Monday, February 22, 2010

ဂျပန်ရောက်ချင်းတိုင်းရင်းသားများ (၆၂)နှစ်မြောက်ချင်းအမျိုးသားနေ့ကျင်းပ


ဂျပန်ရောက် ချင်းလူမျိုးများ (၆၂)နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပ
ယနေ့ဖေဖေါ်ဝါရီလ(၂၁)ရက်နေ့တွင် ဂျပန်နိုင်ငံရောက်ချင်းတိုင်းရင်းသားများအားလုံးစုပေါင်းပြီး(၆၂) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို Ikebukuro၊ Toshima-kuရှိ Kohkaido ခန်းမတွင် ညနေ (၆း၀၀) နာရီ မှ (၉း၃၀) နာရီအထိ ကျင်းပခဲ့ကြရာ ဧည့်ပရိတ်သတ်ပေါင်း ၃၀၀ ကျော်တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို ချင်းအမျိုးသားနေ့အခမ်းအနားနှင့် ရိုးရာယဉ်ကျေးမှုဖျော်ဖြေမှုအပိုင်းဟူ၍ ၂ ပိုင်းခွဲပြီး ကျင်းပခဲ့ပြီး အခမ်းအနားမှူးများအဖြစ် CNC မှ Lia Cing Hau Lan , Mai Sui Nuam Par နှင့် Mai Khin Htwe Su တို့ မှ ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားအစီအစဉ်ပထမပိုင်းတွင် သဘာပတိအဖွဲ့ဝင်တစ်ဦးဖြစ်သူ Pu(Rev.)Ronald Lawm Bik မှ ဆုတောင်းပေးပြီးသည့်နောက် CNC မှ Chairperson Pu Thang Nang Lian Thang က (၆၂ ) နှစ်မြောက် ချင်းအမျိုးသားနေ့ မိန့်ခွန်းပြောကြားခဲ့ပြီး ဂျပန်နိုင်ငံတွင် (၁၂) နှစ်တိုင်တိုင် မိမိတို့ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ခွင့်ရသောချင်းအမျိုးသားနေ့ကို ကျင်းပခွင့်ရခဲ့ပြီး မိမိတို့လူမျိုးကို အသိအမှတ်ပြုကာ အဖက်ဖက် မှ ဝိုင်းဝန်းကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ (Chin Women Organization – Japan) အထွေထွေအတွင်းရေးမှုး Daw Ngun than မှချင်းအမျိုးသားနေ့အကြောင်း နှင့် ကျင်းပရခြင်းအနှစ်သာရရည်ရွယ်ချက်များကိုရှင်းပြခဲ့ပါသည်။
ကျင်းပရခြင်းအနှစ်သာရရည်ရွယ်ချက်မှာ-
၁။ ချင်းလူမျိုးများသည် ကမ္ဘာပေါ်တွင်ရှိသောလွတ်လပ်သည့် လူမျိုးတစ်မျိုးဖြစ်ကြောင်း၊ အစဉ်အမြဲ အသိအမှတ်ပြုရပ်တည်နိုင်ရန် ၊
၂။ချင်းလူမျိုးများသည် မူလကပင် လွတ်လပ်သောကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော လူမျိုးများဖြစ်ကြသည့်အလျောက် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း တန်းတူအခွင့်အရေးရရန်အတွက် ဖယ်ဒရယ်ပြည်ထောင်စုကြီးကို ထူထောင်ရာတွင်ပါဝင်သောလူမျိုးနှင့် ပါဝင်ပူးပေါင်းသော နယ်မြေပိုင်ဆိုင်သူများဖြစ်ကြောင်း သမိုင်းအမှန်ကိုအစဉ်အမြဲတည်ရှိစေရန်၊
၃။ နိုင်ငံတကာတွင်ရောက်ရှိနေကြသော ချင်းလူမျိုးတိုင်းသည် မိမိတို့ ကိုယ်ပိုင်စာပေယဉ်ကျေးမှုနှင့် လူမျိုးကို ထိန်းသိမ်းနိုင်ရန်၊ ရောက်ရာအရပ်တိုင်း ဒေသခံပြည်သူများနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ပြီး၊ ကမ္ဘာ့လူမှု့အဖွဲ့အစည်းတွက် အကျိုးပြုသောလူမျိုးများအဖြစ် အစဉ်အမြဲပါဝင်နိုင်ရန်တို့ ဖြစ်ပါသည်။
ဆက်လက်၍ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များကို ချင်းပြည်နယ်အကြောင်းကို ပါဝါပွိုင့်ဖြင့်ပြသခဲ့ပြီး ချင်းပြည်နယ်အတွင်း `ကြွက်`များသောင်းကျန်းမှုကြောင့် သီးနှံများ ဖျက်ဆီးခံရပြီး အငတ်ဘေးကြုံတွေ့ နေရပုံကို ရှင်းလင်းသွားပါသည်။

