Friday, June 10, 2011

ဦးခွန်ထွန်းဦး အပါအဝင် ရှမ်းခေါင်းဆောင် ကိုးဦးနှင့် နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရန် တောင်းဆိုဆန္ဒပြ

လွန်ခဲ့သော ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်နှင့် ((၉)ရက်နေ့များတွင် နအဖ စစ်အာဏာရှင်တို့က ဦးခွန်ထွန်းဦး ၊ ဗိုလ်ချုပ်ဆေထင်အပါအဝင် ရှမ်းခေါင်းဆောင် (၉)ဦးတို့အား ရှမ်းပြည်ပညာရှင်များ အတိုင်ပင်ခံ ကောင်စီဖွဲ့စည်းရန် ကြိုးပမ်းခြင်းမှာ ဥပဒေနှင့်ဆန့်ကျင်သည်ဟု ပြစ်မှုဘောင်ဝင်အောင် အတင်းအကြပ်ဖန်တီးပြီး နိုင်ငံရေးအရ စွပ်စွဲကာ ဖမ်းဆီးခဲ့ပါသည်။ယနေ့ထိတိုင် မိမိတို့၏ ယုံကြည်ချက် အသီးသီးဖြင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ အကျဉ်းထောင်များ၏ သံတိုင်ကြားမှ ရဲရဲတောက် တိုက်ပွဲဝင်လျက်ရှိကြသော ဦးခွန်ထွန်းဦး ၊ ဗိုလ်ချုပ်ဆေထင်အပါအဝင် ရှမ်းခေါင်းဆောင် (၉)ဦး နှင့် နိုင်ငံရေး  အကျဉ်းသားများလွတ်မြောက်လာစေရန် တွက် တောင်းဆိုမှုကို ယနေ့ ဇွန်လ (၉)ရက်နေ့တွင် ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသူများက တိုကျိုမြို့ ရှီဘူယရပ်ကွက်တွင်ရှိသော ကုလသမဂ္ဂရုံးရှေ့တွင် (၃) နာရီ မှ (၄) နာရီ အထိပြုလုပ်ခဲ့ကြပါသည်။
စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရေးလမ်းကြောင်းကို ပံ့ပိုးဖော်ဆောင်ရန် ကြိုးပမ်းခဲ့သော ဦးခွန်ထွန်းဦးအပါဝင် ရှမ်းတိုင်းရင်းသားခေါင်းဆောင်ကိုးဦးတို့အား ပြည်ထောင်စုမှခွဲထွက်ရန် ကြိုးပမ်းသူများဟု သတ်မှတ်ကာ စစ်အာဏာရှင်တို့က မြန်မာနိုင်ငံအတွင်း  အပြင်းထန်ဆုံး ပြဌာန်းထားသည့် ပြစ်မှုကြီးများဖြင့် အရေးယူကာ ဦးခွန်ထွန်းဦး ထောင်ဒဏ် (၉၃) နှစ်၊ ဗိုလ်ချုပ်ဆေထင် အား ထောင်ဒဏ် (၁၀၆) နှစ် ၊ စိုင်းနွတ် (ခ) စိုင်းညွန့်လွင် ( ၈၅ ) နှစ် နှင့် အခြား ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များအား ထောင်ဒဏ် (၇၅)နှစ်စသည်ဖြင့် မတန်တဆ နှစ်ရှည်ထောင်ဒဏ်ကြီးများကို ချမှတ်စီရင်ကာ သွားလာမှုခက်ခဲ့သည့် မြန်မာနိုင်ငံအတွင်း ဒေသအသီးသီးရှိ အကျဉ်းထောင်များတွင် ချုပ်နှောင်ထားခြင်းကို ခံနေရသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ တရားမျှတမှုမရှိသော ဥပဒေမဲ့အပြစ်ပေးအရေးယူမှုကို ပြစ်တင်ရှုံ့ချခဲ့ကြသည်။၂၀၀၅ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် အမေရိကန်နိုင်ငံမှ ”နိုင်ငံတွင်းစစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီနိုင်ငံတည်ဆောက်နိုင်ရေးသို့ ဦးတည်သော အဓိပ္ပါယ်ပြည့်ဝသည့် နိုင်ငံရေးဆွေနွေးပွဲများတွင် အပြည့်အဝပူးပေါင်းပါဝင်နိုင်ရေး အတွက် ဦးခွန်ထွန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးအား ခြွင်းချက်မရှိ အချက်ချင်းလွတ်ပေးရန်တောင်းဆိုခဲု့သည်။
၂၀၀၈ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့တွင် အီတလီနိုင်ငံ မွန်ဇာမြို့တော်ဝန်က ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို ဦးခွန်ထွန်းဦးအား ပေးအပ်ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။
ယနေ့ကျင်းပသော အခမ်းအနားတွင် ဦးခွန်ထွန်းဦး နှင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ အကျဉ်းထောင်အသီးသီးတို့တွင် မိမိတို့ယုံကြည်ချက်ကြောင့် အကျဉ်းကျနေဆဲ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖို့ရန် တောင်းဆိုမှုနှင့်အတူ ရှေ့တန်းတွင်တိုက်ပွဲ ဝင်နေသော SSA ရဲဘော်များအတွက် ပံ့ပိုးကူညီသော အလှူငွေပေးအပ်သည့် အစီအစဉ်ပါပူးတွဲ ကျင်းပခဲ့ပါသည်။
အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကလည်း ဦးခွန်ထွန်းဦးနှင့် တကွ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာသည် အထိတောင်းဆိုမှုများကိုပြုလုပ်သွားမည်ဖြစ်ကြောင်း၊သျှမ်းခေါင်းဆောင်များ၏ လက်ရှိ ကျန်းမာရေးအခြေအနေများကိုလည်းကောင်း ပြောကြားခဲ့ပါသည်။ ဦးခွန်ထွန်းဦး ၊ ဗိုလ်ချုပ်ဆေထင်နှင့်စိုင်းညွန့်လွင် အပါအဝင် သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင် များအား ဝေးလံခေါင်သီသော နယ်စွန်နယ်ဖျားထောင်များသို့ ပို့ဆောင်ခံရပြီးနောက်ပိုင်း တနှစ်ထက် တနှစ် ကျန်းမာရေးအခြေအနေ ဆိုးရွားလာကြောင်း သိရှိရပါသည်။
ဦးခွန်ထွန်းဦးတွင် ဆီးကျိတ်ရောင်ရောဂါ၊ သွေးတိုး၊နှလုံး၊အစာအိမ်ရောဂါ ရှိသည့်အပြင် အာရုံကြောအားနညးပြီး နားအူသည့်ရောဂါဝေဒနာကို ခံစားနေရပါသည်။ ကျန်းမာရေး ချိုတဲ့နေသော်လည်း စိတ်ဓါတ်ရေးရာ ကြံ့ခိုင်မှုမှာ လေးစားဖွယ်ကောင်းလှပါသည်။ပူတာအိုဆေးရုံမှ အထွေထွေရောဂါကုဆရာဝန် တလတစ်ခါပဲ ဦးခွန်ထွန်းဦး၏ ကျန်းမာရေးအခြေအနေကို ဆေးလာစစ်ပေးကြောင်းလည်းသိရှိရပါသည်။
သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင် အား မေလ (၁၁) ရက်နေ့တွင် အာဏာပိုင်များ
က မိသားစုဝင်များအား အသိမပေးပဲ မျက်လုံးခွဲစိတ်ကုသပေးပြီး စစ်တွေမြို့သံဃာဆေးရုံတွင် (၅) ရက်ကြာ ဆေးကုသခွင့်ပေးခဲ့သောကြောင့် ယခုအခါတွင် မျက်စီအမြင်ကြည်လင်မှုရှိလာပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိနေပါသည်။
ကျောက်ဖြူထောင်ရောက် သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင် ဦးထွန်းညိုမှလွဲလျှင် ကျန်ရှိနေသော အကျဉ်းကျသျှမ်းခေါင်းဆောင်များသည် ကျန်းမာရေးရာ ၊ စိတ်ဓါတ်ရေးရာအခြေအနေများ ချို့ယွင်းလျက်ရှိကြောင်းလည်းသိရှိရပါသည်။စိတ်ဓါတ်အကျဆုံးမှာ မြင်းခြံမြို့ အကျဉ်းထောင်တွင် ထောင်ဒဏ် (၇၉) နှစ်ကျခံနေရသော စိုင်းမျိုးဝင်းထွန်းဖြစ်ပါသည်။
အကျဉ်းကျသျှမ်းခေါင်းဆောင်များအနက် သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင် (တောင်ကြီး) ဆရာဦးမြင့်သန်းထောင်ဒဏ် (၇၉)နှစ်သည် ၂၀၀၆ ခုနှစ်၊မေလတွင် ရခိုင်ပြည်နယ် သံတွဲထောင်တွင် အကျဉ်းကျနေစဉ် ကွယ်လွန်ခဲ့ပါသည်။
(သျှမ်းခေါင်းဆောင်များ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်သည့် အချက်အလက်များကို ၂၀၁၁ ၊မေလ (၃၁) နေ့ တွင် ဖော်ပြထားသော သျှမ်းသံတော်ဆင့်မှ ကိုးကားပါသည်။)
ဦးခွန်ထွန်းဦး ၊ ဗိုလ်ချုပ်ဆေထင်နှင့်စိုင်းညွန့်လွင် အပါအဝင် သျှမ်းပြည် မျိုးဆက်သစ် ခေါင်းဆောင်တို့
အား နအဖ စစ်အာဏာရှင်တို့က ပြည်ထောင်စု မြန်မာနိုင်ငံအား ပြိုကွဲစေရန် ကြံရွယ်ဆောင်ရွက်သည်
ဟု နိုင်ငံရေးအရ စွပ်စွဲပြီး ပြစ်ဒဏ်စီရင်ထားမှုမှာ ဥပဒေနှင့်လုံးဝဆန့်ကျင်ကာ မတရားပြစ်ဒဏ် ပေးထားခြင်းသာဖြစ်သည်။လစဉ်လတိုင်း ၏ (၉) ရက်နေ့တွင် ဦးခွန်ထွန်းဦးနှင့် သျှမ်းခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာစေရန် တောင်းဆိုမှုကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပေးပို့သူ-နန်းအိမွန်ချစ်(MTK)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More