Sunday, April 13, 2008

ဆရာဇော်ဂျီနှင့်လူထုဦးလှ(မောင်စွမ်းရည်)



မိုးသောက်ကြယ်ဂျာနယ် အတွဲ ၂၊ အမှတ် ၅ မှ

ဒီဆောင်းပါးမှာ ဆရာဇော်ဂျီနဲ့ လူထုဦးလှ စာရေးဆရာကြီးနှစ်ဦးရဲ့ မြန်မာ့စာ ပေတိုးတက်ရေး ပူးတွဲဆောင်ရွက်ချက်တခု ကို ဖော်ထုတ်တင်ပြချင်ပါတယ်။

မန္တလေးကလူထုဦးလှ+ဒေါ်အမာ၊ ရန်ကုန်ကဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ဟာ ကျနော်တို့ မှီခို အားထားလေးစားကြရတဲ့ ကျောက်ထီးမဏ္ဍိုင်ကြီးတွေဖြစ်ပါတယ်။ အကြေအညာ တနေရာစီနေကြပေမယ့် စာရေးပေရေး၊ နိုင်ငံအရေးတို့မှာ ဆရာဇော်ဂျီဟာ မိတ်ဆွေဦးနု၊ ဦးသန့်တို့ နဲ့အတူ ဒီမိုကရေစီ ပြန့်ပွားရေးလုပ်ငန်းများကို အားသွန်လုပ်နေပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကလဲ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးတို့အတွက် အစွမ်းကုန်အားထုတ်နေပါတယ်။ လူထုဦးလှကတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လှုပ်ရှားမှုခရီးစဉ်၊ မိန့်ခွန်း၊ တရားပွဲ၊ ကြေညာချက်စတာတွေကို ဓါတ်ပုံတွေနဲ့တကွ လူထုသတင်းစာမှာ မှတ်တမ်းတင်ဖော်ပြခဲ့ပါတယ်။

လူထုဦးလှက ဆရာကြီးသခင်ကိုယ်တော်မှိုင်းကိုယ်တိုင်ရွေးချယ်စီစဉ်ပြီး ထုတ်ဝေဖို့တာဝန်ပေးလာတဲ့ လေးချိုးပေါင်းချုပ်၊ ကဗျာစာအုပ်ကြီးကို ၁၉၅၅ ခုနှစ်မှာ ထုတ်လိုက်ပါတယ်။ ဆက်လက်ပြီးတော့ လဲ ဒေါင်းဋီကာသစ်၊ ဘွိုင်းကောက်ဋီကာ၊ ဗိုလ်ဋီကာ စသည်တို့ကို ပြန်လည်ရိုက်နှိပ်ထုတ်ဝေပါတယ်။

