Wednesday, April 2, 2008

တောသားကြေညာစာတမ်း


သွားလေရာရာ
ဝါ၀ါ မည်းမည်း ဖြူဖြူ
လူတွေ လူတွေ
လူတွေ အမျိုးမျိုး။

တွေ့ရသမျ
၀၀ ဖြိုးဖြိုး၊ ပြုံးပြုံးရွှင်ရွှင်
မြင်ရင် ‘ဟိုင်း’ ‘ဟောင်း’နဲ့
ခေါင်းညိတ်ကြ၊ ပြုံးပြကြ
ခွေးကရှေ့ကပြေး၊ ကြောင်လေးကို ပခုံးပေါ်တင်
လူတင် မကပါဘူး
ခွေးကလဲ ၀၊ ကြောင်ကလဲ ၀လို့မို့
ခွေးကလဲ မစင်မနမ်း
ကြောင်ကလဲ ကြွက်ကိုမဖမ်းဘူး
ငြိမ်းချမ်းရေးဟာ ‘ဗိုက်’ ပေါ်မှာ တည်ရော့ထင်
‘အရိုက်’ပေါ်မှာ မတည်၊ ‘အကိုက်’ပေါ်မှာလဲမတည်
‘အမိုက်’ပေါ်မှာလဲ မတည်၊ ‘အတိုက်’ပေါ်မှာလဲ မတည်ဘူး
ကြိုက်သော်ရှိ၊ မကြိုက်သော်ရှိ
စရိုက်ပျော်ဘိသနဲ့ အမေရိကန်။


ပြည်ထောင်စုက ငါးဆယ်
လူမျိုးကြီးငယ် ရာထောင်မက
ဘုရားကလဲ စုံ၊ တရားကလဲ စုံ
စကားကလဲ စုံ၊ အစားကလဲ စုံ
ဆူးပုံ သဲပုံ က၊ ရေခဲပုံ ရွှေမည်းပုံ အထိ
ရေအစုံ မြေအစုံ၊ အမွေစုံ
စုံလဲ စုံပါဘိ၊
စုံပေသည့်လဲ၊ အချင်းမများဘူး
အချင်းများရင်လဲ၊ သတင်းသမားတွေက
မင်းလားဟဲ့ ရှုပ်ချင် ပြန်သလားဆိုပြီး
ရုပ်မြင်သံကြားမှာ
ဆိုင်ရာ ပိုင်ရာ ‘ကညော့’တဲ့ပြီး
‘ဒိုင်ရာလော့’မှဖြင့်
‘ဒိုင်ရာနာ’အလား၊ ပြေးပေါက်မှားလိမ့်မယ်။

ဒါ အမေရိကား
ကိုယ့်လမ်း ကိုယ်သွားကြစတမ်း
အလကား လာပြီး ရှုပ်ရှုပ်ရှုက်ရှုက်နဲ့
‘ရုဒ်မက်’ဆိုတဲ့၊ ဗယုတ်ဗယက်တွေလဲ မရှိဘူး။

အကျိုးမများဘဲ ပလီပလာ အကြံနဲ့
အမျိုးသားညီလာခံလဲ မရှိဘူး။
လော်မာသရဲပြီး၊ ပေါ်တာ ဆွဲတာလဲ မရှိဘူး။
စပျစ်ဝိုင်ကလပ်နဲ့၊ ‘ခေတ်ပြိုင်’ဖတ်လဲ
ဖတ်သာဖတ်၊ ဖတ်ရုံနဲ့တော့ မဖမ်းဘူး။
တို့များကို မငြိမ်သက်နဲ့
ဇိမ်ပျက်အောင် ကလိမ်ကလက်
အိမ်ဖျက်တာလဲ မရှိဘူး။

‘ဘွတ်ရှ် ’ကိုပဲဆဲဆဲ၊ ‘ဘလဲယား’ကိုပဲ ချဲချဲ
ချဲတဲ့ ငနဲတသိုက်ကို၊ အကဲ အမိုက်ဆိုပြီး
ရဲလိုက်လိမ့်မယ် မထင်လေနဲ့
မလိုက်ဘူး။

