Sunday, June 5, 2011

ပကာသနမပါသော အညတရသူရဲကောင်းဂုဏ်ပြုပွဲအခမ်းအနားကျင်းပပြုလုပ်၊ ဆက်လက်လုပ်ဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်မှ အမှာစကားပြောကြား

မြန်မာပြည်ဒီမိုကရေစီစနစ်ပေါ်ထွန်းလာစေရေးအတွက် စွန့်လွှတ်အနစ်နာခံကာ ပေးဆပ်ဆောင်ရွက်နေကြသည့် နိုင်ငံရေးအကျဉ်းသားအားလုံး၏ အရေးကိစ္စများကို ပိုမိုအာရုံစိုက်လာစေရန်နှင့် အညတရသူရဲကောင်းဆုချီးမြှင့်ရေးလုပ်ငန်းစဉ်တွင် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပိုမိုပူးပေါင်းပါဝင်လာစေရန်အတွက် အညတရသူရဲကောင်းဂုဏ်ပြုပွဲအခမ်းအနားကို ဆုချီးမြှင့်ရေးကော်မတီဝင်များမှ ပကာသနမပါသော လုပ်ရပ်များဖြင့် ယနေ့(ဇွန်လ ၅ ရက်)ကျင်းပပြုလုပ်သွားခဲ့သည်။


ဂျပန်ရောက် မြန်မာအများ စုဝေးလေ့ရှိသည့် တိုကျိုမြို့၊ တာကာဒါနိုဘာဘာဘူတာအနီးရှိ Seiketsu Consumer Center (4 F)တွင် ဂုဏ်ပြုပွှဲအခမ်းအနားကို နေ့လယ် ၁း၃၀ မှ ၅း၀၀ နာရီအထိ ကျင်းပသွားခဲ့ပြီး၊ ၎င်းအခမ်းအနားတွင် ပထမအကြိမ်မြောက်အညတရသူရဲကောင်းဆုချီးမြှင့်ခံရသူတို့၏အတ္ထုပတ္တိများ ဖတ်ကြားခြင်း၊ အေအေပီပီမှပေးပို့လာသည့်သ၀ဏ်လွှာအားဖတ်ကြားခြင်း၊ အညတရသူရဲကောင်းဆုချီးမြှင့်ခြင်းခံခဲ့သူများ၏ မှတ်တမ်းဗွီဒီယိုဖွင့်လှစ်ပြသခြင်း၊ တက်ရောက်လာကြသူများမှ ဂုဏ်ပြုကဗျာများရွတ်ဆိုခြင်းနှင့် မိမိတို့၏ ရင်းတွင်းခံစားချက်အမြင်များကို ပြောကြားခြင်းများပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတက်ရောက်လာကြသူများကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်မှ “နိုင်ငံရေးအကျဉ်းသား၏အရေးကိစ္စများကို စိတ်ဝင်စားသဖြင့်တက်ရောက်လာသည်ဟု မိမိယူဆပါကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်စေရန်နှင့် ၎င်းတို့၏ စွန့်လွှတ်အနစ်နာခံပေးဆပ်မှုများကို မမေ့ဖို့အတွက် အညတရသူရဲကောင်းချီးမြှင့်သည်ဟု ထင်မြင်ပါကြောင်း၊ ဆုချီးမြှင့်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့ကြသူများကိုလည်း ကျေးဇူးတင်ရှိကြောင်းနှင့် လေးစားဂုဏ်ယူပါကြောင်း” ပြောကြားခဲ့သည့် Video Messageကိုလည်း ဖွင့်လှစ်ပြသခဲ့သည်။
ထို့အပြင် ယုံကြည်ချက်အရ အနစ်နာခံပြီး လုပ်ဆောင်ပေးနေကြသည့် နိုင်ငံရေးအကျဉ်းသားများကို ကူညီထောက်ပံ့သည့်လုပ်ရပ်များကိုလည်း ဆက်လက်လုပ်ဆောင်ပေးကြဖို့ကိုလည်း တက်ရောက်လာသူများကို တိုက်တွန်းပြောကြားခဲ့သည်။

ယနေ့အခမ်းအနားကို တာဝန်ယူဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည့် ကိုမင်းထက်ဇော်မှ နိုင်ငံရေးအကျဉ်းသားများနဲ့ အညတရသူရဲကောင်းတို့ရဲ့စိတ်ဓါတ်နဲ့စေတနာကို ပိုမိုလေးစားတန်ဖိုးထားရန်နှင့် တမျိုးသားလုံး အာဏာရှင်လက်အောက်မှ အမြန်ဆုံးလွတ်မြောက်စေရန် စွန့်လွတ်အနစ်နာခံပြီး ပေးဆပ်နေကြသူများကို ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသူ/သားများအချင်းချင်း တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လာစေဖို့အတွက် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း မိုးသောက်ကြယ်သို့ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အညတရသူရဲကောင်းဆုဂုဏ်ပြုချီးမြှင့်သည့်လုပ်ငန်းကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အားလုံးနှင့်အတူလက်တွဲကာ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်သောကြောင့် တက်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလှုံ့ဆော်ခဲ့သည်။

ဒုတိယအကြိမ်မြောက် ဆုချီးမြှင်ခြင်းအခမ်းအနားကို မကြာမှီအချိန်ကာလအတွင်း၌ ပေးအပ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရှိရပြီး ပထမတစ်ကြိမ်ထက် ၂ ဦးပိုတိုးကာ အညတရသူရဲကောင်းဆုကို ၅ ဦးအထိ ချီးမြှင့်ဂုဏ်ပြုမည်ဟုလည်း သိရှိပါသည်။

ပထမအကြိမ် အညတရသူရဲကောင်းဆုချီးမြှင့်ခြင်းကို မြန်မာနှစ်ဆန်း(၁)ရက်နေ့ဖြစ်သည့် ဧပြီလ ၁၇ ရက်က ပြည်တွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ ကိုယ်တိုင်ပေးအပ်ခဲ့ပြီး ဆုရရှိသူများမှာ ဆရာတော်ဦးဣန္ဒက၊ ဦးခင်ဝင်းနှင့် ကိုသန်းနိုင်တို့ဖြစ်သည်။း တစ်ဦးလျင် မြန်မာငွေဆယ်သိန်းတိတိ ချီးမြှင့်ဂုဏ်ပြုခဲ့သည်ဟုလည်း သိရှိပါသည်။

အညတရသူရဲကောင်းဂုဏ်ပြုပွဲအခမ်းအနားသို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့လာသည့် Video Messageဖိုင်ကို မကြာမှီအချိန်အတွင်း တင်ဆက်ပေးပါမည်။

ရေးသားသူ-မောင်ရှင်(MTK)
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(MTK)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More