ဆရာဇော်ဂျီကလဲ ၁၉၅၅ ခုနှစ်မှာပဲ သခင်ကိုယ်တော်မှိုင်းဋီကာကိုထုတ်လိုက်ပါတယ်။ ဆရာကြီးရဲ့ ၀တ္တုတို ကဗျာတို့ကိုဖွင့်ဆိုတဲ့စာစုဖြစ်ပါတယ်။ အဲဒီစာအုပ်နဲ့ စာပေဗိမာန်ဆုရခဲ့ပါတယ်။ စာဆိုနဲ့စာ၊ ဘ၀နဲ့ကဗျာ တွဲဖက်လေ့လာချက်စာအုပ်အဖြစ် မြန်မာစာပေသမိုင်းမှာ ပထမဆုံး ထူးထူးခြားခြားပေါ်ထွက်လာတဲ့ စာပေ ဂုဏ်မြောက် စာအုပ်တအုပ်ဖြစ်ကြောင်း စာပေသမိုင်းပညာရှင်၊ ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး ဦးဖေမောင်တင်က မြန်မာနိုင်ငံ၊ သုတေသနအသင်းဂျာနယ်ကနေ အင်္ဂလိပ်ဘာသာနဲ့ ဝေဖန်ချီးကျူးစာရေးသား ချီးမြှင့်တာကို ခံယူခဲ့ရပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ အတ္တုပ္ပတ္တိကို ကိုလိုနီခေတ်က ရေးသားပြုစုခဲ့သူ ဦးသိန်းဖေမြင့်ကလဲ “ကျနော်မစွမ်းနိုင်တဲ့အလုပ်ကို စွမ်းဆောင်နိုင်သူပေါ်ပေါက်လာလို့ ၀မ်းမြောက်ကြောင်း…”ရေးသားဂုဏ်ပြုပါတယ်။ ဒီနည်းနဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ဗဟိုထားပြီး ဆရာဇော်ဂျီနဲ့လူထုဦးလှတို့ဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး ပင်မရေစီးကြီးထဲမှာ ပေါင်း စည်းပါဝင်ခဲ့ကြပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ၁၉၆၄ ခုနှစ်မှာ ကွယ်လွန်ပါတယ်။ စစ်အာဏာရှင်စနစ်ထူထောင်သူ ဗိုလ်နေ၀င်းဟာ ၁၉၆၂ မှာ ဒီမိုကရေစီအစိုးရကိုဖျက်ပြီး အာဏာသိမ်းလိုက်ရုံမက ပြည်သူတွေက တခဲနက်ဆန္ဒပြတောင်းဆိုနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုလဲ ပိတ်ဆို့ဖျက်ဆီးပစ်ပြီး ငြိမ်းချမ်းရေးတောင်းဆိုကြတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးနှိပ်စက်ထောင်ချ၊ ကိုကိုးကျွန်းပို့တာတွေ ဆက်တိုက်လုပ်ပါတယ်။
ငြိမ်းချမ်းရေးခေါင်းဆောင် နိုင်ငံရေးသမားတွေ၊ သတင်းစာဆရာတွေ စာရေးဆရာတွေအားလုံးက ဘကြီးသခင်ကိုယ်တော်မှိုင်းခေါင်းဆောင်တဲ့ ပြည်တွင်းငြိမ်း ချမ်းရေးအဖွဲ့မှာ ပါဝင်လှုပ်ရှားနေသူတွေချည်းဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ “ငါမသေခင် ငြိမ်းချမ်းရေးရသွားတာမြင်ချင်သကွာ…”လို့ တဖွဖွတမ်းတရေရွတ်ရင်း ဆရာကြီးကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဆရာကြီးရဲ့တပည့်တွေကို ဖမ်းဆီးထောင်ချနေချိန်မှာ လူထုဦးလှနဲ့ဆရာဇော်ဂျီတို့ဟာ တို့ဗမာအစည်းအရုံးဝင်သခင်ဟောင်းကြီးတွေနဲ့အတူ ဆရာကြီးရဲ့ဈာပနအခမ်းအနားကို ပဒုမ္မာကွင်းကြီးမှာ ဦးဆောင်ကျင်းပခဲ့ပါတယ်။ လူထုဦးလှက ဆရာကြီးရဲ့အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုဦးဆောင်ခဲ့ပုံ နိုင်ငံရေးဘ၀ကိုအထူးပြု ဟောပြောပြီး၊ ဆရာဇော်ဂျီက ဆရာကြီးရဲ့စာပေတွေကို ဖွင့်ဆိုဟောပြောခဲ့ပါတယ်။
ဆရာမင်းသုဝဏ်က လေးချိုးကြီးတွေကို ခေတ်အလိုက်စီစဉ်ပြီးဖွင့်ဆိုရင်း ဆရာဖွင့်ဆိုတဲ့ လေးချိုးတပုဒ်ချင်းကို ဦးသုခ၊ ဦးရန်အောင်၊ ရွှေဥဒေါင်း၊ အခုဆိပ်ကမ်းအမတ် ဒေါ်စန်းစန်းရဲ့ဖခင်အငြိမ်းစားရဲအရာရှိဦးဘသော်၊ ဇာဂနာရဲ့ဖခင်နန်းညွှန့်ဆွေ၊ ဒေါ်စောမုံညင်းစတဲ့ ပညာရှင်များ စာဆို များက ရွတ်ဆိုကြပါတယ်။

