ဝမ်းနည်းကြေကွဲဖွယ် နာဂစ်မုန်တိုင်း အဖြစ်ဆိုးကြီးကို လက်တွဲဖြေရှင်းနိုင်ရေး ကြိုးစားမှုမှ တမျိုးသားလုံးဆိုင်ရာ ထွက်ပေါက်တခု ရလာနိုင်မလား။
အရည်အချင်း မရှိ
မတ်လ ၂၇ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က “ဒို့ တပ်မတော်ဟာ နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို တဖက်က ထမ်းဆောင်နေသလို အခြား တဖက်ကလည်း ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တယ်။” ဟု ကြွားဝါ ပြောဆိုခဲ့သည်။ ထိုသို့ပြောပြီး တလကျော်အကြာတွင် ကျရောက်လာသည့် မုန်တိုင်း အန္တရာယ်ကိုတော့ ကာကွယ်နိုင်စွမ်း လုံးလုံးလျားလျား မရှိခဲ့ပါ။
နအဖ မှိုင်းတိုက်ထားသည့်အတိုင်း `ပြည်တွင်းပြည်ပရန်သူ´ ဆိုသော စိတ်ကူးထဲက ရန်သူကို တိုက်ခိုက်ရန် သေနတ်တကိုင်ကိုင် လုပ်နေသည့် မြန်မာစစ်တပ်ကြီးသည် မုန်တိုင်းအောက်တွင် ငုတ်တုတ်မေ့သွားလေသည်။ တိုင်းပြည်ဘဏ္ဍာကို လုယူ ၀ယ်ခြမ်းထားသည့် ရုရှားနိုင်ငံမှ စစ်လေယာဉ်များနှင့် မြောက်ကိုရီးယားမှ ဒုံးကျည်များက မုန်တိုင်းရန်သူကို ဘာမျှ ကာကွယ်မပေးနိုင်ပါ။ ခြင်ဆင်တုံတရား, ပညာ, စေတနာ တို့ဖြင့် ကာကွယ်ရမည့် သဘာဝဘေးအန္တရာယ်ကို လက်နက်မဲ့ ပြည်သူကို ပစ်သတ်ရန်သာ တတ်မြောက်သော နအဖစစ်တပ်က မကာကွယ်ပေးနိုင်သည်မှာ ထူးဆန်းသည့်အရာတော့ မဟုတ်ပါ။
မုန်တိုင်းအန္တရာယ်ကို ပြည်သူအများသိအောင် တိတိကျကျ သတင်း ထုတ်မပေးခဲ့ရုံမက၊ ကြိုတင်ကာကွယ်ရေးကိုလည်း ဘာမျှ ထိထိရောက်ရောက် မပြင်ဆင်ထားနိုင်ပါ။ မုန်တိုင်းကျပြီးနောက် ကယ်ဆယ်ရေး ကူညီရေးကို ဘာမျှ မလုပ်နိုင်ဘဲ၊ နိုင်ငံတကာ အကူအညီများကိုပင် နှောင့်နှေးအောင် လုပ်နေပြန်သေးသည်။ နအဖသည် တိုင်းပြည်တခုကို စီမံအုပ်ချုပ်ရန် အရည်အချင်း မရှိသော `လူ့ငနွား´ များဖြစ်ကြောင်း ထင်ရှားနေပါသည်။
ဤမျှ ပြင်းထန်သည့် သဘာဝဘေးအန္တရာယ်မျိုးကို ဖွံ့ဖြိုးပြီး နိုင်ငံကြီးတခု အနေနှင့်ပင် ပြန်လည်ကုစားရန် အတော်မလွယ်ကူပါဟု ကျွမ်းကျင်သူများက မှတ်ချက်ပြုကြသည်။ မြန်မာနိုင်ငံလို ဆင်းရဲသည့် နိုင်ငံငယ်ကလေးတခုအဖို့တော့ ပြောဖွယ်ရာ မရှိတော့။ သို့သော် စစ်ဗိုလ်ချုပ်များက ပြည်ပအကူအညီကို လက်ခံရန် လိုလိုလားလား မရှိဘဲ တကိုယ်တော် မဏ္ဍပ်တိုင်တက်ရန် ဟန်ရေးပြနေသည်။
