Sunday, April 6, 2008

တလအတွင်း မြန်မာရေးရာသတင်းဖတ်စာ(၂၀၀၈ ခုနှစ်၊ မတ်လ)

(စုစည်းတင်ပြသူ-ဇော်မောင်ဇော်)





ကန့်ကွက်မဲ

မေလတွင် ကျင်းပမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲတွင် — လူထုလူတန်းစား အလွာအသီးသီးမှ တိုင်းရင်းသားပြည်သူများ အားလုံးနှင့် အဖွဲ့အစည်းများက သက်ဆိုင်ရာ မဲရုံများသို့ မပျက်မကွက် သွားရောက်ကြ၍ ကန့်ကွက်မဲကို ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ပေးကြပါရန် ပန်ကြားအပ်ပါသည် — ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန်လိုက်ပါသည်။


ထို့ပြင် မဲပေးရာတွင် လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိကို စောင့်ကြပ်ကြည့်ရှုရန်နှင့် ပယ်မဲများ မဖြစ်စေရန် သတိပြု လုပ်ဆောင်ရမည့် အချက်များကိုလည်း ထုတ်ပြန်လိုက်ပါသည်။
ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲပေးရန် ရည်ရွယ်ပြုလုပ်သည့် ဆန္ဒပြပွဲတရပ်ကို ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးရှေ့တွင် ယနေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။ လူဦးရေ ၃၀ ခန့်ပါဝင်သည့် ဆန္ဒပြသမားများက “NO” စာသားပါဝင်သည့် ၀တ်စုံကိုဝတ်ဆင်၍ ကမ္ဘာ့ကုလသမဂ္ဂအလံနှင့် ဖက်ဆစ်ဂျပန်တော်လှန်ရေး အလံများကို လွှင့်ထူကာ၊ စစ်အစိုးရ၏ အခြေခံဥပဒေကို လက်မခံကြရန်နှင့် စစ်ကျွန်ဘ၀သို့မရောက်စေရန် ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲပေးကြရန် စသည်တို့ကို ကြွေးကြော် ဆန္ဒပြကြသည်။
မတ်လ ၆ ရက်မှစ၍ နအဖ အခြေခံဥပဒေကို ကန့်ကွက်မဲပေးကြရန် လှုံ့ဆော်သည့် ပိုစတာများ ရန်ကုန်တွင် လူငယ်များက ဖြန့်ဝေလျက်ရှိသည်။ လွန်ခဲ့သည့် နှစ်ရက်ကလည်း မန္တလေးတွင် ရဟန်းတော်များက ကန့်ကွက်မဲထည့်ရန် ပိုစတာများ ကပ်ခဲ့ကြသည်။
သီးလေးသီး နဲ့ ဆေးရောင်စုံ အဖွဲ့၏ ဂျပန်နိုင်ငံတွင် တင်ဆက်ခဲ့သော `သူတောင်းစား ဆန္ဒခံယူပွဲ´ ပြဇာတ် စီဒီများကို ကန့်ကွက်မဲ လှုပ်ရှားမှုအဖြစ် ဖြန့်ဝေလျက် ရှိသည်။ တက်ကြွလှုပ်ရှားသူများက ကန့်ကွက်မဲပေးရေး နှိုးဆော် တိုက်တွန်းမှုများကို နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက် ရှိသည်။

