Wednesday, February 10, 2010

ဖလ်မီးအိမ်ကို ထွန်းညှိခြင်း(မောင်စွမ်းရည်)



ကိုဘဂျမ်း(တင်မိုး)နဲ့ ကိုသိန်းနိုင်(ဂုဏ်ထူးသိန်းနိုင်)တို့က တက္ကသိုလ်ဝင်တန်းမှာ မြန်မာစာဂုဏ်ထူးနဲ့ အောင်သူတွေ ဖြစ်ပါတယ်။ ကိုသိန်းနိုင်က ၁၉၅၆ မှာ ဆယ်တန်းအောင်ပေမဲ့ မူလတန်းဆရာ တနှစ်လုပ်နေလို့ ၁၉၅၇ ကျမှ မန္တလေးတက္ကသိုလ်ကို ကိုဘဂျမ်းနဲ့အတူရောက်တယ်။ ဂုဏ်ထူးချင်းတွဲမိသွားကြတယ်။ ကျနော်က သူတို့အရင် တနှစ်စောပြီး တက္ကသိုလ်ကိုရောက်တယ်။ ယူထားတဲ့ဘာသာ က ‘ဘူမိဗေဒ၊ ဓါတုဗေဒ၊ ပထဝီ’ပါ။ ဘာသာမတူပေမဲ့ ဝါသနာတူလို့ တွဲမိသွားပါ တယ်။ မောင်မိုးသူတို့လို မြို့သားစစ်စစ်၊ ခရစ်ယာန်သာသနာပြုကျောင်းသားတွေနဲ့ကျ တော့ ဓလေ့စရိုက်သိပ်မတူကြလို့ တောသားသုံးယောက်လောက်မတွဲမိပါဘူး။ ကျနော်တို့သုံးဦးဟာ ဆုံမိကတည်းက ကုတင်တလုံးမှာ သုံးယောက်အိပ်ခဲ့ကြပါတယ်။

‘မန္တလေးတက္ကသိုလ်ကလောင်ရှင်အသင်း’ကို ၁၉၅၃ ခုနှစ်မှာ ‘ကိုထွန်းအံ့၊ ကိုပေါက်စည်၊ ဇော်ဇော်အောင်’စတဲ့ ကလောင်ရှင်တွေက စတင်တည်ထောင်ခဲ့ကြပေမဲ့ သည့်အရင်ကရှိနှင့်တဲ့ မြန်မာအသင်းကို မကျော်နိုင်ပါဘူး။ ‘တက္ကသိုလ်ဝင်း(ကိုဝင်းမောင်)-ဥက္ကဋ္ဌ’၊ ‘ကိုဘဂျမ်း- ဒု ဥက္ကဋ္ဌ’၊ ‘မောင်သိန်းနိုင်-အတွင်းရေးမှူး’ လုပ်တဲ့ ၁၉၅၇-၅၈ ခုနှစ်ကျမှ အရှိန်မြင့်လာပါတယ်။

နောက်နှစ်မှာ ကိုဘဂျမ်းဥက္ကဋ္ဌလုပ်ပါတယ်။ နောက်နှစ်တွေမှာ ‘ဝင်းကြွယ်‘၊ ‘မောင် စွမ်းရည်’၊ ‘ကြည်အောင်’စတဲ့ ကလောင်ရှင်တွေက ‘ဥက္ကဋ္ဌ’၊ ‘အတွင်းရေးမှူး’စတဲ့ တာဝန်တွေကို ဆက်လက်ယူပါတယ်။ တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်းတွေကိုလဲ ဒီလူ တွေပဲ တာဝန်ယူပါတယ်။ ကိုဘဂျမ်းက ၁၉၅၉-၆ဝ ခုနှစ် မဂ္ဂဇင်းအတွက် တာဝန်ယူ သွားခဲ့ပါတယ်။

ကိုဘဂျမ်း၊ ကိုသိန်းနိုင်တို့စတင်လုပ်တဲ့နှစ်မှာ ‘စာဆိုတော်နေ့’ အခမ်းအနားတွေ ဟာ ‘စာဆိုကန်တော့ပွဲ’တွေ ‘အငြိမ့်ပွဲ’တွေနဲ့ ပိုပြီးမြိုင်ဆိုင်လာပါတယ်။၁၉၅၉ ခုနှစ် မှာတော့ ကိုဘဂျမ်းက ‘ကလောင်ရှင်အသင်းစာစဉ်’လုပ်မယ်လို့ အကြံပေးတယ်။ ကိုသာနိုးကို အားကိုးပြီး ‘မြန်မာစာပေမဂ္ဂဇင်း’ဆိုတာမျိုးကို အင်္ဂလိပ်လိုလဲ ထုတ်ချင် တယ်လို့ အဆိုတင်ပါသေးတယ်။ ရုရှားစာပေမဂ္ဂဇင်းနဲ့ တရုတ်မဂ္ဂဇင်းတို့ကို အားကျလို့ပါ။ အိမ်မက်တွေအများကြီးမက်ကြပါတယ်။

ကျနော်တို့မှာ ဘာစာမူမှ အသင့်မရှိသေးဘူး။ ကိုဘဂျမ်းတယောက်ပဲ စာတွေအ များကြီးရေးထားတာရှိတယ်။ ဒါကြောင့် ကိုဘဂျမ်းရဲ့ကဗျာစာအုပ်ကို စ,ထုတ်မယ်လို့ စီစဉ်ကြပါတယ်။ စာအုပ်အမည်ကို ‘ဖလ်မီးအိမ်’လို့ ကိုဘဂျမ်းကိုယ်တိုင်ရွေးပါတယ်။ အဲဒီအချိန်မှာ ကျနော်က ‘မောင်ဝင်းဖေ(မြင်းခြံ)’ဆိုတဲ့နာမည်နဲ့ပဲ ရေးပါတယ်။ ကိုဘ ဂျမ်းက ၁၉၅ဝ လောက်ကစပြီး ‘ကိုရင်ဂျမ်း’၊ ‘ကန်မြဲနန်းမြင့်နွယ်’စတဲ့ ကလောင် အမည်တွေနဲ့ ရေးနေပါတယ်။ သူ့နာမည်က ဘုန်းကြီးကလောင်ရှင်အမည်လိုလို၊ အမျိုး သမီးကလောင်ရှင်နာမည်လိုလိုဖြစ်နေတယ်လို့ ဘေးလူတွေကပြောလာကြတာကို သူ စိတ်ညစ်ပါတယ်။ ဒါကြောင့် အမည်သစ်နဲ့ရေးဖို့လဲ တွေးတောကြံဆနေပါတယ်။