ကြိုတင်ကာကွယ်မှု မလုပ်နိုင်သည်ကို ယခုအချိန်တွင် အပြစ်တင်မနေချင်တော့ပါ။ ပြောပြန်ရင်လဲ တကမ္ဘာလုံး လွန်ရာကျရုံမှ တပါး နွားများကတော့ သိလိမ့်မည် မဟုတ်။ လတ်တလော လုပ်ရမည်မှာ ရှင်ကျန်နေသူများကို အသက်ကယ်ရေး၊ အလောင်းများကို အမြန်ဆုံး သဂြုင်္ိဟ်ရေး၊ သောက်ရေ, ထမင်း နှင့် ဆေးဝါး ဝေငှရေး၊ အမိုးအကာအောက် အမြန်ပြန်ရောက်ရေးနှင့် နောက်ဆက်တွဲ ပြဿနာများ ထပ်တက်မလာအောင် ထိန်းချုပ်ရေး စသည်တို့ ဖြစ်သည်။ ယင်းတို့ကို လုပ်ဆောင်သည် ဆိုလျှင် တော်ပေသေးရဲ့ဟု ဆိုနိုင်ဦးမည်။ ယခုတော့ ကြားရသည့်သတင်းများက ပြည်ပအကူအညီကိုလည်း လာခွင့်မပေး၊ ပြည်တွင်း စေတနာရှင်များကိုလည်း ဟန့်တားနှင့် အလွန်ဆိုးဝါးလှပါသည်။ စက္ကန့် မိနစ်နှင့်အမျှ လူ့အသက်များ ဆုံးရှုံးနေရချိန်တွင် နအဖက လူ့အသက် ကယ်ဆယ်ရေးထက် ၄င်းတို့အာဏာ သက်စိုးရှည်ရေးကို ဂမူးရှူးထိုး ဆက်လုပ်နေသည်။ နအဖ စစ်ဗိုလ်ချုပ်များမှာ ကိုယ်ချင်းစာနာစိတ် မရှိသော `လူ့တိရစ္ဆာန်များ´ ဖြစ်ကြောင်း ထင်ရှားနေပါသည်။
မျက်ရည်ကြားက ဆန္ဒမဲ
ကျင်းပရန်ရှိသည့် ဆန္ဒခံယူပွဲကို ရက်မရွေ့ဘဲ စီစဉ်ထားသည့်အတိုင်း ကျင်းပမည်ဟု နအဖက ထုတ်ပြန်သည်။ ရန်ကုန်တိုင်း မြို့နယ် ၄၀ နှင့် ဧရာဝတီတိုင်း ၇ မြို့နယ်ကို မေလ ၂၄ ရက်နေ့သို့ ရွေ့လိုက်သည်ဟု ဆိုသည်။ လူတသိန်းကျော် သေဆုံး၍ လူနှစ်သန်းခွဲကျော် အိုးအိမ်မဲ့ရသည့် အဖြစ်ဆိုးကို သတင်းနှစ်ပတ်တည်းနှင့် ပြေလည်စေမည်ဟု ဆိုလိုရာ ရောက်နေပါသည်။ လက်တွေ့တွင် ယနေ့တိုင်အောင် မုန်တိုင်းမွေခဲ့ရာ နေရာစုံသို့ ရောက်အောင် မသွားနိုင်ကြသေး။ ရန်ကုန်မြို့ပေါ်မှာပင် လူအများက သောက်ရေ လည်ခပ်နေကြရသည်။