မျှော်တလင့်လင့်

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီ သည် ရန်ကုန်သို့ မတ်လ ၆ ရက်နေ့က ရောက်ရှိပြီး၊ မြန်မာနိုင်ငံရှိ အိုင်စီအာစီ အပါအ၀င် ကုလအဖွဲ့အစည်းများနှင့် တွေ့ဆုံသည်။ ၇ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီး၊ ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်၊ နအဖ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့တို့နှင့် တွေ့ဆုံသည်။ ၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့တို့နှင့် သီးခြားစီ တွေ့ဆုံသည်။
မတ်လ ၁၉ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂမ်ဘာရီ၏ အစီရင်ခံစာတွင် အဖိအဖော့များနှင့် နှပ်ကြောင်းပေးမှုများ ပါဝင်နေသည်ဟု မြန်မာ့ဒီမိုသမားများက ဝေဖန်လိုက်သည်။
ဂမ်ဘာရီက ၄င်း၏ခရီးစဉ်အတွင်း အောင်မြင်မှု ဘာမျှ မရခဲ့သည်ကို ၀န်ခံသော်လည်း၊ စစ်အစိုးရနှင့် ဆက်ဆံရေးတွင် အဆင်ပြေလာပြီး၊ စစ်အစိုးရ၏ ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲ အချိန်ဇယား ထုတ်ပြန်လာခြင်းမှာ တိုးတက်မှုဟု ဖော်ပြထားပါသည်။ စစ်အစိုးရက ကုလသမဂ္ဂ အကြံပြုချက်များအား ငြင်းဆိုလိုက်သည်ကို သာမန်အဖြစ် တင်ပြပြီး၊ နိုင်ငံတကာမိသားမှ အပြုသဘော ချဉ်းကပ်သင့်ကြောင်း ၄င်းက ဆိုပါသည်။ ဂမ်ဘာရီ၏ တင်ပြချက်များသည် အဖြစ်မှန်နှင့် ကွဲလွဲနေကြောင်း ထောက်ပြဝေဖန် နေကြပါသည်။

ဈေးမတည့်

နအဖ ပြောရေးဆိုခွင့်အာဏာပိုင်အဖွဲ့ ခေါင်းဆောင် ဗမခကျော်ဆန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ထံမှ ဆွေးနွေးရန် စာဖြင့်ရေးသား တိုက်တွန်းလိုက်သည့် အချက် ငါးချက်စလုံးကို “မလုပ်နိုင်ပါ”ဟု ငြင်းဆိုကြောင်း ဂမ်ဘာရီအား ဖတ်ပြ အသိပေးလိုက်သည်။
ထို့ပြင် နအဖ လုပ်နေသည့် လမ်းပြ ၇ ဆင့် နိုင်ငံရေး လုပ်ငန်းစဉ်ကို ကုလသမဂ္ဂက ထောက်ခံ အားပေးရမည်ဟု တောင်းဆိုသွားပါသည်။ ယခင်တခေါက်က ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်ကို ထုတ်ပြန်ပေးခဲ့သည့် ဂမ်ဘာရီကိုလည်း မိမိလုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်သည် ဘက်လိုက်သည်ဟု စွပ်စွဲလိုက်ပါသည်။

ဣတ္ထိယဆုများ
မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းကြသူ မစုစုနွေး, မဖြူဖြူသင်း နှင့် မနီလာသိန်း တို့ သုံးဦးကို ချက်နိုင်ငံ People in Need အဖွဲ့က ‘ဟိုမို ဟိုမီနီ’ ဆု ချီးမြှင့်လိုက်သည်။ အဆိုပါဆုကို မတ်လ ၅ ရက်နေ့က ပေးအပ်လိုက်ပြီး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လုပ်ငန်းများအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သူ၊ နိုင်ငံရေး ပဋိပက္ခများတွင် အကြမ်းမဖက်နည်းဖြင့် ရင်ဆိုင်သူများအား ပေးအပ်လေ့ရှိသည်။
အလားတူ အမေရိကန်အခြေစိုက် International Republican Institute (IRI) က အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကို Jeane Kirkpatrick ဆု ချီးမြှင့်လိုက်သည်။

