Sunday, April 27, 2008

သီဟိုဠ်ကျွန်းငယ်ပေါ်က လမ်းပြကြယ်

သီရီလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များဘလောက်မှ


ခရစ်နှစ်သစ် ၂၀၀၈၊ မြန်မာ့နှစ်သစ် ၁၃၇၀-ပြည့်နှစ် စသည်ဖြင့် နှစ်သစ်မင်္ဂလာအသီးသီး ဆင်နွှဲခဲ့ကြတဲ့အတွက် ရဟန်းရှင်လူ ပြည်သူတွေရဲ့ အသက်သွေးတွေနဲ့ စတေးထားရတဲ့ ၁၉၈၈၊ “ဒီမိုကရေစီ အရေးတော်ပုံ” ၂၀၀၇၊ စက်တင်ဘာ “ရွှေဝါရောင် တော်လှန်ရေး” တွေဟာ သွေးများအေးသွားပြီလား.. မေ့များသွားပြီလား-လို့ အတွေး ပွားနေစဉ်…
သီရီလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့ရဲ့ အပြည်ပြည်ဆိုင်ရာ သာသနာ့ ဥသျှောင် အဖွဲ့ကြီးရဲ့ ဦးဆောင်မှုနဲ့အတူ န အ ဖ-ဖက်ဆစ်စစ်အုပ်စုရဲ့ ၂၀၀၈၊ မေလ (၁၀) ရက်နေ့တွင် ပြုလုပ်မဲ့ မတရားတဲ့“ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း”အတည်ပြုနိုင်ရေးဆန္ဒခံယူပွဲကို ပြည်သူများအနေနဲ့ ကန့်ကွက်မဲ(ကြက်ခြေခတ်)ပေးကြဖို့ ရဲရဲရင့်ရင့် သီရိလင်္ကာနိုင်ငံရှိ ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြတဲ့ သတင်းနဲ့ ဓာတ်ပုံတွေ ကို “lanka.msma.blogspot.com” ကနေကြည့်လိုက်ရတဲ့အခါ အံ့သြဘနန်း ကြက်သီးမွေး ညှင်းထမိသလို ဒီအရှင်မြတ်တွေရဲ့ အမျိုးဘာသာ သာသနာနဲ့ တိုင်းပြည်အပေါ် ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်ကို မကြည်ညိုပဲ မနေ နိုင်အောင်ဖြစ်ရပါတယ်။

တကယ်တော့ သာမန်အသိဥာဏ်ကင်းမဲ့သူတွေအမြင်နဲ့ ကြည့်ရင်တော့ “ဒါဟာ ဘုန်းကြီးတွေနဲ့ ဘာဆိုင်လဲ” လို့ တာဝန်မဲ့ ပြောကောင်းပြောပါလိမ့်မယ်။ အဲဒီလို ပြောတဲ့သူရှိမယ်ဆိုရင်တော့ အဲဒီလူဟာ အမျိုး ဘာသာ သာသနာနဲ့ တိုင်းပြည်ကိုသာမက မြတ်ဗုဒ္ဓကိုပင်စော်ကားသူ-လို့ ဆိုရပါလိမ့်မယ်။ ဘာဖြစ်လို့ ဒီလို ပြောရသလဲ-ဆိုရင် မြတ်ဗုဒ္ဓကိုယ်တိုင် ရောဟိဏီအရေးကို ဖြေရှင်းပေးတော်မူခဲ့ကြောင်း ပိဋကတ်စာပေမှာ အထင်အရှားရှိနေလို့ပါပဲ။ ထို့အတူ မြန်မာ့သမိုင်း အဆက်ဆက်မှာလဲ အရှင် ဒိသာပါမောက္ခ၊ စကြို-သူမြတ်၊ ဆရာတော်ဦးဥတ္တမ၊ ဆရာတော်ဦးဝိစာရ-စသည့် သာသနာ့ဇာနည် အရှင် မြတ်များမှသည် ဆရာတော် ဦးဇောတိက (မန္တလေး ရဟန်းပျိုဥက္ကဋ္ဌ)၊ ဦးရေ၀တ (သံဃသာမဂ္ဂီ ဥက္ကဋ္ဌ)၊ ဦးဂမ္ဘီရ (သံဃာ့တပ်ပေါင်းစု ဥက္ကဋ္ဌ- ယခု မတရားဖမ်းဆီးခံ) တို့ဟာလဲ ဆက်လက်ပြီး သမိုင်းတင်ခဲ့သည် မဟုတ်လော။