ငြိမ်းချမ်းရေးပွဲဖျက်၊ အာဏာသိမ်းချိန်မှာ ဗိုလ်နေ၀င်းက ဖမ်းလားဆီးလားလုပ်နေတဲ့ကြားက ဆရာကြီးရဲ့ဈာပနာအခမ်းအနားကို ရဲရဲဝံ့ဝံ့ဦးဆောင်မှုပေးခဲ့ကြသူတွေထဲမှာ ထိပ်ဆုံးကတွဲဖက်ပါဝင်သူ ဆရာဇော်ဂျီနဲ့လူထုဦးလှတို့ကို အမြဲသတိရပြီး ဂါဝရပြုဖို့ ကျနော်တို့မမေ့ကြပါဘူး။ ခုလို အမျိုးသားစာပေခေါင်းဆောင်ကြီးနှစ်ဦးဖြစ်တဲ့ ဆရာဇော်ဂျီနဲ့လူထုဦးလှတို့ဟာ ကျနော်တို့ မျိုးဆက်သစ်လူငယ်တွေ စာပေလောကထဲကိုရောက်လာတဲ့ကာလကျမှ တွဲမိကြတယ်လို့ တချို့ကထင်နေကြပါတယ်။ ဒီအချက်ဟာလုံးဝမှားပါတယ်။ ဒီဆရာကြီးနှစ်ဦးဟာ ကျနော်တို့မမွေးခင်ကတည်းက စာပေထမ်းပိုးကြီးကို ၀ဲနဲ့ယာ၊ အတိုင်နဲ့အလှည့် အတူထမ်းခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဦးလှဟာ ၁၀ တန်းမအောင်ခင် ရန် ကုန်အစိုးရအထက်တန်းကျောင်းသားဘ၀ မှာကတည်းက ဆရာဇော်ဂျီတို့ကိုမွေးထုတ်ရာ မြို့မကျောင်းကို လူငယ်များကြီးပွားရေးအသင်း၊ စည်းရုံးရေးအနေနဲ့ အကြိမ်ကြိမ်လာရောက်ဆော်သြခဲ့တယ်လို့ ‘ငဘ’၀တ္တုရေးဆရာကြီးမောင်ထင်ဘွဲခံ သတင်းစာဆရာကြီးဦးထင်ဖတ်က အမှတ်တရရေးသားခဲ့ဖူးပါတယ်။
၁၉၃၃ ခုနှစ်ကျတော့ နောင်လူထုဦးလှဖြစ်လာမယ့် ကြီးပွားရေးဦးလှဟာ လူငယ်များတိုးတက်ရေးကိုအလေးထားပြီး ‘ကြီးပွားရေးမဂ္ဂဇင်း‘ကိုထုတ်ဝေပါတယ်။ သူကိုတက္ကသိုလ်တက်ဖို့ သူမိဘကထောက်ပံ့တဲ့ငွေကို တက္ကသိုလ်တက်ချင်တဲ့သူငယ်ချင်းအတွက်ပေးလိုက်ပြီး သူကိုယ်တိုင်ကတော့ မြူနီစပယ်ရုံးကြီးမှာ ရာဖြတ်စာရေးဝင်လုပ်ရင်း တဖက်က ကြီးပွားရေးမဂ္ဂဇင်းကိုထုတ်ဝေတာပါ။ ဒီအချိန်မှာ ရန်ကုန်တက္ကသိုလ်ထဲကထုတ်ဝေတဲ့ ဂန္ဓလောကမဂ္ဂဇင်းစင်မြင့်ပေါ်မှာ ကလောင်သွေးရင်း ပြင်ပစာပေလောကကို ခေါင်းပြူလာကြတဲ့ တက္ကသိုလ်က ခေတ်စမ်းစာပေအုပ်စုတခုလုံးကို ဦးလှရဲ့ကြီးပွားရေးမဂ္ဂဇင်းက စင်ပြောင်းပြီးယူလိုက်ပါတယ်။
သိပ္ပံမောင်ဝဆိုရင် နာမည်ဝှက် ၄-၅ မျိုးနဲ့ဝင်ရေးပါတယ်။ ဇော်ဂျီ၊ မင်းသုဝဏ်၊ တက္ကသိုလ်မောင်သန့်စင်၊ မြကေတု၊ မောင်ထင်၊ ကုသတို့ကစပြီး သပိတ် မှောက်ကျောင်းသူမအမာတို့အထိ ပါဝင်ရေးသားကြပါတယ်။
၁၉၃၆ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ရဲ့ ဒုတိယအကြိမ်ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ကိုနု၊ ကိုအောင်ဆန်းတို့ကစခန်းထခဲ့ကြပါတယ်။ အင်းလျား ကျောင်းဆောင်သူမအုန်း၊ မအမာတို့လဲ ရွှေတိဂုံဘုရားရင်ပြင် ဟောပြောဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြပါတယ်။ တက္ကသိုလ်မှာဆရာဖြစ်နေပြီဖြစ်တဲ့ ဆရာဇော်ဂျီနဲ့မင်းသုဝဏ်တို့လဲ ကြွရောက်ပြီး အော်တိုစာအုပ်ထဲမှာ အမှတ်တရအားပေးကဗျာတွေ ချီးမြှင့်ခဲ့ကြပါတယ်။ ကြီးပွားရေးဦးလှကလဲ စာရေးဆရာကြီးမဟာဆွေနဲ့ ကြွရောက်အားပေးခဲ့ကြပါတယ်။