သေဆုံး ထိခိုက်သူများ၏ ဆွေမျိုးသားချင်း မိတ်ဆွေများက မြန်မာနိုင်ငံအနှံ့ ကမ္ဘာအနှံ့မှာ ရှိနေကြသည်။ ကိုယ့်သားချင်း မိတ်ဆွေများအတွက် ၀မ်းနည်း ပူဆွေးသောက ရောက်နေကြသည်။ ဒုက္ခရောက်ချိန်တွင် တဦးကို တဦး ၀ိုင်းဝန်းကူညီရန် ဖေးမနှစ်သိမ့်ရန် အားလုံးက စိတ်စောနေကြသည်။ ဒီအချိန်တွင် နအဖက ထောက်ခံမဲထည့်ရန် သခွပ်ပင်က မီးတကျည်ကျည် လုပ်နေသည်။ လူထု မျက်ရည်ကြားက မဲပြားကို ဇွတ်တရွတ် ဆွဲထုတ်နေခြင်းမှာ အလုံးစုံ ပေါက်ကွဲရန် မီးရှို့နေခြင်းပင် ဖြစ်တော့သည်။
မေ ၁၀ ရက်နေ့တွင် ချန်လှပ်နေရာများမှအပ ကျန် ပြည်နယ်တိုင်းများတွင် ကျင်းပဖြစ်ခဲ့သည် ဆိုဦးတော့ ဆန္ဒမဲရလဒ်ကို ချက်ချင်းကြေညာမည် မဟုတ်ပါ။ နောက်ချန်ထားသည့် နေရာများတွင် မဲပေးပွဲ ကျင်းပပြီးသည့်တိုင်အောင် စောင့်ပြီးမှ စုပေါင်းရလဒ်ကို ကြေညာရမည် ဖြစ်သည်။ ထိုအခါ မဲပေးရက်နှင့် ကြေညာရက် ကွာခြားလာသည်နှင့်အမျှ မသင်္ကာစရာများ တိုးပွားလာမည် ဖြစ်ပါသည်။ အစကတည်းက နအဖအပေါ် မယုံကြည်သည့် ပြဿနာမှာ ပိုသာဆိုး ဖြစ်လာတော့မည်။
ဖြစ်ပေါ်နေသည့် ဆန္ဒမဲကိစ္စများမှာ မြန်မာလူထုက ကြိုတင်တွက်ဆထားသည့်အတိုင်း ကွက်တိ ဖြစ်ပါသည်။ အာဏာပိုင်များက မတရား အဓမ္မနည်းဖြင့် ထောက်ခံမဲ ရအောင်လုပ်မည်၊ လူထုက ဘယ်လိုပဲ ကန့်ကွက်မဲ ပေးပေး ထောက်ခံမဲ အသာရပြီ ဆိုသည့် အဖြေကိုသာ မျက်ကန်းတောတိုး ကြေညာမည်၊ နောက်ဆုံး လူထုနှင့် စစ်တပ် ထိပ်တိုက်တွေ့ကြမည်။ လူထုက ဤသို့ တွက်ဆထားသည်။ နအဖကလည်း ထိုအတိုင်းပင် လုပ်နေသည်။ နအဖ၏ ဆန္ဒခံယူပွဲ `မဲပုံး´မှာ `မဲဗုံး´ ဖြစ်တော့မည်။
နအဖနှင့် လူထုအကြား ကွာဟနေသည့် အမုန်းတရားမှာ အလွန်ကို ကြီးထွားနေပါသည်။ အသက်ကို ခက်ခက်ခဲခဲ မွေးမြူနေရသည့် မြန်မာလူထုအဖို့ ပေါက်ကွဲဖို့ အဆင်သင့်ဖြစ်နေသည်ကို ဆင်ခြင်တတ်သူတိုင်းက စိုးရိမ်နေကြသည်။ ဆန္ဒခံယူပွဲတွင် တစုံတရာ ပေါက်ကွဲမှု ဖြစ်လာသည်နှင့် လူထုကို ပစ်သတ်ရန် ဆုံးဖြတ်ထားသော နအဖက ထိုကာလအတွင်း မြန်မာနိုင်ငံထဲ၌ နိုင်ငံခြားသားများ မရှိစေချင်၍ နိုင်ငံတကာ အကူအညီကို လက်မခံခြင်း ဖြစ်သည်။ နအဖသည် ဒုက္ခဝေနေသည့် မြန်မာလူထုကို ပြန်ပေးဆွဲထားခြင်းပင် ဖြစ်သည်။ မေ ၁၀ ရက်နေ့တွင် ထောက်ခံမဲ ရပြီးမှ အကူအညီကို လက်ခံကောင်း လက်ခံလိမ့်မည် ဖြစ်သည်။
