Saturday, February 6, 2010

(၄၉)နှစ်မြောက်ကချင်တော်လှန်ရေးနေ့နှင့် မေခ-မလိခမြစ်ဆုံအားဖျက်ဆီးကာ ရေကာတာတည်ဆောက်ခြင်းကို ကန့်ကွက်ဆန္ဒပြပွဲတရပ်ပြုလုပ်


ယနေ့(ဖေဖော်ဝါရီ ၅ ရက်) SHINAGAWAရပ်ကွက်ရှိ မြန်မာ့အကောက်ခွန်ရုံးရှေ့တွင် ကချင် အမျိုးသားအစည်းအရုံး(ဂျပန်)(KNO-KACHIN NATIONAL ORGANIZATION-JAPAN)မှ ဦးဆောင်ကာ ”(၄၉)နှစ်မြောက် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် မေခ-မလိခမြစ်ဆုံအား ဖျက်ဆီးကာ ရေကာတာတည်ဆောက်ခြင်းကို ကန့်ကွက်ဆန္ဒပြပွဲတရပ် ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အခမ်းအနားကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်ကို KNO-Japan၏ ဥက္ကဋ္ဌ ဦးပီတာ ဘရန်းဆိုင်းမှ ရှင်းလင်းပြောကြားခဲ့ပါသည်။ ကချင်အမျိုးသားအစည်းအရုံး၏ ထုတ်ပြန်ကြေငြာချက်ကို ဦးဘရန်မိုင်မှ ဖတ်ကြားသွားပါသည်။

ထုတ်ပြန်ကြေငြာချက်၌ ကချင်တမျိုးသားလုံး၏ မူလကိုယ်ပိုင်အခွင့်အရေးနှင့် တန်းတူအခွင့် အရေးရရှိနိုင်ရန်အတွက် တော်လှန်ရေးတွင် အသက်သွေးချွေး စတေးခဲ့ကြသော သူရဲကောင်းများကို ဂါရ၀ ပြုထားသလို တော်လှန်ရေးခရီးမှာ ဆင်းရဲဒုက္ခမြောက်များစွာရင်ဆိုင်ခဲ့သော်လည်း အမျိုးသား လွတ်မြောက်ရေးကိုဦးတည်ပြီး ကြိုးစားထမ်းဆောင်နေကြသော ကချင်ပြည်လွတ်မြောက်ရေး တပ်မတော် (KIA) အား ဂုဏ်ပြု ကြိုဆို ထားသည်ကိုတွေ့ ရပါသည်။

အဆိုပါထုတ်ပြန်ကြေငြာချက်၌ မေခ-မလိခမြစ်ဆုံအားဖျက်ဆီးကာ ဧရာဝတီမြစ်ဆုံ ရေကာတာတည်ဆောက်ခြင်းကြောင့် အိုးအိမ်ခြံမြေများကို အတင်းဓမ္မသိမ်းယူပြီး ဘေးပတ်ဝန်းကျင်ရှိကျေးရွာများအား အတင်းရွေ့ပြောင်းစေခြင်းအား အမြန်ဆုံးရပ်တန့်ပေးရန်နှင့် (၄၉)နှစ်မြောက်ကချင်တော်လှန်ရေးနေ့တွင် ကချင်တမျိုးသားလုံး ကိုယ်ပိုင်အခွင့်အရေးနှင့် တန်းတူအခွင့်အရေးရရှိရန်အတွက် တော်လှန်ရေးတွင် အသက်သွေးချွေးစတေးကာ စွန့်လွှတ်အနစ်နာခံပေးဆပ်သွားကြသော မျိုးချစ်သူရဲကောင်းတို့အား ဂါရဝပြုအပ်ပါကြောင်း ရေးသားဖော်ပြထားပါသည်။

မွှန်းလွှဲပိုင်း(၃)နာရီမှ(၄)နာရီအထိကျင်းပခဲ့သော အဆိုပါအခမ်းအနားကို ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေကြသော အဖွဲ့အစည်းပေါင်းစုံမှ တက်ရောက်ခဲ့ကြပြီး၊ တာဝန်ရှိသူများက ဧရာဝတီမြစ်ဆုံရေကာတာတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ကန့်ကွက်ကြောင်းနှင့် ပတ်ဝန်းကျင်ကျေးရွာရှိ ဒေသခံများသာ လူ့အခွင့်အရေးဆုံးရှုံးကာ နစ်နာရကြောင်းများကို ပြောကြားခဲ့ကြပါသည်။
(၄၉)နှစ်မြောက် ကချင်တော်လှန်ရေးနေ့ ကချင်အမျိုးသားအစည်းအရုံး ထုတ်ပြန်ကြေငြာချက်ကို မြန်မာ့အကောက်ခွန်ရုံးသို့ပေးပြီး၊ ကြွေးကြော်သံများဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
နန်းအိမွန်ချစ်

(ဓါတ်ပုံများကို http://pnsjapan.blogspot.com/ မှကူးယူဖော်ပြခြင်းဖြစ်ပါသည်)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More