အဲဒီခေတ်ဦး နိုင်ငံရေးစစ်မျက်နှာမှာ ကတည်းက ဇော်ဂျီ၊ မင်းသုဝဏ်၊ ဦးလှ၊ ဒေါ် အမာတို့ဟာ အမျိုးသားရေးအတွက် သွေးစည်းခဲ့ကြပါပြီ။ အဲဒါ ကျနော်တို့မမွေး ခင်ကတည်းကပါ။ ဆရာဇော်ဂျီကျောင်း သားဘ၀က ရန်ကုန်တက္ကသိုလ်နယ်မြေ အတွင်းမှာထုတ်ဝေတဲ့ ဂန္ဓလောကမဂ္ဂဇင်း မှာ ကဗျာတွေရေးဖွဲ့ရင်း၊ စာပေဝေဖန်စာ တွေလဲ ရေးခဲ့ပါတယ်။ ကြီးပွားရေးမဂ္ဂဇင်း မှာလဲ ကဗျာတွေရေးရင်းက စာပေဝေဖန် ရေးကို ၀င်ရေးပါတယ်။ ဦးလှက ကြီးပွား ရေးမဂ္ဂဇင်းမှာ စာပေဝေဖန်ရေးတွေ အမျိုး မျိုးဖွင့်ထားပါတယ်။ လူငယ်တွေအတွက် စာပေဝေဖန်ရေး စာပြိုင်ပွဲတောင်လုပ်ပါ တယ်။
၁၉၃၇ ခုနှစ်မှာတော့ ‘ယခုခေတ်မြန်မာစာပေအရေးတော်ပုံဆိုတဲ့ ခေါင်းစီးနဲ့ စာပေဝေဖန်ရေးကဏ္ဍတခုကို ဖွင့်လိုက်ပါတယ်။ အရင်ကဏ္ဍတွေမှာ သိပ္ပံမောင်ဝက အမည်အမျိုးမျိုးနဲ့ ရေးခဲ့တာပါ။ အခုဆရာဇော်ဂျီက ‘အရေးတော်ပုံဆိုတဲ့စကားလုံးကို ပထမဆုံးအကြိမ် တခမ်းတနားသုံးပြီး ဝေဖန်တာပါ။ မြန်မာစာပေသမိုင်းမှာ ၀တ္တုဗေဒကို စနစ်တကျအသုံးပြုပြီး မြန်မာလိုင်းအကျယ်အပြန့်ဝေဖန်ရေးလုပ်ခဲ့တာဟာ ဆရာဇော်ဂျီနဲ့ ကြီးပွားရေးဦးလှတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ထင်ရှားတဲ့တပည့်နှစ်ဦးဟာ စာပေလောကမှာပူးပေါင်းခဲ့ကြတာဟာ ဆရာကြီးကွယ်လွန်တော့ နှစ်ပေါင်း ၃၀ လောက်ရှိ ပါပြီ။ ကြီးပွားရေးမဂ္ဂဇင်းက ၁၉၃၃ ခုနှစ်မှာ ထုတ်ပါတယ်။ ဆရာကြီးကွယ်လွန်တာက ၁၉၆၄ ခုနှစ်မှာပါ။
စာပေသမားတွေဟာ ဆရာဇော်ဂျီနဲ့လူထုဦးလှတို့လို တသက်လုံးညီညီညာညာလက်တွဲပြီး ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် အားကျိုးမာန်တက် ဆောင်ရွက်သွားနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်…“

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More