၉ မမ သက်သေ
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီးတွင် ငါးလောင်းပြိုင် လူသတ်မှုတခု မတ်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့သည်။ သေဆုံးသူများမှာ စ၀်ကြည်ဖေ၊ ဇနီး ဒေါ်စန်းစန်းမြ၊ သမီး ဒေါ်မြစန္ဒာ၊ သမီး မနှင်းပွင့်အေးနှင့် အိမ်ဖော် နော်အယ်ဖော တို့ဖြစ်ကြသည်။ ဒေါ်မြစန္ဒာ၏ ခင်ပွန်း ဖူဂျီစားသောက်ဆိုင်ပိုင်ရှင် ဦးသူဇော် ညနေအိမ်ပြန်ရောက်မှ မိမိအိမ်သားများ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ပြီး ရဲစခန်းသို့ တိုင်ကြားခဲ့သည်။ လူသတ်သမားက ၉ မမ ကျည်ဆံဖြင့် ပစ်ခတ်သွားသည်ဟု ဆိုသည်။ ၉ မမ ကျည်ဆံမှာ နအဖ စစ်လက်နက်စက်ရုံထုတ် ဖြစ်သည်။ သေဆုံးသူ မိသားစုမှာ မိုးကုတ်အဆက်အနွယ် ချမ်းသာသူများဖြစ်ကြောင်း သိရသည်။

ကုလား-ဗမာ ချစ်ပွဲ

(အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများက ဗိုလ်မောင်အေးခရီးစဉ်ကို ကန်ဏ္ဍကွက်ဆန္ဒပြနေကြနေစဉ်။ ဓါတ်ပုံ-မဇ္ဈိမ)

နအဖ ဒုတိယခေါင်းဆောင် ဒု-ဗခမက မောင်အေးသည် အိန္ဒိယနိုင်ငံ ဒု-သမ္မတ၏ ဖိတ်ကြားချက်အရ အလည်အပတ် သွားရောက်ရန် ဧပြီလ ၂ ရက်နေ့က အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားသည်။ ၄င်း၏ ၅ ရက်ကြာ ခရီးစဉ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကုန်ကျမည့် ရခိုင်ပြည်နယ် ကုလားတန်မြစ် စီမံကိန်းအတွက် အိန္ဒိယအစိုးရနှင့် သဘောတူ လက်မှတ်ထိုးလိမ့်မည်ဟု မျှော်လင့်ရသည်။ အိန္ဒိယအစိုးရသည် နအဖ စစ်အစိုးရနှင့် စီးပွားရေး လုံခြုံရေး ကိစ္စများတွင် နီးနီးကပ်ကပ် ဆက်ဆံနေပြီး၊ မကြာသေးမီက လက်နက်များ ရောင်းချပေးခဲ့သည်။

ရိုက်ကုန်ပြီ

ဆန္ဒခံယူပွဲထောက်ခံရေး ပေါ်လစီဇာတ်ကားများကို နိုင်ငံကျော်ဒါရိုက်တာများ ဖြစ်သည့် မောင်တင်ဦး၊ မီးပွား၊ မောင်မောင်ဦး (စနိုးဝှိုက်)၊ ခင်မောင်ဦး-စိုးသိန်းထွဋ်နှင့် နောင်ထွန်းလွင်-ညီထွန်းလွင်တို့က နာမည်ကျော် သရုပ်ဆောင်များနှင့် ရိုက်ကူးလျက်ရှိသည်။ ယင်းဇာတ်ကားများကို ပုဂ္ဂလိက ဗီဒီယိုလုပ်ငန်းများက တာဝန်ယူထုတ်လုပ်၍ မြန်မာ့ရုပ်သံနှင့် မြ၀တီရုပ်သံ လိုင်းများမှ ထုတ်လွှင့်မည် ဖြစ်သည်။ အဆိုပါ ဇာတ်ကားများကို အများပြည်သူ မကြည့်ရှုရန်၊ သရုပ်ဆောင်များကလည်း ပြည်သူအများ နစ်နာမည့် အလုပ်မျိုးကို မလုပ်ကြရန်၊ နှိုးဆော်စာများ ရန်ကုန်မြို့တွင် ပျံ့နှံ့လျက် ရှိသည်။


လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေး အဖွဲ့ခေါင်းဆောင် ဦးမြင့်အေးသည် မတ်လ ၂၇ နေ့ ည ၉ နာရီခန့်က အရိုက်ခံရသဖြင့် ဦးခေါင်းတွင် ဒဏ်ရာ ပြင်းထန်စွာရရှိသွားပြီး ငါးချက်ချုပ်ရကြောင်း သိရသည်။ စမ်းချောင်းမြို့နယ်အတွင်း အိမ်ပြန်ရန် ကားငှားနေစဉ် အမည်မသိ လူတဦးက နောက်မှ ရိုက်သွားခြင်း ဖြစ်သည်။
မတ်လ ၃၁ နေ့က လှိုင်သာယာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်လှိုင်ကို အိမ်ရှေ့တွင် ရပ်နေစဉ် အမည်မသိ လူတယောက်က နောက်မှ ၀င်ရောက် ရိုက်သဖြင့် ဦးခေါင်းတွင် ဒဏ်ရာရပြီး သုံးချက် ချုပ်ထားရသည်။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လူပ်ရှားသူများကို ပြောင်ပြောင်တင်းတင်း ရိုက်နှက် ခြိမ်းခြောက်မှုများ ဆက်တိုက်ဖြစ်နေ၍ စိုးရိမ်မှုများ ဖြစ်ပေါ်နေပြီး တရားခံများကိုမူ တဦးမျှ ဖမ်းဆီးအပြစ်ပေးနိုင်ခြင်း မရှိသေးပေ။

ကြွေလွင့်သူများ

စိုင်းထီးဆိုင်
အဆိုတော် စိုင်းထီးဆိုင် သည် အစာအိမ်သွေးကြောပေါက်သည့် ရောဂါဖြင့် မတ်လ ၁၀ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။
စိုင်းထီးဆိုင်ကို ၁၉၅၀ ပြည့်နှစ်တွင် ရှမ်းပြည်နယ် လင်းခေးမြို့၌ မွေးဖွားခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များက `မန္တလေးရောက် ရှမ်းတယောက်´ သီချင်းဖြင့် စတင် ထင်ရှားခဲ့ပြီး၊ `မောင့်လပြည့်ဝန်း´ သီချင်းသည် သူ၏ အောင်မြင်ကျော်ကြားဆုံး တေးတပုဒ် ဖြစ်သည်။ တေးရေး စိုင်းခမ်းလိတ်၊ The Wild Ones တီးဝိုင်းတို့မှာ စိုင်းထီးဆိုင်နှင့် ခွဲထား၍မရသော ဂီတတွဲဘက်များ ဖြစ်ပြီး၊ ကိုယ်ပိုင်သံစဉ် ကိုယ်ပိုင်ဂီတဖြင့် စွဲစွဲမြဲမြဲ လျှောက်လှမ်းခဲ့သူ ဖြစ်သည်။ လူ့ဘ၀သရုပ်နှင့် ရှမ်းပြည်၏ ဓလေ့ရိုးရာအလှကို ဖော်ကျူးသည့် တေးသီချင်းများစွာကို အောင်မြင်စွာ သီဆိုခဲ့သူ တဦးဖြစ်သည်။ စိုင်းထီးဆိုင် ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်သန်းစိုးနှင့် သား တစ်ယောက်၊ သမီး နှစ်ယောက် ကျန်ရစ်ခဲ့သည်။
ဦးမြင့်သိန်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သူ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းသည် မတ်လ ၂၈ ညနေပိုင်းက အစာအိမ်ကင်ဆာ ရောဂါဖြင့် စင်ကာပူနိုင်ငံ၌ ကွယ်လွန်သွားသည်။
အရင်ကတည်းက အစာအိမ်ဝေဒနာရှိသူ ဦးမြင့်သိန်းသည် ယမန်နှစ် စက်တင်ဘာလက တလခန့် အဖမ်းအဆီး ခံခဲ့ရစဉ် ကျန်းမာရေး ချို့တဲ့လာပြီး၊ ဆေးဝါးကုသခွင့် မရခဲ့၍၊ နောက်ပိုင်း ရောဂါအခြေအနေ ပိုဆိုးရွားလာခဲ့သည်။ ဦးမြင့်သိန်းသည် ယင်းဝေဒနာဖြင့် ကွယ်လွန်ချိန်တွင် အသက် ၆၂ နှစ် ရှိပြီ ဖြစ်သည်။