သူက ကြောက်တတ်တယ်။ တောသားဆိုတော့ လူလူချင်းလဲ ခပ်ရို့ရို့ပဲဆက်ဆံပါတယ်။ ဒါပေမဲ့ အများသိကြတဲ့အတိုင်းပါပဲ၊ စာပေအယူအဆမှာတော့ ပြတ် သားပါတယ်။ စာပေနဲ့ပြည်သူကို အကျိုးပြုချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ လို ကိုယ်ကျိုးမငဲ့တဲ့ နိုင်ငံရေးသစ္စာရှင်၊ သတ္တိခဲတွေလိုပုဂ္ဂိုလ်မျိုးတွေ့ရင်တော့ ဘဝပါပုံပြီး ရဲရင့်ပြတ်သား အားပေးထောက်ခံဖို့ ဝန်မလေးပါဘူး။

အဲဒီဘက်မှာ အလွန်သတ္တိရှိပါတယ်။ အဲသလိုသတ္တိမျိုးရှိချင်လို့တဲ့။ ‘သတ္တိ’ဆိုတဲ့ ကလောင်အမည်ကို ရွေးပါတယ်။ ဒါပေမဲ့ ပါဠိဖြစ်နေလို့ ဗမာလို ‘စွမ်းရည်‘လို့ပဲ အမည်ပေးချင်သတဲ့။ ဒီတုန်းမှာပဲ ဆရာကြီးမင်းသုဝဏ်ရဲ့

“ထိပ်ဝယ် တင်မိုး၊

ငါရှိခိုးသည်၊

မိုးသို့ ငါ့ဉာဏ်ကျယ်စေသော်…”ဆိုတဲ့ ကဗျာကို သွားတွေ့တာနဲ့ ‘တင်မိုး’လို့ပဲ ရွေးလိုက်တယ်။ ‘မောင်စွမ်းရည်’ကိုတော့ “မောင်သိန်းနိုင်ယူကွာ…”လို့ပေးတယ်။

မောင်သိန်းနိုင်ကလဲ “ငါက ‘တက္ကသိုလ်မောင်သိန်းနိုင်’ဆိုတဲ့အမည်နဲ့ အတော် ရေးမိနေပြီ။ မင်းပဲယူပါ…” လို့ ကျနော့်ဘက်ကို ထိုးပေးပါတယ်။ ဒါနဲ့ ‘မောင်စွမ်းရည်’ ကလောင်အမည်ဟာ ကျနော့်အမည်ဖြစ်လာပါတော့တယ်။

‘တင်မိုး’နဲ့ ‘မောင်စွမ်းရည်’ဟာ ညီအကို ဖြစ်သွားပါတယ်။

ဒီလိုနဲ့ စာအုပ်အမည်‘ဖလ်မီးအိမ်’၊ ရေးသူကလောင်အမည်‘တင်မိုး’ဖြစ်လာ တယ်။ ‘ကိုဘဂျမ်း‘နဲ့‘ကိုသိန်းနိုင်’တို့ ခေါင်းချင်းရိုက်ပြီး ငွေရှာကြပါတယ်။ စာအုပ် ကလေးကျိတ်ပြီး ရိုက်တယ်။ ရိုက်ပြီးမှ ကျနော့်ကိုပြတယ်။ သူတို့နှစ်ယောက်လုံး မြန်မာ စာပါမောက္ခ‘ဦးချမ်းမြ(မြကေတု)’ကို မတွေ့ရဲဘူးတဲ့။ ‘ကိုဘဂျမ်း’နဲ့အတူ ကျနော် လိုက်ပြောပေးပါတဲ့။ ပြောရမယ့်စကားတွေကိုလဲ ကျနော့်ကို ကြိုတင်ပြောပြထားတယ်။ ဖောင်အစိမ်းလေးတွေကို စာအုပ်ချုပ်ပြီး ကျနော်နဲ့ကိုဘဂျမ်း ဆရာ့ဆီသွားတယ်။

“ဆရာ- ခေတ်စမ်းခေတ်က ‘ဆရာဇော်ဂျီ’၊ ‘ဆရာမင်းသုဝဏ်’၊ ‘ဆရာမြကေတု’စတဲ့ ကျောင်းသားကဗျာဆရာတွေကို သူတို့ပါမောက္ခ-ဦးဖေမောင်တင်’က ခေတ် စမ်းကဗျာစာအုပ်ကလေးတအုပ်စုစည်းပြီး အမှာစာရေးပေးခဲ့ပါတယ်။ ဆရာကလဲ ကျနော်တို့ စာအုပ်ကလေးတွေမှာရေးပေးပါ။ ကျနော်တို့ တအုပ်ပြီးတအုပ် ထုတ်သွား ဖို့စီစဉ်ထားပါတယ်…” လို့။

