Friday, January 1, 2010

၂၀၁၀ မှစ၍ နိုင်ငံဂျပန်သို့အခြေချနေထိုင်ခွင့်ရရှိသည့် မြန်မာဒုက္ခသည်များအကြောင်း ဂျပန်တီဗွီလိုင်းတခုမှထုတ်လွှင့်ပြသ


ဒုက္ခသည်တွေကို လက်ခံတာအလွန်အမင်းနည်းပါးလွန်းပြီး တံခါးပိတ်စံနစ်ကျင့်သုံးနေတယ်လို့ နံမည်ကြီးနေတဲ့ ဂျပန်အစိုးရက ၂၀၁၀ ခုနှစ်ကစပြီး ထိုင်းနယ်စပ်တနေရာမှာရှိတဲ့ မြန်မာဒုက္ခသည်တွေကို ဂျပန်နိုင်ငံသို့ ခေါ်ယူတော့မည်ဖြစ်ကြောင်း ဂျပန်တီဗွီလိုင်းတခုဖြစ်သည့် TBS (Tokyo Broadcasting System)မှ ထုတ်လွှင့်ပြသသွားခဲ့ပါတယ်။

`တတိယနိုင်ငံတွင်အခြေချနေထိုင်ရေးစံနစ်`ဟု အမည်ပေးထားတဲ့အစီအစဉ်နဲ့ ထိုင်းနိုင်ငံအနောက်ဖက် ဒုက္ခသည်စခန်းရှိ မြန်မာနိုင်ငံမှ ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည် ကရင်လူမျိုးဒုက္ခသည်အနည်းငယ်ကို စီစစ်ပြီး လက်ခံဖို့ဆောင်ရွက်နေတယ်လို့သိရှိရပါတယ်။

နအဖစစ်တပ်နဲ့ ကရင်တိုင်းရင်းသားတို့တိုက်ပွဲဖြစ်နေပြီး အဲဒီစစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ကရင်မျိုးနွယ်စုများမှာ မိမိ၏မူရင်းဒေသသို့ မပြန်နိုင်တော့ဘဲဖြစ်နေတဲ့အတွက်တတိယနိုင်ငံတခုကိုသွားနိုင်ဖို့အတွက်မျှော်လင့်နေကြရပါတယ်လို့ရှင်းပြထားပါတယ်။

“ဂျပန်နိုင်ငံကို သွားချင်ပါတယ်။ ထိုင်းနိုင်ငံနဲ့လည်းနီးပြီး ဂျပန်လူမျိုးstaffတွေက သူတို့ကို ကူညီထောက်ပံ့ပေးတယ်”လို့ ကရင်ဒုက္ခသည်အမျိုးသမီးကအခုလိုပြောပါတယ်။

အဆိုပါဒုက္ခသည်စခန်းကနေ အရှေ့ဖက် ၄၅၀၀ကီလိုမီတာအကွာမှာရှိတဲ့ ဂျပန်နိုင်ငံ Nagano ခရိုင်၊ Matsumoto အရပ်မှာရှိတဲ့ နေရာဒေသကို ကရင်ဒုက္ခသည်တွေအတွက် သင့်တော်တဲ့နေရာဖြစ်တယ်လို့ ဂျပန်နိုင်ငံရှိ UNHCR ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ Mr. Takizawa Saporo ကအကြံပြုထားပါတယ်။

အဲဒီနေရာဟာ တောင်တန်းတွေရဲ့ကြားထဲမှာဖြစ်ပြီး ကရင်လူမျိုးတွေနေထိုင်ခဲ့တဲ့ ဇာတိမြေနဲ့လည်းဆင်ဆင်တူတယ်လို့သူကဆိုပါတယ်။ အဲဒီဒေသက လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ လက်မှုပညာလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နိုင်တယ်လို့လည်းသိရှိရပါတယ်။ “အဆိုပါဒေသဟာ သဘာဝဘေးအန္တာရယ်ထူပြောတဲ့နေရာဖြစ်ပြီး ငလျင်အကြီးအကျယ်လှုပ်ခတ်တဲ့ ဒေသတခုဖြစ်ပါတယ်..” ဆိုတာကိုတော့ ထည့်သွင်းမပြောကြားသွားပါဘူး။

