အစိုးရအပြောင်းအလဲဖြစ်ခဲ့ပေမယ့် ဒုက္ခသည်လျှောက်ထားသူများ၏အရေးကိစ္စများကို ကိုင်တွယ်ဆောင်ရွက်ရာတွင် ပြောင်းလဲမှုမရှိပဲ ပို၍တင်းကျပ်မှုများရှိလာကြောင်း ဒုက္ခသည်လျှောက်ထားသူနိုင်ငံခြားသားများ၏အရေးကိစ္စများကို ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေကြီး အိုးဂါဝါ(Mr. Hidefumi Oogawa)နှင့် ရှေ့နေကြီး ဆုဂျီ(Mr. Shinya Tsuji)တို့မှ ပြောဆိုလိုက်ပါတယ်။
ဇန်န၀ါရီလ ၁၆ ရက်နေ့က မိုးသောက်ကြယ်စာကြည့်တိုက်တွင် အဆိုပါရှေ့နေနှစ်ဦးနှင့် မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံများ အင်တာဗျူးပြုလုပ်ခဲ့စဉ်တွင် ယခုလိုပြောဆိုလိုက်ခြင်းလည်းဖြစ်ပါတယ်။
ဆက်လက်ပြီး ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားများအပေါ် ထားရှိသည့်မူဝါဒများနှင့် ဒုက္ခသည်လျှောက်ထားသူများ၏ကိစ္စများအပေါ် နိုင်ငံတကာစံနှုန်းများဖြင့်တိုင်းတာ၍ ကိုင်တွယ်ပြီး လူသားချင်းစာနာစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင်လို တရားရေးဌာနက ဆုံးဖြတ်ခြင်းမျိုးပြုလုပ်မှာ မဟုတ်ပဲ တတ်ကျွမ်းနားလည်သူများကသာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အသစ်တက်လာသည့် ၀န်ကြီးချုပ် ဟာတိုယာမ၏ Democratic Party of Japan(DPJ)ပါတီ၏ manifestoတွင် ဖော်ပြထားခဲ့သော်လည်း၊ လက်တွေ့ကျင့်သုံးမှုမှာ ပျော့ပြောင်းမှုမရှိသည့်အပြင် တင်းကျပ်လာသည်ဟုမြင်မိကြောင်း၊ ဒုက္ခသည်လျှောက်ထားသူများအတွက် ဂျပန်လ၀က၏နံရံမှာ ပိုထူလာကြောင်းလည်း မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံများနှင့် တွေ့ဆုံမေးမြန်းခဲ့သည့်နေ့က ယခုလိုရှင်းလင်းပြောပြခဲ့ပါတယ်။
ရှေ့နေငှားဖို့အတွက် အမှန်တကယ်ငွေကြေးမတတ်နိုင်သူများကို အခမဲ့ကူညီဆောင်ရွက်ပေးသွားမည်ဟုလည်း ပြောဆိုခဲ့ပြီး၊ အဓိကအချက်မှာ ကာယကံရှင်များအနေနှင့် လိမ်ညာစွာမပြောကြားဖို့ကိုလည်း အသိပေးပြောဆိုပါတယ်။
အဆိုပါရှေ့နေနှစ်ဦးမှနေ၍ ယမန်နှစ် အောက်တိုဘာ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသော ဒုက္ခသည်လျှောက်ထားသူ နိုင်ငံခြားသားများ၏အမှုများကိုဆောင်ရွက်ပေးနေသည့် ရှေ့နေများ အစည်းအဝေးတွင် သုံးသပ်ဆုံးဖြတ်ခဲ့သည့်သဘောထားစစ်တမ်းကိုလည်း မိုးသောက်ကြယ်သို့ အီးမေးလ်ပေးပို့လာသည့်အတွက် မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။
(ရှေ့နေ Ogawa San ပြောပြချက်အရ ၂၀၀၉ ခုနှစ်အတွင်း ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခံရသူ ၂၂ ဦးရှိပြီး ၂၀ မှာ မြန်မာလူမျိုးများဖြစ်ကြသည်ဟု သိရှိရပါသည်။ လူသားချင်းစာနာသဖြင့် အထူးနေထိုင်ခွင့်ရရှိသူ ၄၀၀ ကျော်ရှိပြီး ၉၀%ကျော်မှာလည်း မြန်မာလူမျိုးများသာဖြစ်သည်ဟုလည်း သိရှိရပါတယ်)
ရှေ့နေနှစ်ဦးနှင့် မိုးသောက်ကြယ်အဖွဲ့သားများ အင်တာဗျူးထားသည့် အသေးစိပ်အချက်အလက်များကို ဖေဖော်ဝါရီလထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၇ အမှတ် ၂ တွင် အပြည့်အစုံဖတ်ရှုနိုင်ပါပြီ။

0 comments:
Post a Comment