Friday, June 10, 2011

ထိတ်လန့်တုန်လှုပ်မှုဝေဒနာခံစားနေရသော နိုင်ငံခြားသားများကိုစိတ်ပညာရှင်များကူညီ

မတ်လ ၁၁ နေ့ကဖြစ်ပွားခဲ့သောငလျင်နှင့် ဆူနာမီတို့ကိုကြုံတွေ့ရပြီးနောက် စိတ်ကျရောဂါနှင့် ခြောက်ခြားမှုဝေဒနာခံစားနေရသော နိုင်ငံခြားသားများကိုစိတ်ကျန်းမာရေးဆိုင်ရာအကူအညီပေးရေးအတွက် စိတ်ကုပညာရှင်တစ်စုတို့ အရေးပေါ်ကော်မီတီတစ်ရပ်ကိုဖွဲ့စည်းခဲ့သည်။ “ဒီလိုစိတ်ဂယောင်ခြောက်ခြားမှုဝေဒနာကိုခံစားရတာ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ မသန်မစွမ်းတွေနဲ့ နိုင်ငံခြားသားတွေ အများစုဖြစ်ပါတယ်။ နိုင်ငံခြားသားတွေကတော့ သီးခြားပစ်ပယ်ထားခြင်းခံထားရသလိုဖြစ်ပြီးတော့ သတင်းအချက်အလက်တွေကို မိခင်ဘာသာစကားနဲ့ ကြားရခြင်းမရှိတော့ ကောလဟလတွေကြားမှာ ပူပင်သောကတွေပိုရောက်ရဖို့ဖြစ်လာပါတယ်..”ဟု ဂျပန်ယဉ်ကျေးမှုမခြား စိတ်ပညာအဖွဲ့၏ဥက္ကဋ္ဌနှင့် တိုကျို တိုင်ရှိုတက္ကသိုလ် စိတ်ပညာပါမေက္ခ ဖူမီတာကာ နိုဒါ(Fumitaka Noda)ကဆိုသည်။
  
“သူတို့ကိုသတင်းအချက်အလက်အမှန်တွေ ပေးဖို့ အရေးကြီးပါတယ်။ ပြီးတော့ သူတို့ရဲ့ ပူပန်မှုတွေကို နားထောင်ပေးဖို့နဲ့ နားလည်ပေးဖို့လိုအပ်ပါတယ်”ဟုလည်း ဂျပန်တွင် အထူးသဖြင့် ဒုက္ခသည်များအပါအဝင် နိုင်ငံခြားသားများကို စိတ်ကျန်းမာရေးဆိုင်ရာ ၁၈ နှစ်ကြာ ကုသဆောင်ရွက်ပေးနေသော ပါမောက္ခနိုဒါကပြောသည်။
    
စိတ်ပညာရှင်များနှင့် စိတ်ပိုင်းဆိုင်ရာပါမေက္ခများပါဝင်သောယဉ်ကျေးမှုမခြားစိတ်ပညာအဖွဲ့သည် ၃\၁၁ တွင် စိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့သောနိုင်ငံခြားသားများကို စိတ်ကျန်းမာရေးအကူအညီပေးရန် ယဉ်ကျေးမှုမခြား စိတ်ကျန်းမာရေးအရေးပေါ်ကော်မီတီကိုမတ်လ ၁၉ ရက်နေ့ကဖွဲ့စည်းခဲ့သည်။ ဂျပန်တွင် တစ်ခုတည်းသောစိတ်ပညာဆေးဘက်ဆိုင်ရာအဖွဲ့အစည်းဖြစ်ပြီး ယဉ်ကျေးမှုခြားနားခြင်းကြောင့် ဖြစ်ပေါ်လာရသော စိတ်ပိုင်းဆိုင်ရာပြဿနာများကို အဓိကထားလေ့လာလျှက်ရှိသည်။

