Saturday, January 23, 2010

ဆရာမကွယ်လွန်သေးဘူး(တင်မောင်သန်း)

(ကဗျာဆရာတင်မိုးဈာပနတွင် ပြောကြားခဲ့သော စကားကောက်နှုတ်ချက်)
မိုးမခ၀်က်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်

ကဗျာဆရာကြီးတင်မိုးကို လာရောက်ဂါရဝပြုကြတဲ့၊ စာပေချစ်သူများ၊ အမှန်တရား၊ တရားမျှတမှု ငြိမ်းချမ်းရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်ကို ချစ်မြတ်နိုးကြသူများ . . . . ။

ကဗျာဆရာတိုင်း၊ စာရေးဆရာတိုင်းဟာ လူတိုင်းရဲ့နှလုံးသားကို ဆွဲကိုင်လှုပ်ခတ်နိုင်ကြတာမဟုတ်ပါဘူး။ အဲသလို လူထုနှလုံးသားကို ဆွဲကိုင်လှုပ်ခပ်နိုင်တဲ့ ဆရာဆိုတာက မြန်မာစာပေလောကမှာ လက်ချိုးရေတွက်လို့ ရပါတယ်။

အဲသလို ဆရာအနည်းစုထဲမှာ ကဗျာဆရာကြီးတင်မိုးတယောက်ပါဝင်တယ်ဆိုတာ ကျွန်တော် အထူးအထွေ ပြောဖို့မလိုပါဘူး။ ဒါပေမယ့် ဆရာနဲ့ပတ်သက်လာတဲ့အခါ ထူးထူးခြားခြား ပြောထိုက်တယ်ဆိုတဲ့အချက်ကတော့ သူ့ကိုဖမ်းဆီးချုပ်နှောင်ထားသူတချို့ မိသားစုတွေရဲ့ နှလုံးသားကပါ လှုပ်ခတ်သွားတယ်ဆိုတဲ့ အချက်ပါပဲ။

ဆရာ့ကိုဖမ်းဆီးတဲ့အခါ ပထမဆုံးအချုပ်မှာထားပါတယ်။ အဲသလိုအချုပ်ကျနေတုံး ထူးဆန်းလှတဲ့ ငါးဆင့်ချိုင့်ကြီးတချိုင့်ဟာ စားစရာသောက်စရာအစုံအလင်နဲ့ အချုပ်ခန်းထဲက ဆရာ့ဆီကို နေ့တိုင်း ရောက်လာတတ်ပါတယ်။

ရက်အနည်းငယ်ကြာတဲ့အခါ အမျိုသမီးတယောက်က အချုပ်ခန်းမှာ ဆရာ့ကိုလာဂါရဝပြုပါရော။ ဒီအမျိုးသမီးကတော့ ဆရာ့ကို ချုပ်နှောင်ထားသူတွေထဲက အရာရှိတယောက်ရဲ့ဇနီးပါပဲ။ ဆရာစားသောက်ဖို့ ငါးဆင့်ချိုင့်ပို့နေသူကလည်းသူပါပဲ။ သူတင်လား၊ မဟုတ်ပါဘူး။ သူ့သမီး တက္ကသိုလ်ကျောင်းသူကလေးကလည်း ဆရာ့ကိုလာတွေ့ပြီး သူ့မုန့်ဖိုးစုငွေထဲက ကန်တော့သွားပါသေးတယ်။ သူ့အမေ တက္ကသိုလ် ကျောင်းသူလေးရဲ့အဖွားကလည်း ဆရာ့ကိုလာတွေ့ပြီး ကျန်းမာချမ်းသာစေကြောင်း မေတ္တာပို့ ဆုတောင်းပါသတဲ့။