အဲဒီတော့ ဆရာကြီးက “ပါမောက္ခဆိုတာ အဲသလို ရေးဖို့ မသင့်လျော်ဘူး…”တဲ့။ “မင်းက ကိုယ့်စာကိုယ်မလုပ်ဘဲ ဒါတွေဘာလို့လုပ်နေရသလဲ။ နောက်ပြီး ကဗျာစပ် နည်းလဲမစုံဘူး။ မင်းတို့က တကျပ်ခွဲနဲ့ ရောင်းမယ်ပြောတော့ ဘယ်သူမှဝယ်မှာမဟုတ် ဘူး။ ငါးမူးနဲ့ရောင်းကွယ့်…”စသဖြင့် စာအုပ်ကို လက်မနဲ့နှိပ်ပြီး ဖလပ်ဖလပ်လုပ်ရင်း ဆုံးမစကားပြောလိုက်ပါတယ်။ ဒီလိုနဲ့ တပ်ခေါက်ပြန်ခဲ့ရပါတယ်။

ကိုဘဂျမ်းက “ဦးဝက်ရေ ငါ့ကို လူထုကို ပို့ကွာ…” လို့ ခိုင်းတယ်။

ကျနော့်တူ၊ တူမတွေက ကျနော့်ငယ်နာမည်အတိုင်းခေါ်ကြသလို ကိုဘဂျမ်းက ကျနော့်ကိုခေါ်တာပါ(လွတ်လပ်တဲ့အာရှအသံမှာ ‘ကိုဝက်နဲ့ညိုညက်’ဆိုတာလဲ ကျ နော့်ငယ်နာမည်ကို အစွဲပြုရေးခဲ့တာပါ)။ ကိုဘဂျမ်းက စက်ဘီးမနင်းတတ်လို့ ကျနော် ကနင်းပြီး လိုက်ပို့ရပါတယ်။ လူထုတိုက်ကိုရောက်တော့ ကြော်ငြာဌာနကိုသွားပြီး သူ့ စာအုပ်ကြော်ငြာထည့်ပါတယ်။ ဈေးနှုန်း တအုပ်‘နှစ်ကျပ်’လို့ ထည့်လိုက်ပါတယ်။

“ဟ-ဆရာချမ်းက တအုပ်ကို ငါးမူးနဲ့ရောင်းလို့ ပြောလိုက်တာမဟုတ်လားæ” လို့ ကျနော်ကပြောတော့- “စပ်နည်းစုံအောင်လုပ်ပြီး ကဗျာတွေထည့်ဦးမှာ၊ ဘာတွေ ထည့်ရင်ကောင်း မလဲ…”တဲ့။ ကျနော်နဲ့သူ နှစ်ယောက်ထဲ အတူနေတဲ့အိမ်ကလေး ‘တမာရိပ်သာ’ကို ပြန်ခဲ့ပြီး ကဗျာသစ်တွေ စပ်တော့တာပဲ။

တမာရိပ်သာရဲ့အောက်ထပ်မှာ ကဗျာဆရာ‘မောင်စန်းသော်’အပါအဝင် မြင်းခြံ ဘက်က ဆေးကျောင်းသားငယ်တွေ နေကြပါတယ်။ သူနဲ့ကျနော်က အပေါ်ထပ်ကြမ်း ပြင်မှာ ဝါးဖျာခင်းပြီး နှစ်ဦးတည်းနေကြပါတယ်။ ‘နွယ်သာကီသံဖြတ်’ကဗျာအသွားနဲ့ စပ်တဲ့ ‘ရေနီမြောင်းကဗျာ’ဟာ ကျနော်ပြောလို့စပ်တာပါ။

“ဇာတိမာန်ကဗျာတွေလဲ ပါပါစေ…”လို့ ကျနော်ပြောလို့ “ဖေဖေ့လက်ဆောင်၊ ဓါးရောင်နဲ့ဖွေး၊ ငှက်ကြီးတောင်ဆိုလေလား ဆောင်ဓားကွဲ့လေး…” အစချီပြီး ဇာတိ မာန်ကဗျာရှည်ကြီးတပုဒ်စပ်ဖို့ ကြိုးစားနေပါတယ်။ အချိန်က သန်းခေါင်ကျော်နေပါပြီ။ သူအိမ်သာသွားတက်ဖို့ဆင်းအသွား ကျနော်က တရေးနိုးလာလို့ ထ,ဖတ်ကြည့်မိ ပါတယ်။

“ဖေဖေ့ရဲ့လက်ဆောင် ဓါးရောင်ကဖွေး”ကို “ဖေဖေ့ရဲ့လက်ဆောင်၊ ပေါင်ခြံက ဂွေး”လို့ပြင်ရေးထားလိုက်ပါတယ်။ သူပြန်တက်လာတော့ အလွန်စိတ်ဆိုးပါတယ်။ ဆက်စပ်မယ်လို့ကြံတိုင်း ကျနော်ဖြည့်ထားတဲ့စကားလုံးတွေက ဝင်ရှုပ်နေလို့ ရှေ့မတိုး နိုင်တော့ဘူးတဲ့။ ဒါနဲ့ အဲဒီကဗျာပျက်သွားခဲ့ပါတယ်။ ဒါက ကျနော် သူ့ကိုနှောင့်ယှက်ပုံ နမူနာတခုသာ ပြလိုက်တာပါ။ တခြားလဲ အများကြီးရှိပါသေးတယ်။

အဲဒီလို ‘ဖလ်မီးအိမ်’စာအုပ်ပြင်ဆင်နေရင်းက စာအုပ်အမှာစာကို ‘ဆရာဇော်ဂျီ’၊ ‘ဆရာမင်းသုဝဏ်’၊ ‘ဆရာဒဂုန်တာရာ’တို့ဆီကိုသွားတောင်းဖို့ အကြံရတယ်။ ကျ နော့်ကိုပဲလွှတ်ဖို့ အကြံရပါတယ်။ ဒါကြောင့် ငွေရှာနေရင်း ကဗျာတွေ ထပ်စပ်ပါတယ်။ တနေ့တော့ မန္တလေး ယိုးဒယားဈေးနားက သူ့အမအိမ်မှာနေတဲ့ ‘ကြည်အောင်’ လာလည်ပါတယ်။ တနေကုန် စကားတွေပြောကြတော့ ကြည်အောင်က ပြန်ခါနီးမှာ “ကဲ- ဆေးလိပ်လဲတိုပြီ၊ နေလဲညိုပြီ။ ငါပြန်တော့မယ်…” လို့ နှုတ်ဆက်ပါတယ်။ ကိုဘဂျမ်းက ကပျာကရာတားပါတယ်။ စာရွက်ပေါ်မှာ တစုံတရာချရေးလိုက်ပြီး “နားထောင်…” လို့ ပြောပါတယ်။