နိုင်ငံခြားသားများကိုအကူအညီပေးနေသော ဂျပန်ဖေါင်ဒေးရှင်းကဲ့သို့သောအဖွဲ့များနှင့် အနီးကပ်ပူးတွဲလုပ်ဆောင်လျှက်ရှိ ပြီး အကူအညီလိုအပ်နေသောလူနာများ၏ အချက်အလက်များကိုစုဆောင်းလျှက်ရှိသည်။ ကူညီဆောင်ရွက်ပေးနေသူများကိုလည်း စိတ်ကျန်းမာရေးနှင့်ပတ်သက်သည့် သိသင့်သိထိုက်သော အခြေခံအချက်အလက်များကို သင်ကြားပြသပေးရန် စီစဉ်လျှက်ရှိသည်။ သို့မှသာစိတ်ကျခြင်း၊ ခြောက်ခြားခြင်းလက္ခဏာများနှင့်ပတ်သက်၍ လူနာများတွင် တစ်စုံတစ်ရာထူးခြားမှုတွေ့လျှင် နိုဒါနှင့် လုပ်ဖေါ်ကိုင်ဖက်ပညာရှင်များကိုအကြောင်းကြားနိုင်မည်ဖြစ်သည်။

ဘေးအန္တရာယ်များကိုတုန်လှုပ်ခြောက်ခြားစွာတွေ့ကြုံခဲ့ရပြီးမည်သို့သောအခြေအနေတွင် မည်သို့မည်ပုံမိမိတို့ ရောက်ရှိနေသည်ကို လူအများတဖြည်းဖြည်းနားလည်လာပြီဖြစ်သောကြောင့် စိတ်ကျန်းမာရေးအရေးကြီးကြောင်း နိုဒါကဆိုသည်။ “ဘေးဘီကိုဝေ့ဝဲကြည့်လိုက်တာနဲ့ အပျက်အစီးတွေကိုတွေ့ရပြီး အနာဂါတ်ကိုစိုးရိမ်ပူပန်မှုတွေနဲ့  လူတွေဟာခံစားနေကြရပါတယ်။ အချို့ကတော့ စကားမပြောတော့ဘဲ နှုတ်ဆိတ်သွားတဲ့ ဝေဒနာခံစားရတယ်။ အဲဒီလူတွေဟာရှိသမျှအရာအားလုံးဆုံးရှုံးသွားရတဲ့အတွက် ကြိုးစားရှာဖွေခဲ့ခြင်းရဲ့အဓိပ္ပါယ်နဲ့ ဘဝကိုရင်းနှီးမြှပ်နှံပြီး မိသားစု(သို့)တစ်စုံတစ်ယောက်ကိုချစ်ရခြင်းရဲ့ အဓိပ္ပါယ်တွေကိုစဉ်းစားလာကြပါတယ်။” ဟူ၍ နိုဒါကရှင်းပြသည်။ အချို့လူနာများ ဤသို့အချိန်ကာလကြာမြင့်စွာခံစားနေရလျှင် ပညာရှင်နှင့်တွေ့ဆုံဆွေးနွေး အဖြေရှာသင့်ကြောင်းလည်း နိုဒါကဆိုသည်။

နိုဒါသည် ၎င်း၏လုပ်ငန်းစတင်သည့်အနေနှင့် နျူကလီးယားဓါတ်ပေါင်းဖိုမှ ကီလို ၃၀ အကွာဖူကူရှီးမားနေဆိုမာထံသို့ မတ်လအကုန်ကသွားရောက်ခဲ့သည်။ ၎င်းနှင့်အနီးအနားတွင်လည်းစိတ်ကုပညာရှင်မျိုးမရှိပေ။ “ဆေးရုံတော့ရှိပါတယ်။ ဒါပေမယ့် ဆေးရုံမှာ စိတ်ပိုင်းဆိုင်ရာကုသမှုမရှိပါဘူး။ စိတ်ဝေဒနာခံစားနေရတဲ့ လူနာများစွာရှိနေပြီးကုသပေးမယ့်လူမရှိဘူးဖြစ်နေတယ်”။ စိတ်ပိုင်းဆိုင်ရာကုသပေးမည့်အဖွဲ့တစ်ခုကို အလျင်အမြန်ဖွဲ့စည်းခဲ့သော်လည်း လိုအပ်ချက်များရှိနေဆဲဖြစ်ကြောင်း လူအများ၏ ခံစားမှုများနှင့် တွေ့ကြုံရမှုများကိုလိုက်လံမေးမြန်းနားထောင်ခဲ့သော နိုဒါ ဆိုသည်။