အလုအယက်
ဗုဒ္ဓဘာသာဝင် လူအများ ကိုးကွယ် ကြည်ညိုသော သာမညဆရာတော်၏ ရုပ်ကလာပ်ကို ဧပြီ ၁ ရက်နေ့ည သန်းခေါင်တွင် ပြောက်ကျားဝတ်စုံ ၀တ်ဆင်ထားသည့် အမည်မသိ လူအုပ်စုတစုက အဓမ္မ လုယူသွားသည်။ လွန်ခဲ့သည့် လေးနှစ်ခန့်က ဘ၀နတ်ထံ ပျံလွန်တော်မူသွားသည့် ဆရာတော်၏ ရုပ်ကလာပ်ကို သာမညတောင်ပေါ်တွင် အများပြည်သူ ဖူးမြော်နိုင်ရန် မှန်ခေါင်းသွင်းထားခြင်း ဖြစ်သည်။
မည်သူ့လက်ချက် ဖြစ်သည်၊ ဘာကြောင့် ဤသို့ လုယူသည်၊ ဘယ်မှာ ဘာလုပ်လိုက်သည် စသည်တို့ကို မသိရသေးဘဲ လူအများ ဒွိဟဖြစ်နေကြသည်။

ကားကျ ဆန်တက်

ရန်ကုန်ကားဈေးကွက်၌ ကားဈေးနှုန်းများ များစွာထိုးကျနေသောကြောင့် အရောင်းအ၀ယ် ပါးရှားပြီး ပွဲစားနှင့် ၀ယ်ရောင်းများ အလုပ်မဖြစ်ကြတော့ဟု သိရသည်။ လက်ရှိ ကားဈေးကွက်တွင် ပြည်ပမှတင်သွင်းလာသော ကျပ်ငွေ သိန်းတထောင်မှ လေးထောင်ကျော်အထိ ပေါက်ဈေးရှိသည့် မော်ဒယ်အမြင့် ကားများမှာ သိန်း ၅၀၀ မှ သိန်း ၁၀၀၀ ခန့်အထိ ကျဆင်းလျက်ရှိပြီး၊ ကျပ်ငွေ သိန်းတထောင်အောက် ပေါက်ဈေးရှိသည့် မော်ဒယ်အနိမ့် ကားများမှာ သိန်း ၁၀၀ ဝန်းကျင် ကျဆင်းနေကြောင်း သိရသည်။
နိုင်ငံအတွင်း စီးပွားရေး လုပ်ငန်းများ ကျဆင်း၍ လူအများ ငွေကြေး ကြပ်တည်းခြင်း၊ ကားပါမစ်များ ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေခြင်း၊ တရားမ၀င် ကားတင်သွင်းမှုများ ရှိနေခြင်းတို့ကြောင့် ကားဈေးကွက် ဖရိုဖရဲ ဖြစ်လာရသည်ဟု သိရပါသည်။
ကမ္ဘာတလွှား ဆန်ပြတ်လပ်မှုကြောင့် ဆန်ဈေးနှုန်း မြင့်တက်လာနေချိန်တွင် မြန်မာပြည်မှာလည်း ဆန်ဈေးနှုန်း တရိပ်ရိပ် တက်လာနေသည်။ ပြည်တွင်းဆန် လုံလောက်စွာ ရှိနေပါလျက် ဆန်ဈေးတက်ရခြင်းမှာ သယ်ယူခနှင့် အခြားဝန်ဆောင်ခများကြောင့်ဟု ဆိုသည်။ ဆန်ဈေးတက်သော်လည်း လယ်သမားထံ၌ ရောင်းစရာ ဆန်မရှိ၊ ကုန်သည်များကလည်း တွက်ချေမကိုက်ဟု ညည်းနေချိန်တွင် ပြည်ပဈေးကွက်၌ ဈေးပေါသော မြန်မာ့ဆန်ကို စင်ကာပူက ၀ယ်ယူမည် ဆိုသည်။

