”မွေးပါခွင့်ရေး၊ လွတ်လပ်ရေး”လို့
ဆိုရေးရှိတိုင်း၊ ဆိုခဲ့ပြီ။
ဒို့အမျိုးသား၊ ဒို့ဘိုးဘွားတို့
သွားရင်း လာရင်း၊ ထွန်ယက်ရင်းက
နေရင်း ထိုင်ရင်း၊ ပွဲကြည့်ရင်းက
ကျွန်တွင်း ကျွံကျ သွားခဲ့ပြီ။
`လွတ်လပ်ရေးဟာ၊ မွေးရာပါ`လို့
ကျမ်းလာစကား၊ ကိုးအကားကို
မကြားဖူးခင်၊ ကျွန်ဇာတ်ဝင်ပေါ့
ရှင်ရင်း သေရ၊ လူ့ဘ၀။
ငါ့ညီ ငါ့ဆွေ၊ ငါ့ ဖေ မေနဲ့
ငါ့မြေ ငါ့ယာ၊ ငါတို့ရွာလဲ
မွေးရာကျွန်ဖြစ်၊ ညဉ်ပုပ်နစ်ခဲ့
နွမ်းညစ် သမိုင်း၊ ဖတ်တိုင်းရှက်ရ
မျက်ရည်ကျစေ၊ တိုင်းပြေက ကျွန်
လူက ကျွန်မို့၊
ကျွန်က ဘယ်နှယ့်လူပါ့မယ်။
အင်္ဂလိပ်က၊ လက်ထိတ်ခြေချင်း
ချုပ်နှောင်ခြင်းကို
သွင်းယူခဲ့ကာ၊ ချုပ်ချယ်လာခဲ့။
အင်္ဂလိပ်က
ပုလိပ်ထောင် အကျဉ်း၊ ညှင်းဆဲခြင်းကို
သွင်းယူခဲ့ကာ၊ ညှင်းပန်းလာခဲ့။
အင်္ဂလိပ်က
အဆိပ်၊ ဗုံး၊ သေနတ်
သတ်ညှစ်ခြင်းကို၊ သွင်းယူခဲ့ကာ
သတ်ဖြတ်လာခဲ့။
အင်္ဂလိပ်နောက်၊ ဂျပန်ရောက်လဲ
ရောက်တုန်းရောက်ခိုက်
ရေပူလောင်းလိုက်၊ ပါးရိုက်လိုက်
လက်သည်းခွာလိုက်၊ နားရိုက်လိုက်
ဇောက်ထိုး ဆွဲလိုက်၊ မှောက်လှန်လိုက်နဲ့
ကြိုက်ရာ နွား ကျွဲ၊ ဆွဲရိုက် လု
ကြိုက်ရာ မိန်းမ မယားပြုတဲ့
ကျွန် `အပြု`သမား၊ ငပုများ
ငပုများနောက်၊ ငပေါက်များ
ကျားကိုကြောက်လို့ ရှင်ကြီးကိုး
ရှင်ကြီး ကျားထက်ဆိုးမှဆိုး။
ကျွန်ဇာတ်သွင်းခြင်း၊ ချုပ်ချယ်ခြင်းနဲ့
သတ်ခြင်း ဖြတ်ခြင်း၊ ဖိနှိပ်ခြင်းဟာ
ထခြင်း ကြွခြင်း၊ ဖိဆန်ခြင်းနဲ့
ရုန်းခြင်း ကန်ခြင်း၊ တော်လှန်ခြင်းကို
ဖန်ဆင်းအမွှာ၊ ဖွားစေပါပကော။
ဖိနှိပ်ခြင်းနှင့်၊ ရုန်းကန်ခြင်းကား
အမွှာဖွားဖက်၊ ကျောခြင်းဆက်သို့
တဖက်ရှင်ရင်၊ မရှင် တဖက်
ဆက်ဆက်မုချ၊ သေရမည်မှာ
သွေး သစ္စာ။
ဖိနှိပ်ရေးနှင့်၊ ရုန်းကြွရေးတို့
ရေးနှစ်ရေးလဲ
မွေးရာပါ၏၊ ဟူလိုဘိ။
ထီးရိုးအသစ်ထောက်၊ စည်အပေါက်ဖာ
ကြိုးပမ်းရာက
အမျိုး၊ ဘာသာ၊ သာသနာလို့
ကြွေးကာ ကြော်ကာ၊ လှုံ့ဆော်ရာက
”ဗမာပြည်သည် တို့ပြည်
ဗမာစာသည် တို့စာ
ဗမာစကားသည် တို့စကား..”လို့
အားသစ် မာန်သစ်၊ တိုက်ပွဲ သစ်ရင်း
ဘဖေတို့ခေတ်၊ အောင်ဆန်းတို့ခေတ်သို့
