Friday, February 12, 2010

ပြောလိုက်ပါဘိ ဟောပါဘိ (ဇော်ဂျီ)



ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သက်လှယ်၊ မင့်သားငယ်သည်
သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ။

သူသုံးနှစ်သား၊ ဖေါ်ချင်းများနှင့်
အူယားဖါယား
ကစားရာမှ၊ နွားရုပ်ချ၍
နတ်ကျသည့်သွင်၊ မင့်ရင်ခွင်သို့
ပြေးဝင်ပုန်းလာ၊ သူ့မူရာကို
ငါမြင်ခဲ့၏ မှတ်မိ၏။

မိုးကစိုစို၊ ကျီးအုပ်ပြို၍
ထိုမှ ဤမှ၊ တို့လမ်းမတွင်
ပျံကြ ဝဲကြ၊ ငရဲထသို့
အုံကြွမြည်အာ၊ မသာယာကို
ငါကြားခဲ့၏ မှတ်မိ၏။

ထို့နေ၌ပင်၊ ထိုချိန်ထင်၏
သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏
မြေခသတင်း၊ မိုးကြိုးခွင်းသို့
အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌
မချင်မရဲ၊ ဝမ်းနဲခံခက်
မျက်စိမျက်နှာ၊ ညှိုးကြရှာသည်
ရွာဦးပိုင်းမှ သင်္ချိုင်းထိ။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ်၊ သူတို့ခေတ်၌
တိုင်းချစ်ပြည်ခင်၊ မြတ်စေချင်၏
မင်းမြင်ငါကြား၊ စကားဥဒါန်း
ဆန်း၏သတ္တိ၊ ဆန်း၏သမာဓိ၊ ဆန်း၏ပညာ
ဆန်းမှာဆုံပေါင်း၊ ယောကျာ်းကောင်းတို့၊ ခေါင်းဆောင်သဘော
မင့်သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More