ထို့အတူပဲ ပြည်ပမှာဆိုရင် မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒ (လက်ရှိ သာသနာ့ဥသျှောင်အဖွဲ့ကြီး၏ ပဓာနာစေရ)၊ ပီနန်ဆရာတော်ကြီး ဦးပညာဝံသ (လက်ရှိ သာသနာ့ဥသျှောင်အဖွဲ့ ဥက္ကဋ္ဌ)၊ ဆရာတော် ဦးဥတ္တရ (လက်ရှိ သာသနာ့ဥသျှောင်အဖွဲ့အတွင်းရေးမှူး [ပြည်ပ])၊ ဦးခေမာစာရ (ရဟန်းပျိုသမဂ္ဂ ဥက္ကဋ္ဌ)၊ ဦးဝါသေဋ္ဌ (လက်ရှိ သီရိလင်္ကာရောက် မြန်မာ ကျောင်းသား ရဟန်းတော်များအဖွဲ့ ဥက္ကဋ္ဌ) စတဲ့ ဆရာတော်တွေဟာလဲ အခက်အခဲတွေကြားကနေ တိုင်းပြည်အတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ လုပ်ဆောင်နေတော်မူကြသလို နောင်အနာဂတ်မျိုးဆက်သစ် သံဃာတော် အရှင်မြတ်တွေအနေနဲ့လဲ ဆက်လက်လက်ဆင့်ကမ်း ထမ်းဆောင် သွားကြမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ-လို့ ယုံကြည်မိပါတယ်။
ဒါ့ကြောင့် နိုင်ငံရေးနဲ့ ဘာသာရေးဆိုတာ ဆက်စပ်နေတယ်လို့ ဆိုရပါမယ်။ တနည်းပြောရရင် တိုင်းပြည်တပြည်ရဲ့ နိုင်ငံရေးတည်ငြိမ်မှ စီးပွားရေး လူမှုရေး ဘာသာရေး-အစစ အဆင်ချောပါတယ်။ နိုင်ငံရေး မတည်ငြိမ်ပဲ စီးပွားရေး လူမှုရေး ဘာသာရေး-အစစ အဆင်ချောတဲ့နိုင်ငံ ဘယ်ကမ္ဘာမှာမှ မရှိပါဘူး။ နိုင်ငံရေး မတည်ငြိမ်ခြင်းရဲ့ရလဒ်ကတော့ ပြည်သူတွေ မွဲတေမယ်၊ နိုင်ငံတကာအလယ်မှာ မျက်နှာငယ်မယ်-ဆိုတာ မြန်မာနိုင်ငံရဲ့လတ်တလောအခြေအနေက သက်သေခံလျှက်ရှိနေပါတယ်။
ပြည်သူတွေအနေနဲ့ ဖက်ဆစ်စစ်အာဏာရှင်တွေရဲ့ မတရားဖိနှိပ်မှုအောက်မှာ ရောက်နေတဲ့အတွက် အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေရသော်လဲ သူတို့နှလုံးသားထဲမှာ ဘာတွေရှိတယ်ဆိုတာ၊ သူတို့ ဘာလုပ်ရ မယ်-ဆိုတာ သိရှိနေကြပါတယ်။ အရေးရယ် အကြောင်းရယ်ဆိုရင် ပြည်သူလူထုဟာ ဘယ်တုန်းကမှ အရွေး မမှားခဲ့သလို အခုလာမဲ့ ၂၀၀၈၊ မေ (၁၀) ရက်မှာ ပြုလုပ်မဲ့ ပြည်သူ့ဆန္ဒခံယူပွဲမှာလဲ ပြည်တွေရဲ့ ဦးနှောက်ထဲက မဲပြားလေးတွေဟာ ကြက်ခြေခတ်လေးတွေ ဖြစ်မယ်ဆိုတာကတော့ ဗေဒင်နဲ့ နတ်မေးရင်တောင် အချိန်နဲ့ငွေ ကုန်နေပါဦးမယ်။
အဲဒီလို အခြေအနေကြားမှာ သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ရဲ့ သီရိလင်္ကာနိုင်ငံရှိ ကုလသမဂ္ဂရုံးရှေ့ ဆန္ဒပြပွဲဟာဖြင့် မြန်မာ့အရေးဟာ သွေးအေးမသွားဘူး။ ရဟန်းရှင်လူ ပြည်သူတွေရဲ့ အသက်သွေးတွေနဲ့ စတေးထားရတဲ့ ၁၉၈၈၊ “ဒီမိုကရေစီ အရေးတော်ပုံ” ၂၀၀၇၊ စက်တင်ဘာ “ရွှေဝါရောင် တော်လှန်ရေး” တွေဟာ ပြည်သူတွေရဲ့ နှလုံးသားနဲ့ ဦးနှောက်ထဲမှာ ပျောက်ပျက်မသွားဘူး..၊ အမြဲထာဝရရှိနေတယ်-လို့ အသိပေးနေတာဖြစ်သလို..၊ အနာဂတ်မြန်မာနိုင်ငံတော်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး ထွန်းကားဖို့အတွက် “သီဟိုဠ်ကျွန်းငယ်လေးပေါ်က လမ်းပြကြယ်” လို့ပင် တင်စားဂုဏ်ပြုလိုက်ပါ ကြောင်း….
(ဓမ္မသည် အဓမ္မကို အောင်စမြဲ)
သကျကုလ
(၂၀၀၈၊ ဧပြီလ- ၂၇)
MSMA

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More