ဧရာဝတီတိုင်းမှ မုန်တိုင်းဘေး ဒုက္ခသည်များအတွက် ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်လာသော သင်္ဘောတစင်းသည် ယမန်နေ့က ဧရာဝတီမြစ်ထဲမှ အပျက်အစီးများနှင့် တိုက်မိပြီး နစ်မြုပ်သွားသည်။ သင်္ဘောပေါ်တွင် ပါဝင်လာသူများမှာ သင်္ဘောကို စွန့်ပြီး အနီးရှိ ကျွန်းပေါ်သို့ တက်ရောက်ခဲ့ရသည်။
“သင်္ဘောသားတွေက လှေပေါ်မှာ ပါလာတဲ့ ကြက်ခြေနီဝန်ထမ်း လေးယောက်နဲ့အတူ ကျွန်းပေါ် တက်ခိုလှုံကြတယ်။ ...ဒါပေမယ့် ပစ္စည်းအများစု ဆုံးရှုံးလိုက်ရတယ်”ဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့မှ ဂျိုးလော်ရီက စီအန်အန် သတင်းဌာနကို ပြောကြားသည်။ နှစ်ထပ်သင်္ဘောမှာ ဆန်အိတ် ၁၀၀၊ သောက်ရေသန့် ၅,၀၀၀၊ သောက်ရေသန့်ဆေးပြား ၁၀,၀၀၀၊ ထမ်းစင် ၁၀ ခု၊ အ၀တ်အစားနှင့် အသုံးအဆောင်ပစ္စည်း သေတ္တာ ၃၀၊ ရေလှောင်စည် ၂၀၀ ပါဝင်သည်။ သင်္ဘောမှာ ရန်ကုန်မှ မော်လမြိုင်ကျွန်းသို့ ခုတ်မောင်းရင်း နစ်မြုပ်သွားခြင်း ဖြစ်သည်။ သင်္ဘောနှင့်တကွ ဒုက္ခသည်များအတွက် အရေးကြီး ကယ်ဆယ်ရေးပစ္စည်းများပါ ရွှံ့နွံထူထပ်သော ဧရာဝတီမြစ်ထဲတွင် နစ်မြုပ်သွားခဲ့သည်။
“ဒီလောက်များတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ပြီး သင်္ဘောနဲ့ သွားတာ ဒါ ပထမဆုံး အချိန်ပါ။ ဒေသခံ ကြက်ခြေနီ အဖွဲ့ဝင်တွေလဲ အရမ်း ၀မ်းနည်းပြီး ဒါတွေ ဆုံးရှုံးရတာကို နှမြောနေကြတယ်”ဟု လော်ရီက ဆိုသည်။ “ကံကောင်းထောက်မစွာပဲ အသက်မဆုံးရှုံးခဲ့ပါဘူး”ဟု ဆက်လက် ပြောကြားသည်။
ဧရာဝတီမြစ် အခြေအနေကိုမူ “အလောင်းတွေ ခုထိ (ကုန်အောင်) မဆယ်ရသေးဘူး”ဟု စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမား တဦးက ဟစ်တိုင်သို့ ဖုန်းဖြင့် ဖြေကြားသည်။ “၀မ်းရောဂါတွေ ဖြစ်ကုန်ပြီ။....၀မ်းကိုက်ပျောက်ဆေးတွေ လိုတယ်”ဟုလည်း ပြောကြားသည်။ အန်ဂျီအိုများမှ မဟုတ်ဘဲ မိမိတို့ဆန္ဒဖြင့် အုပ်စုဖွဲ့ကာ ရန်ကုန်မှ သွားရောက်ကြသည့် စေတနာ့ဝန်ထမ်း အလှူရှင်အချို့ကို သယ်ဆောင်လာသော ပစ္စည်းများ ထားခဲ့ပြီး လူပြန်သွားခိုင်းခဲ့သည်။
အမေရိကန် စစ်တပ်မှ သယ်ယူပို့ဆောင်ရေး လေယာဉ်တစီးသည် ကယ်ဆယ်ရေးပစ္စည်းများနှင့်အတူ မြန်မာနိုင်ငံသို့ တနင်္လာနေ့ ဆိုက်ရောက် မည်ဟု မျှော်လင့်ရသည်။ မုန်တိုင်းကြောင့် သေဆုံးသူစာရင်းကို စစ်အစိုးရက ၂၃၀၀၀ ကျော်သာ ကြေညာသော်လည်း ကုလသမဂ္ဂက ၆၃,၀၀၀ မှ ၁၀၀,၀၀ ထိ ရှိမည်ဟု ခန့်မှန်းသည်။ မြန်မာပြည်ဆိုင်ရာ အမေရိကန်သံရုံး တာဝန်ခံ အန်နာ ဗီလာရိုစာကလည်း အသေအပျောက် တသိန်းဟု တွက်ချက်သည်။ လူပေါင်း သိန်းနှင့်ချီ၍ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
(ကိုရဲ - သွေးသစ်)
အပြည့်အစုံသို့...
Posted in:
0 comments:
Post a Comment