ဒုတိယပိုင်းအစီအစဉ်ဖြစ်သည့် ရိုးရာယဉ်ကျေးမှုဖျော်ဖြေရေးအစီအစဉ်တွင် ချင်းရိုးရာ တေးသီချင်းများ၊ မျိုးဆက်သစ်ချင်းမောင်မယ်များ၏ Fashion Show များ၊ တေးသရုပ်ဖော်များ၊ ချင်းရိုးရာ ၀ါးညှပ်အကတို့ဖြင့် တင်ဆက်ခဲ့ပြီး ဂျပန်သို့ရောက်ရှိနေသည့် အထူးဧည့်သည်တော် နာမည်ကျော်ချင်းအမျိုးသမီးအဆိုတော် “ ဆုန်သင်းပါရ် ”နှင့် ကိုအောင်ပဏ်းတို့မှ ခေတ်ပေါ်တေးသီချင်းများ၊ ချင်းအမျိုးသားသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက် သွားခဲ့ကြပါသည်။
ယနေ့ကျင်းပခဲ့သော ၆၂ နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အနားနှင့်သက်ပတ်၍ အခမ်းအနားမှူးတာဝန်ယူခဲ့သူ Lia Cing Hau Lanက ”မြန်မာပြည်မှာ လွတ်လွတ်လပ်လပ်နဲ့ သီးသန့်ဖော်ထုတ်ခွင့်မရတဲ့ ချင်းလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကို ဖော်ထုတ်ခွင့်ရတဲ့အတွက်ဝမ်းသာကြောင်းနှင့် ချင်းတိုင်းရင်းသူတဦးအနေဖြင့် ဘယ်နေရာရောက်ရောက်၊ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့ကတော့ ချင်းလူမျိုးတွေရဲ့ အမျိုးသားနေ့ဖြစ်ကြောင်းကို အထိမ်းအမှတ်ပြုလုပ်ရတဲ့အတွက် ဂုဏ်ယူမိကြောင်း”မိုးသောက်ကြယ်သို့ပြောခဲ့ပါသည်။
ဆုန်သင်းပါရ်ကလည်း ”ဂျပန်မှာကျင်းပတဲ့ ၆၂ နှစ်မြောက် ချင်းအမျိုးသားနေ့မှာ ဂုဏ်ပြုသီဆိုခွင့်ရရှိတဲ့အတွက်ဝမ်းမြောက်မိကြောင်းနှင့်၊ ချင်းအမျိုးသားနေ့နှင့်ပတ်သက်ပြီး မိမိအနေဖြင့် မြန်မာပြည်ထဲတွင်တကြိမ်၊ ယခုဂျပန်နိုင်ငံတွင်တကြိမ် စုစုပေါင်း(၂)ကြိမ်သာ ပါဝင်ခဲ့ဘူးကြောင်း၊ လာရောက်အားပေးကြသည့် ပရိတ်များကိုလေး အများကြီးကျေးဇူးတင်ကြောင်း ”မိုးသောက်ကြယ်သို့ယခုလိုရှင်းပြခဲ့သည်။ အခမ်းအနားအစီအစဉ်နိဂုံးချုပ်အနေဖြင့် ချင်းတောင်တန်းသို့  အလည်တခေါက် လာခဲ့ပါ တေးသီချင်းဖြစ် စုပေါင်းသီဆိုကြပြီး အောင်မြင်စွာနှင့် ရုပ်သိမ်းခဲ့ပါသည်။
ရေးသားသူ-နန်းအိမွန်ချစ်
မှတ်တမ်းဓါတ်ပုံ- ဦးသန်းဝင်း၊ မင်းညိုဝမ်း

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More