ဒီလိုနဲ့ အချုပ်ခန်းကနေ ထောင်ကို ဆရာရောက်သွားပါတယ်။ ထောင်ရောက်တဲ့အခါ ဆက်ဆံပုံက လုံးဝပြောင်းလဲသွားပါတော့တယ်။ ဆရာပုံစံထိုင်ရတယ်။ ပုံစံထိုင်နေတုန်း “ကဗျာဆရာဆိုတာ ဘယ်သူလဲကွ” လို့ မိုက်မိုက်ရိုင်းရိုင်း မေးသံခံရပါတယ်။ “အသက်ကြီးမှ တောင်ရေးမြောက်ရေး ရေးတာ ခင်ဗျားလား” လို့လည်း အကြိမ်းခံရပါတယ်။ တန်းဖြုတ်တော့ “ကဗျာဆရာနေခဲ့”လို့လည်း အမိန့်ပေးခံရပြန်ပါသတဲ့။ ဆရာ့စိတ်ထဲမှာတော့ မိုက်ရိုင်းလှချေရဲ့လို့ ဒေါသတွေ တဟုန်းဟုန်းထနေခဲ့ပါတယ်။ တခြားသူတွေ ရှင်းသွားတဲ့အခါ အဲဒီ မိုက်မိုက်ရိုင်းရိုင်း ပြောသူက ဆရာ့အနားကပ်လာပြီး ဆရာ့လက်ထဲကို ကြွပ်ကြွပ်အိတ်တလုံး ထည့်လိုက်ပါတယ်။
ပြီးတော့ ဆရာ့ကို နှစ်ကိုယ်ကြား တိုးတိုးလေးပြောလိုက်ပါသတဲ့။ “ဆရာ . . . ဟောဒီမှာ ဆရာ့အတွက် ဆေးလိပ် ၂စည်း၊ ထောင်ထဲမှာ ဒါကပိုက်ဆံပဲဆရာ” လို့ ဆိုလိုက်ပါသတဲ့။

ကဗျာဆရာရဲ့စာဟာ သံတိုင်တွေကိုဖြတ်ပြီး အချုပ်ခန်းဟိုဘက်က မိသားစုတစုဆီ ရောက်သွားတယ်။ နှလုံးသားတွေကိုကိုင်လှုပ်လိုက်တာ မျိုးဆက်တဆက်တည်းမဟုတ်ဘူး။ ကြည့်စမ်း. . . . မျိုးဆက် ၃ဆက်၊ မြေးတက္ကသိုလ်ကျောင်းသူ၊ အမေ အရာရှိဇနီး၊ ပြီးတော့. . . အဘွား။

ကဗျာဆရာရဲ့ စာဟာ အုတ်နံရံကို ဖြတ်ပြီး၊ အကျဉ်းထောင်ထဲက သူ့ကို ဖမ်းဆီးရသူရဲ့ နှလုံးသားထဲ ရောက်သွားတယ်။ အကျဉ်း အကျပ်ထဲမှာ ကဗျာဖတ်သူက ဆေးလိပ် ၂စည်းနဲ့ ကဗျာဆရာကို သူ ပူဇော်တယ်။

ဘယ်လောက်မင်္ဂလာရှိလိုက်လေသလဲ။ မြန်မာ့လူ့အဖွဲ့အစည်းအတွက် မင်္ဂလာအချိန်အခါကို ကဗျာအောင်စည်တီး ဆင့်ခေါ်နေတဲ့ ကဗျာဆရာအပေါ် မင်္ဂလာဂါရဝနဲ့ ညွတ်နူးတုံ့ပြန်ကြတာ မြန်မာ့ မင်္ဂလာတရား တရပ်ပေပဲပေါ့။

ကဗျာဆရာကြီး တင်မိုးဟာ မင်္ဂလာတရားကို အချုပ်ခန်းနဲ့ အကျဉ်းထောင်အထိ သယ်ဆောင်သွားသူတယောက်ဖြစ်တယ်။ မြန်မာ့လူ့အဖွဲ့အစည်းအတွက် မင်္ဂလာအချိန်အခါကို ကဗျာအောင်စည်တီးဆင့်ခေါ်နေတဲ့ ကဗျာဆရာအပေါ် မင်္ဂလာဂါရဝနဲ့ ညွတ်နူးတုံ့ပြန်ကြတာ….