ကတိ နှင့် တပတ်ရိုက်

မတ်လ ၂၇ ရက်နေ့တွင် ကြပ်ပြေးနေပြည်တော်၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က — ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် တက်လာသည့် အစိုးရကို အာဏာလွှဲပေးမည် — ဟု ၄င်း၏ ၆၃ နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်း၌ ထည့်သွင်း ပြောကြားလိုက်သည်။ ၁၉၉၀ ရွေးကောက်ပွဲ မကျင်းပခင်ကလည်း ဗိုလ်ချုပ်မှူးကြီး စောမောင် ဤသို့ပင် ပြောခဲ့ဖူးသည်။
ထိုနေ့မှာပင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝန်းခြံရှေ့၌ “တိုင်းပြည်အပေါ် ဘယ်အချိန်အခါမှ တပတ်မရိုက်ခဲ့ပါ” ဆိုသည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက် စာတန်းနှင့် ပုံတူပိုစတာတခုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချိတ်ဆွဲလိုက်သည်။

ဆွမ်းမစား စာမဖြေ

စစ်အစိုးရ ကျင်းပသည့် ပထမပြန်နှင့် ဓမ္မာစရိယ စာမေးပွဲများသို့ ယခုနှစ် ၀င်ရောက် ဖြေဆိုသည့် သံဃာ အရေအတွက် များစွာလျော့နည်းသွားသည်။ သာသနာရေးဌာနက စာဖြေသံဃာ ခုနစ်သောင်းကျော် ရှိသည်ဟု စာရင်းထုတ်ပြန်သော်လည်း အမှန်တကယ် ဖြေဆိုသူ ထက်ဝက်အောက် လျော့နည်းနိုင်သည်ဟု ဆိုသည်။ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ မြင်းခြံ စသည့် မြို့များရှိ စာသင်တိုက်ကြီးများက စာဖြေသံဃာ အနည်းဆုံး ထက်ဝက်ခန့် လျော့နည်းကြောင်း အတည်ပြု ပြောကြားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက စက်တင်ဘာလ ငြိမ်းချမ်းစွာ မေတ္တာပို့သည့် ဆန္ဒပြ သံဃာတော်များအား အကြမ်းဖက်ရိုက်နှက် သတ်ဖြတ်ခဲ့၍ ပတ္တနိက္ကုဇ္ဇန ကံဆောင်ထားသည်ကို သတိပြုပြီး စစ်အစိုးရကျင်းပသည့် သံဃာစာမေးပွဲကို မဖြေဆိုဘဲ သပိတ်မှောက်ရန် နှိုးဆော် ထုတ်ပြန်ထားသည်။

အရပ်အဆိုင်း
စစ်အစိုးရက မေလတွင် ပြုလုပ်မည့် အခြေခံဥပဒေအတည်ပြုရေး ဆန္ဒခံယူပွဲနှင့်ပတ်သက်ပြီး လူထုစည်းရုံး လှုံ့ဆော်မှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် မြန်မာနိုင်ငံအတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်း (INGO)များ၏ လူထုနှင့် ထိစပ်ဆောင်ရွက်နေသည့် လုပ်ငန်းများကို တင်းကျပ်လာနေကြောင်း၊ အချို့ကို ရပ်ဆိုင်းခိုင်းကြောင်း သိရသည်။
မတ်လ ၄ ရက်နေ့မှစတင်၍ အန်ဂျီအိုများကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း ကျန်းမာရေးဦးစီးဌာနမှ အစည်းအဝေး ခေါ်ယူကာ လူထုနှင့် ထိစပ်လုပ်ငန်းများဖြစ်သည့် ကျန်းမာရေး ပညာပေးခြင်း၊ ခုခံအားကျဝေဒနာရှင်များကို တွေ့ဆုံပြီး နှစ်သိမ့်ဆွေးနွေးခြင်း စသည့် လုပ်ငန်းများကို မလုပ်ဆောင်ရန် ခေါ်ယူပြောဆိုသည်ဟု သိရသည်။ လူထုကျန်းမာရေး ပညာပေးမှုဆိုင်ရာ ကွင်းဆင်း လုပ်ရှားမှုများကိုလည်း မပြုလုပ်ရန် တားမြစ်ထားကြောင်း သိရသည်။