သွေးသစ်တံတား၊ ခင်းခဲ့တကား၊
လွတ်လပ်ရေးက ပထမ
လွတ်လပ်ရေးက ဒုတိယ
လွတ်လပ်ရေးက တတိယတဲ့။
ဟိုင်းကြီးကလျှောက်၊ ဟိုင်နံရောက်ခဲ့
သွေးဖောက်သစ္စာ၊ ပြုခဲ့ရာက
ကမ္ဘာမကြေ ဗမာပြေသို့…။
ဘီအိုင်အေ၊ ဘီဒီအေ
ဗိုလ်တေဇ၊ ဗိုလ်ကျော်ဇော
ဗိုလ်မင်းခေါင်၊ ဗိုလ်မှူးအောင်
ဗိုလ်လရောင်၊ ဗိုလ်ဗထူး…။
နယ်ချဲ့ထွက်၊ ဖက်ဆစ်ဝင်
နယ်ချဲ့ဝင်၊ ဖက်ဆစ်ထွက်
အသက်ချွေး သွေး
နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး
ပြည်သူ့လွတ်လပ်ရေး။
လွတ်လပ်ရေးပန်း၊ တော်လှန်ပန်းကား
ဇာခန်းဆီးနောက်၊ ပန်ကာအောက်တွင်
နေပြောက်ပြတင်း၊ လေသောက်ရင်းက
နေ့ချင်း ညချင်း၊ ချက်ချင်း မြေချ
ဥုံ ဖွ မှုတ်မန်း၊ ပွင့်လန်းလာသည် မဟုတ်ချေ။
အောင်ဇေယျ၊ အောင်ဆန်း၊ တော်လှန်လမ်းက
ကြမ်းစွ ရမ်းစွ၊
ပန်းသီ ဇာထိုး၊ ဖိုးဖဲ ဆေးခြယ်
လွယ်သော ငြိမ်သော၊ ငြိမ်းသောအလုပ်
မဟုတ်ခံကြောင်း၊ မမေ့ကောင်း။
နယ်ချဲ့မြေမှာ စာပေမည်မျှ ရှင်သန်သနည်း။
ဖက်ဆစ်မြေမှာ စာပေမည်မျှ ထွန်းသနည်း။
လွတ်လပ်မြေမှာ စာပေမည်သို့ လန်းသနည်း။
တို့သား တို့မြေး၊ တို့ကလေးမှာ
လွတ်လပ်ရေးက၊ မွေးရာပါ။
သခင်မျိုးဟေ့၊ ဒို့ဗမာ
ဒို့ရေးတဲ့စာ သခင်စာ
သခင်စကား ဒို့စကားပါ
ဒို့ခေတ် ဒို့စာ၊ ဒို့ဗမာ
ဒို့သာ ကြွေးကြော်၊ ဒို့ဂုဏ်ဖော်
ဖော်ရင်း ဖော်ရင်း၊ ဖေါရင်း စိတ်မသန့်
ထိတ်တလန့်နဲ့၊
လည်ဆန့်နောက်ပြန်ကြည့်တဲ့ခါ….။
သခင်စာတွင် သခင်စရိုက်
လိုက်ငယ် ဂုဏ်မြင့်၊ သခင်သိက္ခာ
ဘာတွေပါသလဲ၊ ဘယ်မှာလဲ
ဘာစာတွေက၊ ဘယ်သို့လဲ
ဘယ်လဲ ဘာလဲ၊ ဘယ်ကိုလဲ။
ဆီးဘန်နီ အစ
ဦးကျော်လှ၊ ဦးလွမ်း၊ စာပေခန်းထိ
ပြန်စောင်းကြည့်
ပန်း၏သတင်း၊ လေညင်းဆောင်ရာ
မွေးသလောက်သာ မွှေးပါ၏
မွေးသင့်သလောက် မွှေးမမွှေး
ရေးရင်း ဖက်ရင်း၊ စိတ်မရှင်း
တွေးရင်းအားပျက်မိ။
လွတ်လပ်မြေမှာ
စာပေမြတ်ပန်း၊ လန်းစွင့်ပါစ၊ မွှေးပါစ-
မေးလာတဲ့ခါ၊ မဖြေသာပြီ
ရေးရာမှာလဲ မလွတ်လပ်
တွေးရာမှာလဲ မလွတ်လပ်
ကျွန်ဇာတ် ကန့်လန့်ကာ
မ,တင်ရာ
ဘယ်မှာကြိုးငြိ၊ ဒို့မသိ။
မောင်စွမ်းရည်
ဒီဇင်ဘာ ၈။ ၁၉၈၄
(မိုးဝေမဂ္ဂဇင်းကိုပေးတဲ့အခါ ပယ်လိုက်တဲ့ကဗျာ)
0 comments:
Post a Comment