Wednesday, May 7, 2008

ဒေးဒရဲလမ်းဘေးတွင် လူသေအလောင်းများ တွေ့ခဲ့ရဟု မျက်မြင်သက်သေပြော

(6.5.2008) (KY – NBS)
ပြန်ခေါက်ထားပါ...

နာဂစ်မုန်တိုင်းကြောင့် ဒေးဒရဲမြို့တွင်း လူအသေအပျောက် မြောက်များစွာ ရှိနေပြီး လူသေ အလောင်းများကို လမ်းဘေးတွင်ပင် မြင်တွေ့ခဲ့ရသည်ဟု မြို့ခံတဦးက ပြောသည်။

ရန်ကုန်သို့ ရောက်ရှိလာသူတဦးက ပြောကြားရာတွင် ဧရာဝတီတိုင်းအတွင်းရှိ ဒေးဒရဲမြို့ကို ဖြတ်သန်းသွားသော အဝေးပြေး လမ်းမဘေးးတွင် လူသေအလောင်းများ၊ တိရိစ္ဆာန် အလောင်းများ တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။

လူအသေအပျောက်နှင့် ပတ်သက်၍ အရေအတွက်ကို အတိအကျ မပြောနိုင်သော်လည်း ရာဂဏန်းအထိ ရှိနိုင်သည်ခန့်မှန်းပြောကြားသွားသည်။


စစ်
အစိုးရက ထုတ်ပြန်သော စာရင်းဇယားများတွင် ဒေးဒရဲမြို့၏ ပျက်စီးအဆုံးအရှုံး အသေအပျောက်နှင့် ပတ်သက်၍ ထည့်သွင်း ကြေညာခြင်း မရှိပေ။

ဧရာဝတီတိုင်းတွင်းတယ်လီဖုံးပြတ်တောက်မှုဖြစ်ရာဒေသတွင်းမှဖြတ်သန်းလာသူများ၏ပြန်လည်ပြောပြချက်များအရသာ သတင်းများသိရှိရခြင်းဖြစ်သည်။

ရန်ကုန်နှင့် ဒလမြို့သို့ ကူးခတ်နေသည့် သမ္ဗာန်များ၏ ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားခဲ့သည်။

အစိုးရ၏ ထုတ်ပြန် ကြေညာချက်များတွင် အနည်းဆုံး လူပေါင်း ၃၅၁ ယောက် သေဆုံးရာတွင် ဟိုင်းကြီးကျွန်းသည် ၁၀၉ ယောက် သေဆုံးပြီး အဆိုးဝါးဆုံး ဖြစ်သည်ဟု ဆိုသည်။ အနည်ဆုံး အိမ်ခြေ ၂၀၀၀၀ ပျက်စီးပြီး လူ ၉၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်ဟု ပါရှိသည်။

အစဉ်အမြဲ သတင်းအမှောင်ချ လျှို့ဝှက်လေ့ရှိသည့် မြန်မာ စစ်အစိုးရကြောင့် စောင့်ကြည့် လေ့လာသူများက အမှန်တကယ် သေဆုံးသူ အရေအတွက်မှာ အစိုးရ ထုတ်ပြန်ချက်ထက် များနိုင်သည်ဟု ပြောသည်။

စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့သို့ ရဟတ်ယာဉ်ဖြင့် သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အပျက်အစီးများသည့် မြို့များတွင် မော်လမြိုင်ကျွန်း ပါဝင်နိုင်ပါသည်။

ရန်ကုန်ပင်လယ်ဝတွင် ရပ်နားထားသော စစ်သင်္ဘောတစီး မြုပ်သွားခဲ့ပြီး ကြည့်မြင်တိုင် ဆိပ်ကမ်းတွင် ငါးတင် သင်္ဘောတစီး နှစ်မြုပ်သွားသည်။

ရန်ကုန်တွင်တော့ ရေပြတ်တောက်မှုကို ကြုံတွေ့နေရသဖြင့် အင်းယားကန်၊ ကန်တော်ကြီးများတွင် လာရောက် ရေသယ်၊ ရေချိုး ပြုလုပ်နေကြသည်။