ထောင်ကထွက်ပြီး လအနည်းငယ်လေးမှာပဲ ကဗျာဆရာကြီး တင်မိုးနဲ့ မန္တလေးတက္ကသိုလ် မြန်မာစာဌာနကို ကျွန်တော် လိုက်သွားဖူးပါတယ်။ ဆရာက ကျောင်းထိုင်ဘုန်းကြီး၊ ကျွန်တော်က ဘုန်းကြီးကျောင်းသားလေးလို။ ခန်းမကြီးတဖက်မှာ ဆရာမကြီးတွေက အလုပ်လုပ်ကြတယ်။ ခန်းမငယ်မှာ ဆရာငယ်တွေက စားပွဲရှည်ကြီးမှာ အလုပ်လုပ်နေကြတယ်။ ဆရာမကြီးတယောက်က ကျွန်တော်တို့ကို ခန်းမကြီးတဖက်ကို ခေါ်သွားပါတယ်။ ဆရာမကြီးနောက်က ဆရာ၊ ဆရာ့နောက်က ကျွန်တော်၊ ဆရာငယ်တွေရဲ့ စားပွဲထိပ်နားအရောက်မှာ ဆရာမကြီးတယောက်က ဟောသလိုကြေညာလိုက်တယ်။

“ဒါ . . . . ကဗျာဆရာကြီး တင်မိုး”

ငုံ့နေတဲ့ ဆရာငယ်တွေရဲ့ခေါင်းတွေ ဆတ်ကနဲမော့လာတယ်။ ပိတ်နေတဲ့ပါးစပ်တွေ ပွင့်သွားတယ်။ “ သြော်. . .ဆိုတဲ့ အံ့သြတဲ့၊ လေးစားတဲ့၊ အနှစ်နှစ် အလလက ရင်းနှီးပြီး တွေ့ဖူးချင်တဲ့ပုဂ္ဂိုလ်ကို ရုတ်ခြည်းတွေ့လိုက်ရတဲ့အခါ အံ့အားသင့်သွားတဲ့ အသံတိုးညှင်းညှင်းတွေ ကျနော် ကြားလိုက်ရပါတယ်။ ပြီးတော့ ဘယ်သူကမှ မခိုင်းစေ မမှာကြားရပါဘဲ အလိုအလျောက်ပါပဲ ဆရာငယ်တွေဟာ ထိုင်နေရာက မတ်တပ်ရပ်လိုက်ကြတယ်။ ကဗျာဆရာကြီး တင်မိုး သူတို့ရှေ့မှာ ဖြတ်လျောက်နေပြီကိုး။

ဆရာက ခေါင်းတညိတ်ညိတ်၊ အပြုံးနဲ့ ပြန်နှုတ်ဆက်လို့။ ကျနော်ကတော့ ဆရာငယ်တွေရဲ့ ကြိုဆိုပုံကို အံ့အားသင့်၊ ဝမ်းသာ၊ ကြည်နူး . . .ဒါ . . ကဗျာဆရာ၊ လူထုကဗျာဆရာ၊ ရင်ထဲမှာ ကျနော်ကျူးရင့်လိုက်မိတယ်။ ခေါင်းတွေ ဆတ်ကနဲမော့၊ ပါးစပ်တွေပွင့်၊ ထိုင်ရာက ထကြ၊ လူထုကဗျာဆရာဆိုတာ ဒါပဲဖြစ်တယ်။ ခေါင်းတွေ ဆတ်ကနဲမော့၊ ပါးစပ်တွေပွင့်၊ ထိုင်ရာက ထကြ။