ဖော်လံဖား
ထိုင်းဝန်ကြီးချုပ် စမတ် စွန်ထော်ရဝဲ့က အမေရိကနှင့် အင်္ဂလန်နိုင်ငံတို့၏ မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုမပြုရေး တောင်းဆိုမှုကို မတ်လ ၂၆ ရက်နေ့က ငြင်းဆန်လိုက်သည်။ “အနောက်နိုင်ငံတွေက မလုပ်ပါနဲ့လို့ ပြောတိုင်း ဘာလို့ လိုက်နာရမှာလဲ” ဟု ၎င်းက ပြောကြားကြောင်း နေးရှင်းသတင်းစာတွင် ဖော်ပြထားသည်။
ထိုင်းဝန်ကြီးချုပ်သည် မတ်လ ၁၄ ရက်နေ့က မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး စီးပွားရေးရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် စစ်အစိုးရနှင့် စကားပြောဆိုခဲ့သည်။ ၄င်းက မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ပြီး အကျိုးအမြတ်လည်း ရခဲ့သည်ဟု ခရီးစဉ်အပြီးတွင် ပြောဆိုခဲ့သည်။
အတိုက်အခံအဖွဲ့များနှင့် နိုင်ငံတကာမိသားစုက စီးပွားရေးလုပ်ရာတွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးကို အလေးထားရန် တိုက်တွန်းကြသော်လည်း၊ ထိုင်းဝန်ကြီးချုပ်က ထိုအချက်ကို လျစ်လျူရှုသည့်ပြင် သံဃာတော်များကို ဖြိုခွင်းခဲ့သည့် မြန်မာစစ်ဗိုလ်ချုပ်များကို ဘာသာတရား ကိုင်းရှိုင်းသူများဟု အမွှန်းတင် ပြောဆိုခဲ့သည်။

ပြည်သူ့အင်အား


ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းက အာဏာရှင်စနစ်ကို တွန်းလှန်နိုင်သည့်အားမှာ ပြည်သူ့အင်အား ဖြစ်သည်ဟု ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီရေး လှုပ်ရှားသူများအား ပြောဆိုလိုက်သည်။ “လက်ထဲမှာဆုပ်ကိုင်ထားတဲ့ အာဏာကို သဘောထားကြီးစွာနဲ့ အလိုအလျှောက် စွန့်လွှတ်သွားတဲ့ အာဏာရှင်မျိုး ကမ္ဘာ့သမိုင်းမှာ ဘယ်ခေတ်ဘယ်အခါကမှ မရှိခဲ့ဖူးပါဘူး။ … ကုလသမဂ္ဂက ကယ်တင်လို့ လွတ်မြောက်သွားတဲ့ နိုင်ငံရယ်လို့ ကမ္ဘာပေါ်မှာ တနိုင်ငံမှ မရှိခဲ့ဖူးပါဘူး” ဟုပြောဆိုလိုက်ပြီး၊ စစ်အာဏာရှင်စနစ်ကို ပြည်သူ့အင်အားဖြင့် တွန်းလှန်မှ ဖြစ်မည်ဟု တိုက်ပွဲခေါ်လိုက်ပါသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More