ကနေဒီကို ကြိုက်ကြိုက်၊ ကယ်ရီကိုပဲ ကြိုက်ကြိုက်
‘ဒီမို’ကိုပဲ ကြိုက်ကြိုက်၊ ‘ဟိုမို’ကိုပဲ ကြိုက်ကြိုက်
မိန်းမချင်းကိုပဲ ကြိုက်ကြိုက်၊ ယောကျာ်းချင်းကိုပဲ ကြိုက်ကြိုက်
ကြိုက်ချင်ရာကြိုက်၊ မကြိုက်ချင်ရာ မကြိုက်နဲ့
မကြိုက်တာကို မကြိုက်လို့ ဗြောင်ငြင်းလဲ
ထောင် မသွင်းပါဘူး။

တောင်တွင်းက အောင်သင်းပဲ ဟော ဟော
အောင်ဝေးဆိုတဲ့ ကောင်လေးပဲ ပြော ပြော
ဟောချင်တာကို ဟော၊ ပြောချင်တာကို ပြော
မမောသမျ ဟောကြ ပြောကြပေရော့
သဘောမကျလို့၊ ဒေါသဖြစ်ရင်လဲ
စစ်ဗိုလ်ချင်း ကြက်ခွပ်ခိုင်းကွဲ့
ရိုင်းတယ်လို့မရှိ ။
ကလောင်နဲ့ ကလော် ကလော်
ကာတွန်းနဲ့ ကလိကလိ
ရိချင်တိုင်း ရိလို့ ရသဗျား။

ဒီနယ် ဒီအရပ်မှာ
တပ်မတော်သားဆိုပြီး
အရပ်စော်ကားလို့တော့ မရဘူး။

သေနတ်ဆွဲပြီး၊ ပါးစပ်ပြဲတိုင်း
အရပ်ဆဲလို့လဲ မရဘူး။

သေနတ်ထောင်ပြီး
အရပ် လှောင်ချင်လို့လဲ မရဘူး။
သေနတ်နဲ့ ချိန်ပြီး
အရပ် နှိမ်ချင်လို့လဲ မရဘူး။

မင့်ဘာသာ စစ်သား ဖြစ်ဖြစ်
မင့်ဘာသာ အလစ်သမား ဖြစ်ဖြစ်
အယစ်သမားဖြစ်ရင်လဲ လေမသန်အောင်
‘သေနံ့’တဟောင်ဟောင် ထွက်ရုံနဲ့ပဲ
လမ်းမမှာ မဆဲခင်
ဖမ်းကြတော့မှာပါပဲ။

မူးရင်ပဲ မောင်းမောင်း၊ မောင်းရင်ပဲ မူးမူး
ဗိုလ်မှူးသားလဲ မရဘူး၊ ဗိုလ်ရူးသားလဲ မရဘူး
မူးလို့ကတော့ မူးသူဟာ ထောင်ဒဏ် ငွေဒဏ်ပေါ့
ဒဏ်ပေးရင်လဲ အကြေးအဖြစ်
ဈေးဆစ်လို့ဖြင့် မရပေဘူး။
ဗမာမှာ အရပ်ဂျပိုးတွေလို
အသပြာ လပ်ထိုးလို့လဲ မရပေဘူး။
သေနတ် မိုးလို့လဲ မရပေဘူး။

အမေရိကန်ပါတဲ့
အဖေပေတည့် မခံဘူး။

သူအဖေ သူအဖိုးဆိုပြီး
ဥပဒေ နှစ်မျိုးမရှိဘူး။

ဓနရှင် အရင်းများသူတွေက
ဘ၀ရှင်မင်းတရားတွေလို မရိုင်းဘူး။

ဧကရာဇ်ပဲ ဖြစ်ဖြစ်၊ ပဒေသရာဇ်ပဲ ဖြစ်ဖြစ်
ဘုံဝါဒပဲ ဖြစ်ဖြစ်၊ အစုံဝါဒပဲ ဖြစ်ဖြစ်
ဖြစ်ချင်ရာ ဖြစ်ကြစမ်း
ဟစ်ချင်ရာ ဟစ်ရရင် ကြိုက်မယ်
ပစ်ချင်ရာ ပစ်ရင် မကြိုက်ဘူး
ချစ်ချင်ရာ ချစ်ခွင့်ကို ပေးပါလော့။
ဗဟုဝါဒမှာ၊ ဘသူ့ ဘာကမှ မထိပါးရင်
ငါ ဒီမိုကရေစီ ဆိုပါတော့
ငါ ကြည်ညိုပေပြီ မှတ်စို့၊ အရပ်တို့။ ။

မောင်စွမ်းရည်
မေ ၂၈၊ ၂၀၀၄

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More