Mr. Takizawa Saporoက ပြီးခဲ့တဲ့လက ဒုက္ခသည်တွေကို ဂျပန်လူမျိုးတွေအနေနဲ့ နက်နက်နဲနဲ စဉ်းစားနားလည်ပေးနိုင်ဖို့ Symposium အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ ဂျပန်လူ့ဘောင်အဖွဲ့အစည်းမှာ ဒုက္ခသည်တွေကို လက်ခံဖို့ဆိုတာ ဂျပန်အစိုးရရဲ့ တခုတည်းပြဿနာမဟုတ်ဘဲ ဒေသဆိုင်ရာဂျပန်လူမျိုးတွေရဲ့ နွေးထွေးစွာဆိုကြိုမှုရှိ-မရှိ နဲ့လည်း တစိတ်တပိုင်းအားဖြင့် ပတ်သက်မှုတွေရှိတယ်လို့သူကပြောပါတယ်။

“တော်တော်အထီးကျန်ဖြစ်ခဲ့ရတယ်လို့ခံစားရတဲ့အချိန်က ဂျပန်နိုင်ငံကို ပထမဦးဆုံးအချိန်ရောက်ရှိတဲ့အခါမှာ ဘယ်သူမှလည်း ကျမကို `အခုအချိန်ကနေပြီး ဘာကိုလုပ်ချင်ပါသလဲ`ဆိုတာ ဘယ်သူမှလည်းဘဲမမေးခဲ့လို့ပါ…”လို့ Cambodia ဒုက္ခသည်အမျိုးသမီးတဦးဖြစ်တဲ့ Ponnaret ကပြောပါတယ်။ Cambodia ဒုက္ခသည်အမျိုးသမီးတဦးဖြစ်တဲ့ Ponnaretဟာ ၁၉၇၀ခုနှစ်ပိုင်း Cambodia Pol Pot အစိုးရလက်ထက်မှာ မိခင်ဖခင် ညီအကိုမောင်နှမများအသတ်ခံရပြီး ထိုင်းနယ်စပ်ကို ထွက်ပြေးခိုလှုံလာခဲ့သူတဦးလည်းဖြစ်ပါတယ်။

ဒုက္ခသည်တွေရဲ့ ရပ်တည်ခံစားနေရတဲ့ ဒုက္ခတွေကို စာနာနားလည်ပေးမဲ့ အသံမျိုးလည်းထွက်ပေါ်လာစေချင်ကြောင်း နိုင်ငံခြားသားဖြစ်လို့ မဖြစ်လို့ဆိုပြီးမဟုတ်ဘဲ
ကမ္ဘာကြီးထဲမှာ အတူတကွနေထိုင်နေကြတဲ့ လူသားတယောက်အနေနဲ့ ဒုက္ခသည်တွေကို လက်ခံပေးရင်သိပ်ကောင်းမှာဘဲလို့လည်း သူမကပြောဆိုပါတယ်။

အာရှရဲ့ စက်မှုအင်အားကြီးနိုင်ငံဖြစ်တဲ့ ဂျပန်အစိုးရအနေနဲ့ ထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေကို UNHCRက ချမှတ်ပေးထားတဲ့ `အာရှတိုက်ရှိ တတိယနိုင်ငံမှာအခြေချနေထိုင်ရန်`အတွက် ပထမဦးဆုံး စွန့်ဦးခေါ်ဆောင်တဲ့နိုင်ငံတခုဖြစ်ပြီး ၂၀၁၀ မှ ၂၀၁၂ အထိ ၃ နှစ်စီမံကိန်းနဲ့ တစ်နှစ်လျင် လူ ၃၀ ခေါ်ယူမယ်လို့ သိရပါတယ်။

(ဒေါင်းမာန်ဟုန်)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More