More