အနော်ရထာ လမ်းမကြီးတွင် စည်ပင်သာယာမှ ရေကားများက ရေဝေမှု ပြုလုပ်နေရာ ရေပုံး၊ ရေခွက် အရွယ်စုံဖြင့် ရေလာယူသူ လူတန်းရှည်ကြီးများ ဖြစ်ပေါ်လျှက် ရှိသည်။

တောင်ဥက္ကလာပ မြို့နယ်နှင့် ရန်ကင်းမြို့များတွင် ဂျိုးဖြူပိုက်ကို ဖောက်၍ သောက်သုံးရေ ရရှိရန် ကြိုးစားမှုများ ရှိခဲ့သည်။ မီးသတ် ပိုက်ခေါင်းများကို ဖွင့်၍ ရေဝေသုံးစွဲမှုများ သာကေတမြို့နယ်တွင် တွေ့ရသည်။

လုယက်မှုများ ဖြစ်နိုင်သည် ဆိုသော စိုးရိမ်ချက်များကား ဒေသခံများတွင် ဖြစ်ပေါ်လျှက် ရှိသည်။

အစိုးရ စက်သုံးဆီအရောင်းဆိုင်များ ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်ရာ လောင်စာဆီ ပြတ်တောက်မှု အနည်းငယ် လျော့ပါးသွားသည်။ သို့သော် နှစ်မိုင်ခန့်ပင် ရှည်လျားသော ဆီထည့်ရန် စောင့်နေသည့် ယာဉ်တန်းကြီးများကို ဆီဆိုင်တိုင်းလိုလိုတွင် တွေ့မြင်ရသည်။ မှောင်ခို ဈေးကွက်တွင်တော့ ဈေးတက်ဆဲ ဖြစ်ရာ ဓာတ်ဆီတဂါလံ ၁၂၀၀၀ ကျပ်နှင့် ဒီဇယ်ဆီတဂါလံ ၁၅၀၀၀ ကျပ် ဖြစ်သည်။

စက်သုံးဆီအရောင်းဆိုင်များက ည ၁၀ နာရီအထိ ရောင်းချပေးသွားမည် ဖြစ်သည်ဟု ကြေညာထားသည်။

ကမ္ဘာအေး ဘုရားလမ်းကဲ့သို့သောလမ်းမကြီးအချို့ပြန်ပွင့်လာသော်လည်း ယာဉ်လမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေသည်။ မြို့ထဲတွင်တော့ မီးစက်သံများတညံညံ ပေါ်ထွက်နေသည်။

အိမ်မိုးသွပ်ဈေးများ ၅ ဆ မြင့်တက်သွားပြီး တပေလျှင် ကျပ် ၃၀၀၀ သို့ ရောက်ရှိသွားသည်။ မုန်တိုင်း မတိုက်မီက တပေလျှင် ကျပ် ၆၀၀ သာ ရှိသည်။ သွပ်ရိုက် သံကတော့ တပိသာလျှင် ၃ သောင်းကျပ် ဖြစ်သည်။

ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ဒီရေ ၀င်ရောက်ပြီး ရေလျှံနေသည်။ အိမ်တွေယိုင်၊ သစ်ပင်ပြိုလဲမှု အဖြစ်များသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ယခုအခါတွင် အင်ယားကန်ဘောင်မှပင် လမ်းမြင်နေရပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နေအိမ် ပျက်စီးမှု ရှိမရှိကို မဇ္ဈိမအနေဖြင့် စုံစမ်း မရသေးပါ။

ရန်ကုန်လေဆိပ် ပြန်လည် ဖွင့်လှစ်ပြီးနောက် ခရီးသည်များ တင်ဆောင်ထားသော ပြည်ပ လေယာဉ်များ ပြန်လည် ပြေးဆွဲနေပြီ ဖြစ်သည်။






0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More