ခါင်းစဉ်က “ဧည်သည်ကြီး” တဲ့။

“ဆေးလိပ်လဲတို၊

နေလဲညိုပြီ၊

ငါ့ကို ပြန်ပို့ကြပါလေ”တဲ့။

ကြည်အောင်ရဲ့စကားဟာ ကဗျာကြီးတပုဒ်ဖြစ်သွားခဲ့ပါတယ်။ ကျနော်က “ကိုဘဂျမ်းရေ၊ အဲဒီကဗျာကို ဖလ်မီးအိမ်ထဲထည့်ရိုက်မှာနော်” လို့ပြောတော့ “ဟာကွာ၊ တောက်တီးတောက်တဲ့။ မလုပ်ပါနဲ့…” တဲ့။

“မရဘူး၊ ထည့်ရမယ်။ ဒါ ခင်ဗျားရေးသမျှထဲမှာ ကျုပ်အကြိုက်ဆုံးပဲ၊ အဲဒီကဗျာမပါ ရင် ရန်ကုန်ကိုမသွားဘူး…”လို့ပြောလိုက်တော့- “ကဲ ကဲ ထည့်ပါဗျာ၊ ထည့်ပါဗျာ…”ဆိုပြီး ပေးပါတယ်။

ကဗျာတွေ ဖြည့်ရိုက်ပြီးတော့ ရန်ကုန်ကို ကျနော်ဆင်းသွားပါတယ်။ ဆရာဒဂုန်တာ ရာနဲ့၊ ဆရာနတ်နွယ်တို့က ဒီအကြောင်းကို(ကျနော်နဲ့စတွေ့ပုံကို)နှစ်ခါထက်မနည်း ရေးဖူးပါတယ်။ ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ်တို့က အမှာစာရေးမပေးလိုက်ပါဘူး။ “ငါတို့က စာပေဗိမာန်ကဗျာ ဆုရွေးချယ်ရေးအဖွဲ့မှာ ပါနေလို့ပါ..” တဲ့။

ဒါပေမဲ့ အမှာစာထက်အရေးကြီးတဲ့ စာတိုတစ်စောင်ကို ရေးပေးလိုက်ပါတယ်။ “ဗမာပြည်ရဲ့ စာပေလောကမှာ ကဗျာစာဆိုကောင်းတယောက် ထွန်းပေါက်လာပြီမို့ ဝမ်းမြောက်ကြောင်း”လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီစာကိုရတော့ ကျနော်တို့ဝမ်းသာ ကြတယ်။ ကျနော်တို့ဆရာရင်း ‘ဦးမောင်မောင်တင်’ကလဲ အဲဒီစာကိုယူသွားပြီး မြန် မာစာပါမောက္ခ‘ဦးချမ်းမြ(မြကေတု)’ကို ပြပါတယ်။ ဆရာကြီး‘မြကေတု’က “ဆရာ ကိုသိန်းဟန်(ဆရာဇော်ဂျီ)က ဒီလို ဘယ်သူ့ကိုမှမရေးဖူးဘူး။ အတော် အံ့သြစရာ ကောင်းတာပဲ” လို့ ထုတ်ဖေါ်ပြောပါတယ်။ စာပေလောကမှာ တခါမှမကြားဖူးသေးတဲ့ ကိုဘဂျမ်းခေါ်‘တင်မိုး’ဟာ ဒီလိုနဲ့ ‘စာပေဗိမာန်ဆု’ခေါ် ‘အမျိုးသားစာပေဆု’ကို ကျောင်းသားဘဝမှာပဲ ဆွတ်ခူးခဲ့ပါတယ်။

နာမည်ကျော် ကဗျာဆရာ ၃-၄ ဦးလောက်ကို ကျော်ပြီး ပေးခဲ့တာပါ။ တချို့က ဆရာဇော်ဂျီတို့ရဲ့ တပည့်ရင်းတွေပါ။ တဦးကဆိုရင် ‘လောကမျက်ကန်း’ဆိုပြီး စာအုပ် တအုပ် ရေးထုတ်တိုက်ခိုက်ရင်း မကျေနပ်ကြောင်း ဆန္ဒပြပါတယ်။

မကျေနပ်တဲ့ကဗျာဆရာကို ဆရာဇော်ဂျီက သူ့အိမ်ကိုဖိတ်ခေါ်ပြီး ထမင်းကျွေးရင်း ဆွေးနွေးပေးပါတယ်။ “ရှေးတုန်းကတော့ မြန်မာစာပေဆိုတာ အညာကပညာရှင်တွေ က ရေးခဲ့ကြတာ။ ဒါကြောင့် မြန်မာစာပေဟာ အညာပတ်ဝန်းကျင်ရေမြေတော တောင်တွေအကြောင်းနဲ့ အညာကခံစားမှုတွေဖြစ်နေကြတယ်။ နောက်ထပ် ခေတ်အ ဆက်ဆက် အညာသားတွေက ရှေးစာပေတွေကို ဖတ်ရှုလေ့လာကြတယ်။ သူတို့က မပင်မပန်း နားလည်နိုင်ကြတယ်။ ကျုပ်တို့အောက်သားတွေက သူတို့ရေးတဲ့ ထ နောင်းပင်တို့ ခအောင်း၊ ကညင်တို့ဆိုတာတွေကို သူတို့လို မခံစားနိုင်ကြဘူး။ မမြင်ဖူး မကြားဖူးတာတွေကို ခက်ဆစ်ထုတ်လေ့လာကြရတယ်။ ကဗျာဆိုတာ ဘာသာစကား အလုပ်ပဲ၊ မန္တလေးကျောင်းသားတွေက မြန်မာဘာသာစကားကို ကောင်းကောင်းနိုင် နင်းကြတယ်။ နောက်ထပ်လဲ မန္တလေးတက္ကသိုလ်ကထွက်လာမယ့် ကဗျာဆရာတွေလဲ အများကြီးပဲ၊ ဝမ်းသာစရာပဲ…”လို့ ရှင်းပြလိုက်ကြောင်း ကြားရတယ်။