“လူတွေဟာအကြီးအကျယ်စိတ်ထိခိုက်ခံစားနေရပါတယ်။ သူတို့အိပ်လို့မပျော်ဘူး။ ကလေးတွေကလည်း ညတိုင်းငိုယိုနေကြပြီးတော့ ဘာလုပ်ရမှန်းမသိဘူးလို့ အချို့ကပြောတယ်။ သူတို့ကိုယ်သူတို့ ဒုက္ခ သည်တွေလိုပါပဲ။ ကိုယ့်အိမ်ကိုယ့်ယာကိုပဲ ပြန်သွားရမလားဒါမှမဟုတ် အခြားနေရာသစ်တစ်ခုကိုပဲ ပြောင်းရမလားဆိုတာသူတို့ဆုံးဖြတ်ရပါမယ်။ သူတို့ဘဝတွေဟာ တည်တည်ငြိမ်ငြိမ်မရှိပါဘူး။ ဘာမှလည်းလုပ်နိုင်စွမ်းမရှိဘူးဖြစ်နေကြပါတယ်။ ဒီအတိုင်းသာဆက်ခံစားနေရမယ်ဆိုရင် စိတ်ကျရောဂါကပိုကြီးထွားလာမယ်”

ဖူကူရှီးမားရှိ လူအများ၏ အဖြစ်အပျက်များကိုတွေ့မြင်ရပြီးနောက် အလားတူခံစားနေရသော နိုင်ငံခြားသားများအပေါ် နိုဒါ စိုးရိမ်မိသည်။ “ဒီလိုအခြေအနေမျိုးမှာ နိုင်ငံခြားသားတွေရဲ့ ခံစားချက်ကဂျပန်တွေထက်ပိုနိုင်ပါတယ်။ နိုင်ငံခြားသားတွေကို စိတ်ပိုင်းဆိုင်ရာကုသပေးရာမှာဂျပန်တွေကိုကုသပေးရတာထက် အချိန်နှစ်ဆပိုယူရပါတယ်။ သူတို့ ပြောတဲ့စကားတွေကို နှစ်နှစ်ကာကာအူလှိုက်သည်းလှိုက် နားထောင်ပေးဖို့ လိုပါတယ်”ဟု နိုဒါကပြောသည်။ ၎င်းတို့အဖွဲ့သည်လည်း လိုအပ်သည်များကိုဆောင်ရွက်ရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်းဆိုသည်။

“သူတို့အတွက် ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေပြီဖြစ်ကြောင်းလူတွေကို ကျွန်တော် အသိပေးလိုပါ တယ်။ အများကတော့ စိတ်ပိုင်းဆိုင်ရာအကူအညီယူဖို့အတွက် တောင်းခံဖို့ ဝန်လေးနေပါလိမ့်မယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းထုတ်ဖေါ်ပြောဆိုပြီး ကျွန်တော်တို့ကိုဆက်သွယ်ဖို့ တိုက်တွန်းလိုပါတယ်။” ဟူ၍ နိုဒါကလှိုက်လှိုက်လှဲလှဲပြောကြားခဲ့သည်။
ဘာသာပြန်သူ-၀မ်အိုဝမ်း(Japan Times မှ)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More