ဆရာမကြီးတွေနဲ့ ကဗျာဆရာကြီးတင်မိုး ရှေးဟောင်းနှောင်းဖြစ်ပြောပြီးတဲ့အခါ လာလမ်းအတိုင်း ကျနော်တို့ ပြန်ကြပါတယ်။ ဒီအခါမှာတော့ ဆရာမကြီးက ဒါ ကဗျာဆရာကြီး တင်မိုးလို့ မကြေညာတော့ပါဘူး။ ဆရာငယ်တွေလည်း တပြိုင်တည်း မရပ်ကြတော့ဘူး။ ဒါပေမဲ့ သူတို့ရပ်တယ်၊ ထိပ်ဆုံးမှာ ရှိတဲ့ ဆရာငယ်က သူ့ရှေ့ကို ကဗျာဆရာကြီး ဖြတ်တဲ့အခါ၊ မတ်တပ်ရပ်လိုက်တယ်။ ကျော်သွားပြီးတော့ သူပြန်ထိုင်တယ်၊ သူထိုင်ချိန်မှာ သူနဲ့ကပ်လျက် ဆရာငယ်က မတ်တပ်ရပ်နေပြီ။

ဒီလိုနဲ့ ကဗျာဆရာကြီးတင်မိုး ဖြတ်လျောက်နေတဲ့အချိန်တွေမှာ ဆရာ၊ ဆရာမငယ်တွေက ထလိုက် ထိုင်လိုက်နဲ့။ လှိုင်းလုံးကြီးတလုံးဟာ နိမ့်လိုက် မြင့်လိုက် ဖြတ်သွားနေသလိုပါပဲ။

အဲဒီ မန္တလေးတက္ကသိုလ်ထဲက လှိုင်းလုံးကြီးဟာမြန်မာပြည်အနှံ့။ ဟော . . .အခု နိုင်ငံတကာအနှံ့။ ဒါ လူထုကဗျာဖြစ်တယ်။ ခေါင်းတွေ ဆတ်ကနဲမော့၊ ပါးစပ်တွေ ပွင့်၊ ထိုင်ရာက ထကြ၊ လှိုင်းလုံးကြီးတွေ လိမ့်တက်။ ဒါ လူထုကဗျာဆရာ ဖြစ်တယ်။

ဒါ . . ကဗျာဆရာ၊ လူထုကဗျာဆရာ၊
ရင်ထဲမှာ ကျွန်တော် ကျူးရင့်လိုက်မိတယ်။
ခေါင်းတွေ ဆတ်ကနဲမော့၊ ပါးစပ်တွေပွင့်၊ ထိုင်ရာက ထကြ၊
လူထုကဗျာဆရာဆိုတာ ဒါပဲဖြစ်တယ်။

ဘယ်က ဆရာ အားတွေရသလဲ ကျွန်တော် စဉ်းစားကြည့်တယ်။

ကဗျာဆရာရဲ့နှလုံးသားဆိုတာ တိမ်တွေနဲ့တူတယ်။ နူးညံ့တယ်။ ဖြူဖွေးတယ်။ လွင့်မျောတယ်။ ကောင်းကင်မှာနေတယ်။ အဲဒီ နှလုံးသားတိမ်တွေက လူတွေရဲ့ စိတ်ကူးနဲ့ အဇ္ဈတ္တကို နှိုးဆွ၊ နိုးထ စေတယ်။

ဒါပေမယ့် တိမ်တွေက တခုနဲ့တခု တူတာမဟုတ်ဘူး။ တချို့က တစ . . .နှစ်စ၊ တချို့က တဆုပ် . . .နှစ်ဆုပ်၊ တချို့က တအုပ် နှစ်အုပ်၊ တချို့က ဖြူတလှည့် ညိုတလှည့်။

အဲသလို အမျိုးမျိုးရှိကြတဲ့ တိမ်တွေကြားမှာ ဆရာ့ရဲ့ နှလုံးသားကတော့ တိမ်တိုက်ကြီး ဖြစ်တယ်။ အမျိုးသားရနံ့နဲ့ လွင့်မျောနေတယ်။ မိခင်ရဲ့ နှလုံးသားလို နူးညံ့တယ်။ ကလေးရဲ့အပြုံးလို ဖြူစင်တယ်။ ကောင်းကင်မှာ ဖန်မီးအိမ်တလုံးနဲ့ လမင်းကို ဂီတဆက်ကပ်တယ်။