ရှင်းပြတာကြားနာရတဲ့ ကဗျာဆရာကလဲ ကျေနပ်ပါတယ်။ တခြား သူ့မိတ်ဆွေ စာရေးဆရာတွေကိုလဲ နောင်အခါ ပြန်လည်ဖေါက်သည်ချလို့ ကျနော်တို့လဲ ပြန်ကြား ပါတယ်။ ဆရာဇော်ဂျီပြောခဲ့သလိုပဲ ‘တင်မိုး’ပြီးတော့ နောက်ထပ် ၄ - ၅ ယောက် လောက် ဆက်လက်ပြီး မန္တလေးတက္ကသိုလ်ကပဲ စာပေဆုတွေရကြပါတယ်။ ကဗျာ ဆုတွေအပြင် ကလေးကဗျာဆု ရသူရ၊ သုတေသနဆုရသူလဲ ရကြပါတယ်။

ကိုဘဂျမ်း(တင်မိုး)ဆုရတော့ လူထုတိုက်ခေါင်မိုးပြန့်ပေါ်မှာ ဂုဏ်ပြုပွဲလုပ်ပါတယ်။ ဆရာကြီး‘ရွှေဥဒေါင်း’နဲ့ ‘ဦးညိုမြ’လဲ တက်ရောက်ပါတယ်။ မုံရွာသားပညာရှိ‘ဦးတင် ထွတ်’က လန်ဒန်မှာပြောလေ့ရှိတဲ့စကားဆိုပြီး ‘ဆရာဇော်ဂျီ’ရှင်းပြတဲ့စကားအတိုင်းပဲ ‘ဦးညိုမြ’ကလဲ ပြောသွားပါတယ်။(ဦးတင်ထွတ်စကားကို သမိုင်းပါမောက္ခ‘ဒေါက်တာ သန်းထွန်း’ကလဲ သူ့ဆောင်းပါးတပုဒ်မှာ ဖောက်သည်ချဖူးပါတယ်)

ဆရာကြီး‘ရွှေဥဒေါင်း’က ဆရာကြီး‘သခင်ကိုယ်တော်မှိုင်း’ရဲ့ကဗျာကလွဲပြီး ဘယ် သူ့ကဗျာမှမကြိုက်သူပါ။ ‘တင်မိုး’ရဲ့‘ဖလ်မီးအိမ်’ကဗျာကိုဖတ်ပြီး “ကဗျာဆရာဆို တာလဲပဲ သူ့နည်းနဲ့သူ သစ္စာတရားကိုရှာဖွေသူ”လို့ သဘောပေါက်သွားသတဲ့။ ဒါကြောင့် မကြာခင်ပဲ ဆရာကြီးက တင်မိုး သူ့အိမ်ကို ထမင်းစားကြွဖို့ ဖိတ်ပါတယ်။

ဆရာကြီးရွှေဥဒေါင်းကဗိုလ်ဆန်ပါတယ်။ အချိန်တိကျတာကိုကြိုက်ပါတယ်။ ဖိတ် ထားတဲ့အချိန်ထက် နည်းနည်းနောက်ကျလို့ ဖိတ်ထားတာဖျက်ပြီး လမ်းလျှောက် ထွက်သွားခဲ့ပါတယ်။ ‘ဓါးတန်းဦးသန့်’ခေါ် ‘မြို့မဦးသန့်’က နိုင်ငံတကာဓါတ်ပုံဆုတွေ ရခဲ့သူပါ။ သူကလဲ ‘တင်မိုး’ကို ‘ဖလ်မီးအိမ်’ဓါတ်ပုံတခု အထူးတလည်ရိုက်ပြီး လက် ဆောင်ပေးဖူးပါတယ်။

ရန်ကုန်ကဆုပေးပွဲကို ကိုဘဂျမ်းက ကျွန်နော်ကိုပဲ ခေါ်သွားပါတယ်။ ရန်ကုန်မှာ ဆရာကြီးတွေကို တွေ့ဆုံဂါရဝပြုပါတယ်။ သူ့ညီအရင်းလိုချစ်ခင်တဲ့ ကိုဘမော်ကြီး (ဇဂျမ်းကန်မြဲကပါပဲ)နဲ့ တခါတရံထွက်လည်ရင် ကျနော့်ကိုထားခဲ့ပါတယ်။ စာပေဝါ သနာရှင် ‘တိုင်းရင်းမေမြင့်စံပယ်’အမည်ခံတဲ့ ‘မမြင့်မြင့်စန်း’အမည်ရှိ ရန်ကုန်သူတဦးနဲ့ မိတ်ဆက်တွေ့ဆုံပေးလို့ သမီးရည်းစားဖြစ်သွားခဲ့ပါတယ်။ အဲဒီ‘မမြင့်မြင့်စန်း’ဟာ ‘မိုးမိုးနှင်း’၊ ‘မိုးချိုသင်း’စတဲ့ မိုးငါးမိုးတို့ရဲ့မိခင်ဖြစ်လာပါတယ်။

