Monday, January 11, 2010

ဂျပန်နိုင်ငံရောက် ကချင်တိုင်းရင်းသားများ (၆၂)ကြိမ်မြောက် ကချင်ပြည်နယ်နေ့  အခမ်းအနား ကျင်းပ


http://pnsjapan.blogspot.com/မှ

(၆၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ဇန်န၀ါရီလ(၁၀)ရက်နေ့က TOKYO Toshima-ku မြို့ နယ် Ikebukuro Kohkaido ခမ်းမမှာ ကချင်အမျိုးသားအစည်းအရုံး-ဂျပန် မှ ဦးစီးကျင်းပပြုလုပ်ကာ ညနေ ၁၈း၀၀ နာရီ မှ ၂၁း၃၀ အထိ နှစ် ပိုင်းခွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစီအစဉ် ပထမပိုင်းမှာ အဖွင့် ဆုတောင်းပြီးသည့်နောက် ကချင်အမျိုးသား အစည်းအရုံး အဖွဲ့ သီချင်းကို KNO-Japan အဖွဲ့ သားများ သီဆိုဖျော်ဖြေခဲ့ပါသည်။ ဆက်လက်ပြီး KNO-Japan ဥက္ကဋ္ဌ ဦးပီတာဘရန်ဆိုင်းမှ အဖွင့်နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီးသည့်နောက် ကချင်ပြည်နယ်နေ့ ဖြစ်ပေါ်လာခြင်း သမိုင်းအကျဉ်းကို ဖတ်ကြားခြင်း၊ KNO အဖွဲ့ ချုပ်မှ ပေးပို့ လာသော သ၀ဏ်လွှာဖတ်ကြားခြင်း၊ ကချင်လူမျိုးများရဲ့ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကို Power Point ဖြင့် KNO-Japan အထွေထွေအတွင်းရေးမှုး မရစ်ဆိုင်းဘူ မှ ရှင်းလင်း တင်ပြသွားပြီး ကျေးဇူးတင်စကားကို KNO-Japan ဒု ဥက္ကဋ္ဌ လဖိုင်ဇော်လ မှပြောကြားသွားပါသည်။

ဒုတိယပိုင်းအစီအစဉ်မှာတော့ ရိုးရာယဉ်ကျေးမူ ဖျော်ဖြေရေးအစီအစဉ် ဖြစ်ပြီး ပထမဦးဆုံး ကချင်မျိုးနွယ်စု ခြောက်စုကို မိတ်ဆက်ပေးသည့်အက များဖြစ် တင်ဆက်ကပြပြီးသည့်နောက် ၊ရိုးရာသီချင်းများ သီဆိုခြင်းများ၊ တေးသရုပ်ဖေါ်အကများ၊ ကချင်လူမျိုးများ ၏ နိုင်ငံရေးသမိုင်း ပြဇတ်များ ၊ ကချင်ရိုးရာ ထောင်ကာအက၊ ဂျပန်နိုင်ငံ ရောက် ပြည်ထောင်စုဘွားများ စုပေါင်းပါဝင်ကြသည့် မနောအက ဖြစ် ကပြပြီးသည့်နောက် အပိတ် ဆုတောင်း ပြီး ညနေ ၂၁း၃၀ တွင် အခမ်းအနားပြီးဆုံးခဲ့ပါသည်။

ဒီနေ့ ကျင်းပပြုလုပ်သည့် နှစ်(၆၂)မြောက် ကချင်ပြည်နယ်နေ့  အခမ်းအနားကို ဂျပန်နိုင်ငံရောက် ပြည်ထောင်စု ဘွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ နှင့် ဂျပန်ဧည့်သည်တော်များ အပါအ၀င် စုစုပေါင်း (၂၇၀)ကျော်ခန့်  တက်ရောက်ခဲ့တာကိုတွေ့ ရပါသည်။ မိမိတို့ နိုင်ငံ ဒေသတို့ နှင့် အလှမ်းဝေးသည့် နိုင်ငံကို ရောက်ရှိနေသောလည်း ရောက်ရာအရပ်မှာ အထင်ကရနေ့ များ မိမိတို့ ရဲ့ ရိုးရားယဉ်ကျေးမှုများ ကို စည်းစည်း လုံးလုံးနဲ့  ကြိုးစားပြီး လုပ်ဆောင်နိုင်ခဲ့တာကို တွေ့ ရသည့်အတွက် အလွန်ဘဲ ဂုဏ်ယူဝမ်းမြောက်မိပါသည်။



PNS-Japan
Photo by / Lian Khan Sum(CNC-Japan)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More