ကောင်းကင်မှာနေတဲ့အခါ လောကကို အပူဒဏ်ကလွတ်အောင် အဲဒီနှလုံးသားတိမ်တိုက်ကြီးက ပြည်သူကို ကာကွယ်ပေးတယ်။ အမှောင်ချဉ်းလာတဲ့အခါ ပြည်သူအပေါ် အလင်းကို ဖွင့်ပေးတယ်၊ ခပ်မဆိတ် ငြိမ်သက်နေတဲ့အခါ ထစ်ချုန်းခေါ်သံ ဆင့်တယ်။ လူသားနဲ့ လောကကို စော်ကားလာကြတဲ့အခါ အဲဒီတိမ်တိုက်ကြီးက မုန်တိုင်းဖြစ်သွားတတ်တယ်။

ဒါတင်မကဘူး။ အဲဒီ တိမ်တိုက်ကြီးက မိုးအဖြစ်လည်း မြေကို ဆင်းတတ်ပေသေးရဲ့။

ဖိနှိပ်ရက်စက်မှုတွေ ကြမ်းရမ်းလာတဲ့အခါ အဲဒီ မိုးက ဒေါသမျက်ရည်ဖြစ်တယ်။

မြေပက်ကြားအက်၊ ခေါင်ချက် ရက်ဆက်လာတဲ့အခါ၊ အဲဒီ မိုးက ပင်ပျိုရွက်နု သစ်စေတယ်။

ဆာလောင်မွတ်သိပ်မှုနဲ့ ကလေးတွေ ငိုညည်းနေတဲ့အခါ၊ အဲဒီ မိုးက ကာရန် ပုလဲပုတီးစေ့တွေ သီတယ်။

စာသင်ကျောင်းတွေမှာ မြန်မာကျောင်းသားတွေ ရှင်သန်နေတဲ့အခါ အဲဒီ မိုးက ဝမ်းသာမျက်ရည်တွေ ဖြစ်သွားပြန်တယ်။
မြန်မာကဗျာဆရာကြီးတင်မိုး ကွယ်လွန်သွားခဲ့ပါတယ်။ ရုပ်ကမ္ဘာ ရုပ်လောကမှာ ဘာဝဓမ္မနဲ့ လျောညီစွာ သူ့သက်တမ်းက အကန့်အသတ် ရှိခဲ့ရတယ်။ ဒါပေမယ့် မြန်မာပြည်သူတွေရဲ့ စိတ်ကမ္ဘာ၊ စိတ်လောကမှာတော့ ကဗျာဆရာကြီးတင်မိုးရဲ့သက်တမ်းက အကန့်အသတ်မဲ့၊ အန္တိမဖြစ်တယ်။ ရုပ်ကမ္ဘာ၊ ရုပ်လောကမှာ ကဗျာဆရာကို ဝေဒနာရောဂါက ရုတ်ခြည်းတိုက်ခိုက် သတ်ပစ်နိုင်တယ်။

ဒါပေမဲ့ မြန်မာပြည်သူတွေရဲ့ နှလုံးသားကမ္ဘာ၊ နှလုံးသားလောကမှာတော့ အမှန်တရား၊ တရားမျှတမှု၊ လွတ်လပ်ခွင့်၊ ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားကို ဘယ်မိစ္ဆာမှ သတ်လို့ မရသလိုပဲ၊ ကဗျာဆရာကြီး တင်မိုးက ရှင်သန်နေဆဲ ဖြစ်တယ်။

ဒါကြောင့် . . . .

ကဗျာဆရာ တင်မိုး မကွယ်လွန်သေးဘူး။
ကဗျာဆရာ တင်မိုး မကွယ်လွန်သေးဘူး။
ကဗျာဆရာ တင်မိုး မကွယ်လွန်သေးဘူး။

(မိုးမခစာဖတ်ခန်း ဝ၂၊ ၂၂၊ ၂ဝဝ၇- အမှတ်တရမှတ်တိုင်များ)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More