ူအိမ်ထောင်ကျတော့ ကျနော်လဲအိမ်ထောင်ကျပြီး မန္တလေးမှာအတူတူ တအိမ် တည်းနေခဲ့ကြဖူးပါတယ်။ အလွတ်ကျောင်းတခုမှာ စာအတူပြကြပါတယ်။ စာအုပ်ထုတ် ဝေရေးလုပ်ငန်းတွေ အကြိမ်ကြိမ်စမ်းသပ်ခဲ့ပြီး နောက်ဆုံး ‘ဖလ်မီးအိမ်စာအုပ်တိုက်’ ထူထောင်ခဲ့ပါသေးတယ်။ မောင်စွမ်းရည်ရဲ့ ‘အနီနဲ့ အပြာ’ကဗျာစာအုပ်ကို ကိုဘဂျမ်း (တင်မိုး)နဲ့ တောင်သာသား သူငယ်ချင်း‘ကိုညိုကြီး’တို့က စုစည်းထုတ်ဝေခဲ့ပါတယ်။ သူငယ်ချင်း‘မောင်သာနိုး’ရဲ့ ဘာသာပြန်ကိုလည်း ကိုဘဂျမ်းပဲ စီစဉ်ထည့်သွင်းပေးခဲ့ပါ တယ်။ အဲဒါက ၁၉၆၄ အမျိုးသားစာပေဆုရ စာအုပ်ပါ။ ဒေါ်ဒေါ်(လူထုဒေါ်အမာ) ဘာသာပြန်ခိုင်းလို့ ကျနော်ဘာသာပြန်တဲ့ ‘ဟိုချီမင်း’ရဲ့ ‘အကျဉ်းထောင်ကပုလွေသံ’ ကဗျာစာအုပ်ကိုတော့ သူ့တဦးတည်းပိုင် ဖလ်မီးအိမ်တိုက်က ထုတ်ပေးတယ်။ ပန်းချီ ‘အောင်စိုး’လက်ရာ မျက်နှာဖုံးနဲ့ပါ။

‘ဖလ်မီးအိမ်’ပထမပုံနှိပ်စာအုပ်ရဲ့ မျက်နှာဖုံးကို ရွှေဘိုသားစိန်မောင်က ရေးဆွဲပေး ပါတယ်။ စိန်မောင်က မန္တလေးအမှတ် ၁ အစိုးရ အထက်တန်းကျောင်းထွက်ပါ။ ကျနော် နဲ့တွဲပြီး အမှတ် ၁ ကျောင်းသားဟောင်းများ နံရံကပ်စာစောင်ထုတ်ရာမှာ ကျနော်က အယ်ဒီတာ၊ သူက ပန်းချီသရုပ်ဖော်လုပ်ပါတယ်။

ဖလ်မီးအိမ်မျက်နှာဖုံးကို သူဆွဲပေးပါတယ်။ ‘အနီအနက်’နဲ့ပဲ ‘ဖလ်မီးအိမ်’ပုံလေး ဆွဲပေးတယ်။ ပန်းချီအောင်စိုးဟန်အတိုင်းရေးဆွဲတာမို့ ကျနော်တို့ အလွန်သဘောကျပါတယ်။ ‘ဖလ်မီးအိမ်’ကို ‘ကဲနက်ဘစိန်’က ဘာသာပြန်ပေးလို့ နောက်တကြိမ်ထုတ် တော့ ကိုပေါ်ဦးသက်ရဲ့ ပန်းချီအဖုံးနဲ့ထုတ်ပါတယ်။

‘ဖလ်မီးအိမ်’ကဗျာစာအုပ်ဟာ အကြိမ်ကြိမ်ပြန်လည်ထုတ်ဝေခဲ့ရပြီး ထုတ်တိုင်း ရောင်းမလောက်ပါဘူး။ ကုန်တာချည်းပါပဲ။ အိန္ဒိယပြည်ရောက် ‘ဦးမောသီရိ’က အိန္ဒိ ယလိုပါ ဘာသာပြန်ပြီးထုတ်ပါတယ်။ အိန္ဒိယဘာသာစကားနဲ့ ပထမဆုံးထုတ်ဝေဖူး တဲ့ မြန်မာကဗျာစာအုပ် ဖြစ်ပါတယ်။

ကျနော်အမေရိကားကိုရောက်တော့ အဲဒီဘာသာပြန်ကို ‘မရွှေစင်ဦး’(အိုအက်စ်အိုင်)က လက်ဆောင်ပေးလို့ ကျနော်ရပါတယ်။ အဲဒီစာအုပ်ထုတ်တာလဲ သူမသိလိုက်၊ သူလဲမရလိုက်ဘူးလို့ဆိုတာနဲ့ ကျနော်သူ့ကိုလက်ဆောင်ပေးလိုက်ပါတယ်။ သူရဲ့ ‘လှေတစင်းနဲ့သီချင်းသည်’ကဗျာစာအုပ်ကိုလဲ ‘ဦးမောသီရိ’က မောင်သာနိုး ဘာသာပြန်မူအတိုင်း ပြန်ထုတ်တယ်။ သူမရဘူးတဲ့။ ကျနော်ရတာကိုပဲတောင်းလို့ ပေးလိုက်ရပါတယ်။