အမျိုးသားရေး ပြဿနာ
နာဂစ် မုန်တိုင်းအောက်မှ အမြန်ဆုံး ပြန်လည် ရုန်းထနိုင်ရေးမှာ မြန်မာနိုင်ငံသားအားလုံး၏ အမျိုးသားရေး ပြဿနာ ဖြစ်ပါသည်။ ဖြစ်ပျက်ခဲ့ရသည့် အကြောင်းရင်းနှင့် တရားခံကို ဖော်ထုတ် အပြစ်ပေးရေးထက် တဟုန်ထိုး တိုက်စားနေသည့် မုန်တိုင်းအလွန် အန္တရာယ်ကြားမှ လွတ်အောင် ရုန်းထွက်ရေးက ပိုမို အရေးကြီးပါသည်။
မုန်တိုင်းဒဏ်ရာ ကုစားရေးမှာ နိုင်ငံရေး အာဏာလုပွဲ မဟုတ်သလို၊ စီးပွားရေး စားကျက်လုပွဲလည်း မဟုတ်ပါ။ သူစွမ်းတယ် ငါစွမ်းတယ် လက်ခမောင်းခတ်ပွဲ မဟုတ်သလို၊ ဂိုဏ်းစွဲ ၀ါဒစွဲ အားပြိုင်ပွဲလည်း မဟုတ်ပါ။ လူလူချင်း စာနာစိတ် ရှိသူတိုင်း ကိုယ်လုပ်နိုင်သလောက် ပါဝင်လုပ်ဆောင်ရမည့် အမျိုးသားရေး တာဝန်သာ ဖြစ်ပါသည်။
ဤပြဿနာကို စစ်အစိုးရ တဦးတည်း မနိုင်ပါ။ အစိုးရတဦးတည်း လုပ်၍ရသော ကိစ္စမျိုးလည်း မဟုတ်ပါ။ မြန်မာလူထုချည်းပဲလည်း မလုပ်နိုင်ပါ။ မြန်မာတို့တွင် အတွေ့အကြုံနှင့် နည်းပညာ မရှိပါ။ နိုင်ငံတကာ အကူအညီ အမှန်တကယ် လိုပါသည်။ တမျိုးသားလုံး ပါဝင်ဖို့လည်း အမှန်တကယ် လိုပါသည်။ သို့သော် စစ်အစိုးရသည် မြန်မာလူထု တရပ်လုံးကို ဦးဆောင်မှု မပေးနိုင်ပါ။ စစ်တပ်က ဦးဆောင်မည်ဆိုသည်နှင့် လူထု ဘေးဖယ်သွားကြသည်မှာ လက်တွေ့ ဖြစ်ပါသည်။
မြန်မာလူထုကို ဦးဆောင်မှု ပေးနိုင်မည့်သူမှာ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသာ ရှိပါသည်။ ယခုအချိန်တွင် စစ်အစိုးရ အနေနှင့် အကောင်းဆုံး လုပ်ဆောင်နိုင်သည့် အခွင့်အရေးမှာ ဒေါ်စုကို ပြန်လွှတ်ပေးဖို့သာ ဖြစ်ပါသည်။ တစုံတရာ နားလည်မှုတွေ အကန့်အသတ်တွေ လုပ်ချင် လုပ်ထားပါဦး၊ ဒေါ်စုကို လွတ်လပ်စွာ ပြောဆို ဦးဆောင်ခွင့် ပေးဖို့ လိုကို လိုအပ်နေပါသည်။
ပြည်ဝင်ခွင့် ဗီဇာမရ၍ အခက်တွေ့နေသော နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ဒေါမနဿများ နိုင်ငံရေးဖက်သို့ လှည့်မသွားစေရန် စစ်အစိုးရ တတ်နိုင်မည် မထင်ပါ။ စစ်အစိုးရ၏ နိုင်ငံတကာအပေါ် ကြောက်ရွံ့စိတ်ကို ဖြေသိမ့်ပေးနိုင်မည့်သူမှာ ဒေါ်စုသာ ဖြစ်ပါသည်။
ယခုအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကယ်ဆယ်ကူညီရေးများကို လုပ်ကိုင်နေပြီ ဖြစ်ပါသည်။ အဖွဲ့ချုပ်အနေနှင့် နအဖနှင့် လက်တွဲလုပ်ကိုင်ရန် အဆင်သင့် ရှိကြောင်း ပြောဆိုထားပြီး ဖြစ်ပါသည်။ မပြေလည်သေးသည့် နိုင်ငံရေးပြဿနာများကို ခေတ္တဘေးဖယ်ထား၍ နာကျင်နေသော ပြည်သူများကို ဖေးမပေးရန် အထူးလိုအပ်နေပါသည်။ တိုင်းပြည်ပေါ် အန္တရာယ် ကျရောက်နေချိန်တွင် နိုင်ငံရေးသမားများ, အာဏာရှိသူများက ဘာမျှ ထိထိရောက်ရောက် လုပ်မပေးနိုင်ဟု ဆိုလျှင် မြန်မာနိုင်ငံသည် လုံးဝ ပျက်သုဉ်းသွားသော နိုင်ငံတခု ဖြစ်သွားပါလိမ့်မည်။
ထွက်ပေါက်
နာဂစ်ရိုက်ချက်က ပြင်းထန်လှသည်။ ပြင်းလွန်း၍ ဘယ်လိုနာတာဟုပင် မပြောတတ်အောင် ဖြစ်ရသည်။ သို့သော် ဒဏ်ရာမှ ရုန်းထရန် ကြိုးစားရုံမှတပါး အခြားမရှိပါ။ ပြင်းထန်လှသည့် ဒဏ်ရာကို အကောင်းဆုံး ကုစားရန် ကြိုးစားခြင်းသည် အကောင်းဆုံး ထွက်ပေါက်ကို ဖန်တီးခြင်း ဖြစ်ပါသည်။ မြန်မာတမျိုးသားလုံးအတွက် အကောင်းဆုံး ထွက်ပေါက်တခုကို မုန်တိုင်းအောက်မှာ တည်ဆောက်နိုင်ဖို့ လိုအပ်နေပါသည်။
ယခုအခါတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ရဖို့ မြန်မာတို့ ကြိုးစားနေသော်လည်း မအောင်မြင်သေး၍ အဖက်ဖက်မှ ၀ိုင်းဝန်းနေကြရသည်။ ဤအချိန်တွင် နာဂစ်ကြောင့် မြန်မာပြည်၏ ၀မ်းဗိုက် ပွင့်ထွက်သွားရသည်။ ပြည့်ဝမ်းကို ပြန်လည်ပြုပြင်ရန် အားလုံး စုပေါင်းလုပ်ကိုင်ကြဖို့ လိုအပ်နေပါသည်။ သွေးစက်စက်ကျနေသော ဒဏ်ရာများကို ကုစားရန် စစ်အစိုးရနှင့်တကွ သက်ဆိုင်သူ အားလုံး ညီညီညွတ်ညွတ် လက်တွဲလုပ်ကိုင်ကြဖို့ အခွင့်အခါ ဖြစ်ပါသည်။
