နအဖစစ်အုပ်စုမှ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်၍ နေအိမ်အကျယ်ချုပ်ဖြင့် အမိန့်ချမှတ်ခဲ့သည်မှာ ယခုလ ၁၁ ရက်နေ့ဆိုလျင် ၅ လတိတိရှိပြီဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိမြန်မာ့နိုင်ငံရေးအကျပ်အတည်းများ ကျော်လွှားနိုင်ရေးအတွက် အဓိကစွမ်းဆောင်နိုင်သူတစ်ဦးလည်းဖြစ်သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးသည် အထူးပင်လိုအပ်ပါသည်။ အဓိကကျပါသည်။
ထို့အတူ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးသည်လည်း လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးပြသနာများကို ဖြေရှင်းရန်အတွက် အလွန်ပင်အရေးကြီးပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မတရားဖမ်းဆီးအကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးအတွက် တောင်းဆိုချီတက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုအရေးလုပ်ဆောင်နေသူများနှင့် မြန်မာနိုင်ငံသူ/သားများစုစည်း၍ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ယနေ့နေ့လယ် ၂ နာရီခွဲမှစတင်၍ ပြုလုပ်ခဲ့သော တောင်းဆိုချီတက်ဆန္ဒပြပွဲကို အဲဘီစုဘူတာအနီးရှိ ပန်းခြံတခုတွင်စုရပ်အဖြစ်သတ်မှတ်၍ စတင်ထွက်ခွာခဲ့ကြပြီး ရှီဘူယရှိ ကုသမဂ္ဂအဆောက်အဦသို့ဖြတ်လျှောက်ကာ ဆန်းဒကာယပန်းခြံတွင် အဆုံးသတ်ခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် ဂျပန်-မြန်မာ နှစ်ဘာသာဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွတ်ဖို့ ကြွေးကြော်ခဲ့ကြသည်။
အဆိုပါဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ပလောင်တိုင်းရင်းသားခေါင်းဆောင်ကိုမိုင်ကျော်ဦးက “ ကျနော်တို့နိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ဖော်ဆောင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအမြန်ဆုံးလွတ်မြောက်ဖို့က အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း ဒီကိစ္စကိုပဲ အဓိကထားတောင်းဆိုနေကြပါတယ်။ ဒါကို လျစ်လျူရှုပြီး ၂၀၁၀ ရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့အတွက်သာ တဖက်သတ်လုပ်ဆောင်နေမယ်ဆိုရင် ကျနော်တို့တိုင်းပြည်ဟာ ဘယ်သောအခါမှ ငြိမ်းချမ်းမှုရရှိမှာမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကျနော်တို့တိုင်းရင်းသားခေါင်းဆောင်တွေလွတ်မြောက်ဖို့ အဓိကကျသလို တွေ့ဆုံဆွေးနွေးရေးဖြစ်ပေါ်ဖို့ကလည်း လိုအပ်ပါတယ်..“ ဟု ပြောဆိုခဲ့သည်။
ချီတက်ဆန္ဒပြပွဲသို့ လူအင်အား ၅၀၀ နီးပါးတက်ရောက်ခဲ့ကြကြောင်းလည်း သိရှိရသည်။
မင်းညိုဝမ်း

Request for Free DASSK in Tokyo,Japan |

0 comments:
Post a Comment