‘ဖလ်မီးအိမ်’ငွေရတုပွဲကို သူငယ်ချင်း‘ဂုဏ်ထူးသိန်းနိုင်’က လုပ်ပေးပါတယ်။ မောင်သိန်းနိုင်ရဲ့တပည့် ‘ထွဏ်းနွယ်’ရဲ့ ရန်ကုန်သုဝဏ္ဏက ခြံကျယ်ကြီးထဲမှာ လုပ်ပါတယ်။ အိမ်ခြံဝင်းပတ်ဝန်းကျင်မှာ ကြိုးတန်းလုပ်ပြီး ဖလ်မီးအိမ်ကလေးတွေ ချိတ်ဆွဲထားပါတယ်။ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာဒဂုန်တာရာ၊ ဆရာမင်းယုဝေ တို့ တက်ရောက်ကြပါတယ်။ ‘ဖလ်မီးအိမ်’မျက်နှာဖုံးပန်းချီဆရာ‘စိန်မောင်’၊ မန္တလေး တကသဥက္ကဋ္ဌ‘ကိုစောလွင်’(လူထုကိုတောလူ)၊ ‘မောင်သာနိုး’နဲ့ ‘ကဗျာဆရာဝင်းကြွယ်’တို့လဲ ပါရှိပါတယ်။ ဖိတ်ကြားထားသူကလဲ ၁ဝ ယောက်လောက်ပဲရှိပါတယ်။ သဘာပတိက ‘ဆရာဇော်ဂျီ’၊ အခမ်းအနားမှူးကတော့ သူအမြဲပါစေချင်တဲ့ ‘မောင်စွမ်းရည်’ပါပဲ။ ‘ဖလ်မီးအိမ်ရွှေရတု’ကိုတော့ မောင်စွမ်းရည်ကပဲ သဘာပတိ လုပ်ရမယ် ထင်ပါတယ်။ ၂ဝဝ၉ မှာပေါ့။

ခုအခါ ကိုဘဂျမ်း(တင်မိုး)ကွယ်လွန်တော့ သူ့ဖလ်မီးအိမ်ငယ်သူငယ်ချင်းတွေ ထဲက ‘ကိုဝင်းဖေ’(ဒါရိုက်တာ၊ စာရေးဆရာ၊ ပန်းချီဆရာ)နဲ့ ကျနော်တို့နှစ်ဦးပဲ သင်္ဂြိုဟ်ခွင့်ရပါတယ်။ ကြီးမှဆုံရတဲ့ လူငယ်ထုကလဲ သူကွယ်လွန်တော့ ‘ဖန်မီးအိမ် ဖောင်ဒေးရှင်း’ထူထောင်ကြမယ်လို့ ကြေငြာပါတယ်။

တင်မိုးထုတ်ခဲ့ကဗျာတွေဟာ ဘယ်သူနဲ့မှမတူအောင် များပြားလှပါတယ်။ ဒါပေမဲ့ လူငယ်တွေ ‘ဖလ်မီးအိမ်’ကိုပဲ တန်းတန်းစွဲ ဖြစ်နေကြပုံရပါတယ်။ ကျွန်တော်ကလဲ ‘ကိုဘဂျမ်း’(တင်မိုး)ရဲ့ ကဗျာစာအုပ်တွေထဲမှာဆိုရင် ‘ဖလ်မီးအိမ်’ကို အကြိုက်ဆုံးလို့ ကိုဘဂျမ်းကို ပြောဖူးပါတယ်။ ‘ဖလ်မီးအိမ်’ကဗျာတွေဟာ တကယ့် သူရဲ့ပင်ကိုစရိုက်က ထွက်ပေါ်လာတဲ့ကဗျာတွေလို့ ကျနော်ခံစားမိပါတယ်။ ရာသီစာတွေမပါဘူး။

‘လှေတစင်းနဲ့ သီချင်းသည်’ဆိုတဲ့ သူရဲ့ဒုတိယကဗျာစာအုပ်ထုတ်ဝေတဲ့အခါ (၁၉၆၃)မှာ ကျနော့်ကို အမှာစာရေးခိုင်းတယ်။ ကျနော်က ‘မတန်မရာ’လို့ အောက် မေ့တဲ့အတွက် ငြင်းပေမဲ့မရဘူး။ ဒါနဲ့ ရေးဖြစ်အောင်ရေးရတယ်။ အမည်မထည့်ရဲလို့ ‘သူငယ်ချင်းတဦး’လို့ပဲ ရေးပေးလိုက်တယ်။

အဲဒီမှာ သူ့ရဲ့ဘဝအမြင်ကို ဆန်းစစ်ပြဖူးတယ်။ သူက ခေတ်သစ်ကဗျာဆရာတွေ ထဲမှာ ဆရာဇော်ဂျီကို အကြိုက်ဆုံးလို့ဆိုတယ်။ ဇော်ဂျီဒဿနဟာ ‘မိုးစွေငှက်’ကဗျာ ထဲက ‘အရွယ်အဟန့်၊ လက်မခန့်လည်း၊ မိုးယံ့ခွဲမည် ထင်မိသည်’ ဆိုတဲ့သဘောကို ‘အရွယ်ငယ်ပေမဲ့ အားမာန်ကဖြင့် ကြီးပါပေတယ်’လို့ ကျူးရင့်တဲ့ သဘောရှိပါတယ်။ တင်မိုးမှာ ခေတ်စမ်း(အထူးသဖြင့်ဆရာဇော်ဂျီ)ရဲ့ အရိပ်သြဇာလွှမ်းနေတယ်။ ‘အရွယ်ငယ်ခြင်း’ဆိုတာကို ဆရာဇော်ဂျီထံကရတယ်။ ဒါပေမဲ့ ဇော်ဂျီဒဿနကလာတဲ့ ‘အားမာန်’မဟုတ်ဘဲ ‘တင်မိုးဒဿန’ကိုယ်ပိုင်ဖြစ်လာတယ်။

ငယ်ပေမဲ့ ငယ်တဲ့အလျောက် သူ့ဂုဏ်နဲ့သူရှိတယ်ဆိုတဲ့ ဘဝအမြင်ပါ။ ‘အလှကိုယ် စီ’ဆိုတာ အဲဒါပါပဲ။ နှစ်ပေါင်း ၅ဝ ကျော်လောက်ရှိပြီဆိုတော့ သူ့ကဗျာတွေကို အလွတ်မရတော့ပါ။ ဒါနဲ့ သူ့ကဗျာတွေကို စုဆောင်းထားတဲ့ အယ်လ်အေက ‘ကိုအေးဝင်း’ဆီက ဖလ်မီးအိမ်စာအုပ်အဖုံးနဲ့ ကဗျာစာသားကို လှမ်းတောင်းရပါတယ်။ ဖလ်မီးအိမ်စာအုပ်ကို ဖလ်မီးအိမ်ကဗျာနဲ့ပဲ ဖွင့်ပါတယ်။