မုန်တိုင်းဒဏ်ရာကို စစ်အစိုးရနှင့် ဒေါ်စုဦးဆောင်သော အဖွဲ့ချုပ်တို့ လက်တွဲလုပ်ကိုင်နိုင်ကြမည် ဆိုလျှင် မြန်မာနိုင်ငံ၏ ကျဆင်းပြိုလဲနေသော နိုင်ငံ့သိက္ခာကို ပြန်လည် ဆယ်တင်နိုင်မည် ဖြစ်ပါသည်။ မယုံကြည်မှုများ, သံသယများကို ကယ်ဆယ်ရေးလုပ်ငန်းများက ချေဖျက်ပေးနိုင်မည် ဖြစ်ပါသည်။ ပြည်သူလူထု တရပ်လုံး၏ ညှိုးချုံးကျဆင်းနေသော စိတ်ဓာတ်ကို ညီညွတ်မှုက ပြန်လည် မြှင့်တင်ပေးမည် ဖြစ်ပါသည်။ ထိုမှတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆက်လက်လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
နအဖအနေနှင့် ၄င်း၏ အကြပ်အတည်းများမှ ရုန်းထွက်နိုင်ရန် ဤထွက်ပေါက်ကို အသုံးပြုနိုင်ပါသည်။ ယခုအချိန် ဒေါ်စုကို လွှတ်ပေးလျှင် အနည်းဆုံးကတော့ လူထုအနေဖြင့် ဒီပဲယင်းကိစ္စကို ကျော်ပေးလိုက်နိုင်ပါသည်။ နိုင်ငံတကာ တင်းမာမှုများကို လျှော့ချနိုင်သည်။ သို့သော် မိုက်မဲလှစွာ ဒီအတိုင်း ဆက်သွားမည်ဆိုလျှင်တော့ နာဂစ်ထက် ပြင်းထန်သော နိုင်ငံရေးမုန်တိုင်း တိုက်ခတ်လာနိုင်ပါသည်။
အလိုအပ်ဆုံးအရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်ပေးရန်နှင့် အဖွဲ့ချုပ်နှင့် နအဖအကြား မုန်တိုင်းကယ်ဆယ်ရေး နားလည်မှုတရပ် တည်ဆောက်ရန် ဖြစ်ပါသည်။
ဝမ်းနည်းကြေကွဲဖွယ် နာဂစ်မုန်တိုင်း အဖြစ်ဆိုးကြီးကို လက်တွဲဖြေရှင်းနိုင်ရေး ကြိုးစားမှုမှ တမျိုးသားလုံးဆိုင်ရာ ထွက်ပေါက်တခု ရလာပါစေဟု ဆန္ဒပြုလိုက်ပါသည်။
Show...
Saturday, May 10, 2008
အမေရိကန်ရဲ့ အရေးပေါ်အကူအညီ မြန်မာစစ်အစိုးရ လက်ခံမည်
ဝမ်းနည်းကြေကွဲဖွယ် နာဂစ်မုန်တိုင်း အဖြစ်ဆိုးကြီးကို လက်တွဲဖြေရှင်းနိုင်ရေး ကြိုးစားမှုမှ တမျိုးသားလုံးဆိုင်ရာ ထွက်ပေါက်တခု ရလာနိုင်မလား။
အရည်အချင်း မရှိ
မတ်လ ၂၇ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က “ဒို့ တပ်မတော်ဟာ နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို တဖက်က ထမ်းဆောင်နေသလို အခြား တဖက်ကလည်း ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တယ်။” ဟု ကြွားဝါ ပြောဆိုခဲ့သည်။ ထိုသို့ပြောပြီး တလကျော်အကြာတွင် ကျရောက်လာသည့် မုန်တိုင်း အန္တရာယ်ကိုတော့ ကာကွယ်နိုင်စွမ်း လုံးလုံးလျားလျား မရှိခဲ့ပါ။
Show...
0 comments:
Post a Comment