ဖလ်မီးအိမ်

ဖလ်မီးအိမ်သည်…

ကြောင်လိမ်နွယ်ဆင့်၊ နန်းအိမ်မြင့်မှာ

ထွန်းတင့်နိုင်မည် မဟုတ်ပါ။

ဖလ်မီးအိမ်သည်…

တိမ်လွှာကိုစား၊ လ ရထားဖြင့်

ဝင့်ကြွားစွာလျင်၊ ခရီးနှင်သည်

သခင်တို့မြန်း၊ ပန်းခင်းလမ်းတွင်

ညှိထွန်းနိုင်မည် မဟုတ်ပါ…။

ဖလ်မီးအိမ်သည်…

မငြိမ်မသက်၊ စိတ်ယောက်ယက်နှင့်

လမ်းပျက်တူရူ၊ ရောက်လာသူကို

အားကူမျှသာ ထွန်းမည်တည်း…။

သူ့အဆင်းသည်…

နေမင်းပမာ၊ သူ့အားသူ့မာန်

သူပိုင်ဟန်ဖြင့်၊ သူသန်ရာမှ

ဤလောကကို…

အလှဆင်လိုဟန်တကား။ ။

တင်မိုးရဲ့ဖလ်မီးအိမ်ဟာ ဗမာနိုင်ငံစာပေကောင်းကင်ကြီးတခုလုံးကို လင်းချင်းစေခဲ့ပါပြီ။ စစ်အာဏာရှင်တွေဟာ ပြည်သူ့စာဆိုတွေကို မလိုမုန်းထားစော်ကားခဲ့ကြတဲ့အတွက် ‘ပူဇာစပူဇနေယျာနံ’ဆိုတဲ့ မင်္ဂလာတရားပျက်ယွင်းခဲ့တာ အခါခါပါပဲ။ ဒီလို ဖြစ်ရပ်တွေဟာ ကမ္ဘာ့စစ်အာဏာရှင်တွေအုပ်စိုးတဲ့နိုင်ငံတိုင်းမှာ ဖြစ်ပျက်နေပါတယ်။

ဗမာပြည်မှာ တင်မိုးရဲ့နာရေးသတင်းကို စစ်အုပ်စုကထည့်ခွင့်မပေးဘူး။ တကမ္ဘာ လုံးသိနေတဲ့သတင်းကို ဖုံးကွယ်ထားတာဟာ ဘာမှအကျိုးမရှိဘဲ ရာဇာဝင်အမည်းကွက်ပဲ ဖြစ်ရစ်မှာပါ။

ပြည်သူ့စာဆိုဟာ သူ့တိုင်းပြည်မှာ ခေါင်းချခွင့်မရခဲ့ပါ။ ‘ပြာ’ကိုတောင် ကြောက် တဲ့ လူတွေဟာ စာဆိုရဲ့ပြာကိုတောင် လက်မခံဝံ့ရှာပါ။ နောင်တခေတ်မှာဆိုရင်တော့ ရန်ကုန်မြို့တော်ရဲ့ ဒီမိုကရေစီရင်ပြင်မှာ တင်မိုးရဲ့ပြာကို ဌာပနာထားတဲ့ ကျောက်တိုင် ထက်မှာ ထာဝရဖလ်မီးအိမ်ကြီး ထွန်းညှိကြပေလိမ့်မယ်။ မန္တလေးတက္ကသိုလ်မှာရော ကန်မြဲဇဂျမ်းမှာပါ စာဆို ကြေးရုပ်၊ စာဆိုကျောက်တိုင်တွေ စိုက်တူကြပါလိမ့်မယ်။

ာဆိုရဲ့ပြာကိုတောင်ကြောက်တဲ့ စစ်ဗိုလ်တွေကတော့ သေနတ်ကိုဖက်ရင်း အိပ် ရေးပျက်နေကြပေလိမ့်မယ်။ ‘အာဇာနည်မျိုး သေရိုးမရှိ’ဆိုတဲ့ တင်မိုးရဲ့စကားအတိုင်း အာဇာနည်တွေဟာ သေရိုးမရှိပါ။ ပြည်သူ့စာဆိုတွေဟာ ပြည်သူ့နှလုံးသားမှာ ထာဝ စဉ်ထွန်းတောက်နေမှာပါ။ အာဏာရှင်အမျိုးမျိုး သမိုင်းအမှိုက်ပုံထဲမှာ နစ်မြုပ်သွားကြမြဲပါ။ ဒါဟာ သမိုင်း သစ္စာပါ။

ဖန်မီးအိမ် အမှောင်ခွင်း၊ မှောင်လေ လင်းလေ လင်းထက်လင်း ပါလိမ့်မယ်။

(မှတ်ချက်။ ။ ဖလ်မီးအိမ်ကို တင်မိုးရဲ့မူရင်းကဗျာစာအုပ်မှ စာလုံးပေါင်းအတိုင်း ‘ဖလ်မီး အိမ်’လို့ဖော်ပြထားပါတယ်။ ဖလ်မီးအိမ်ကဗျာမှ စာလုံးပေါင်းသတ်ပုံများဟာလည်း မူရင်းစာအုပ်ပါ စာသားများအတိုင်းဖြစ်ပါတယ်။)
၂၀၀၇ ခုနှစ်ထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၄၊ အမှတ် ၃ တွင် ဖော်ပြခဲ့သော ဆရာစွမ်း၏ “ဖလ်မီးအိမ်ကို ထွန်းညှိခြင်း”ဆောင်းပါးကို ပြန်လည်ဖြော်ပြခြင်းဖြစ်ပါသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More