Thursday, May 15, 2008

ဓားစာခံများကို ကယ်တင်ပါ(၀င်းပေါ်မောင်)


နှမ်းတစေ့နဲ့ ဆီမဖြစ်ဘူးဆိုရင်တောင် ကျမဟာ နှမ်းဆိုတာကို အကုန်သိစေရမယ် ဆိုပြီး အမှားခြစ်ပဲ ခြစ်ခဲ့တယ်” — (မုံရွာမြို့သူတဦး၊ ဒီဗီဘီထုတ်လွှင့်ချက်၊ မေ ၁၀)

မသမာမှုအပေါင်းဖြင့် ဖုံးအုပ်ထားသည့် စစ်အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲသည် မေလ ၁၀ ရက်နေ့က စိတ်ပျက်ဖွယ်အတိဖြင့် ပြီးဆုံးသွားခဲ့သည်။

လူအများ တွက်ဆထားသည့်အတိုင်း အာဏာပိုင်အဆင့်ဆင့်၏ မဲလိမ်မဲခိုးမှုများကြောင့် နအဖအနေနှင့် ထောက်ခံမဲအများစု ရရှိကြောင်း ကြေညာနိုင်ရန် အသင့်အနေအထားသို့ ရောက်ရှိခဲ့ပြီ။ မဲပေးပြီး ငါးရက်အကြာတွင် နအဖက ထောက်ခံမဲ ၉၂.၄ ရာခိုင်နှုန်းဖြင့် အတည်ပြုကြောင်း ကြေညာလိုက်ပြီ ဖြစ်သည်။

နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် သေဆုံးသူ တစ်သိန်းကျော်ကို မသဂြုင်္ိဟ်ရသေးခင်မှာပင် မြန်မာနိုင်ငံသား သန်းငါးဆယ်ကျော်၏ ဆန္ဒကို နအဖက သဂြုင်္ိဟ်လိုက်ခြင်း ဖြစ်သည်။

သို့ရာတွင် တရားနည်းလမ်း မျှတစွာ ရရှိလာသည့် ရလဒ်မဟုတ်ဘဲ၊ မဲခိုးမဲလိမ်ပြီးမှ ရရှိလာသော ထိုရလဒ်က မြန်မာ့နိုင်ငံရေး ပြဿနာများကို ပြေလည်စေနိုင်ပါ့မလား။



မဲလိမ်မဲခိုး

ယခုနှစ် ဖေဖော်ဝါရီလက အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲ ကျင်းပမည်ဟု ကြေညာလိုက်ချိန်မှာပင်၊ နောက်နှစ်နှစ် အကြာ၌ ရွေးကောက်ပွဲ ကျင်းပမည်ဟု နအဖက တပါတည်း ကြေညာခဲ့သည်။ ထိုသို့ ကြေညာပုံကို ထောက်ချင့်၍ နအဖသည် ဥပဒေကို မရ ရသည့်နည်းဖြင့် အတည်ပြုလိမ့်မည်ဟု လူအများက သတိပြုမိကြပါသည်။ မရ ရအောင်လုပ်မည် ဆိုလျှင် မတရားနည်းလမ်းများ သုံးလိမ့်မည်ဟုလည်း တွက်ဆမိကြပါသည်။

ထိုသို့ တွက်ဆနိုင်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က — ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းနှင့် ဆန္ဒခံယူပွဲဥပဒေ, နည်းဥပဒေတို့တွင် လွတ်လပ်မှုနှင့် တရားမျှတမှု မရှိကြောင်း — အထူးကြေညာချက်အမှတ် ၇ ကို ဧပြီလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက် အပိုဒ် ၂ တွင် “ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေနှင့် နည်းဥပဒေ တို့မှာလည်း စံချိန်စံညွှန်း မမီသည်ကို တွေ့ရှိရပါသည်။ အဘယ်ကြောင့်ဆိုသော် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများကို တားမြစ်ချက်နှင့် ပြစ်ဒဏ်များ သတ်မှတ်ထားပြီး၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲများမှ ပုဂ္ဂိုလ်များသည် ၄င်းတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဖောက်ဖျက်ခြင်း၊ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များကို ချိုးဖောက်ခြင်းတို့အတွက် တားမြစ်ချက်နှင့် ပြစ်ဒဏ်များ သတ်မှတ်ထားခြင်း လုံးဝမရှိပါ။ ဤသည်မှာ တဖက်သတ်ကျလွန်းပါသည်။” ဟူ၍ ပါရှိပါသည်။

အပိုဒ် ၃ တွင် ရပ်ကွက်/ကျေးရွာ အဆင့်မှ ဗဟိုအဆင့်အထိ မဲစာရင်းများ ရေတွက်စာရင်းပြုရာတွင် ပြည်သူလူထု စောင့်ကြပ်ကြည့်ရှုခွင့် မရဘဲ၊ ပွင့်လင်းမြင်သာမှု မရှိသဖြင့် မမှန်မကန် လုပ်နိုင်သော အခွင့်အရေး ရရှိစေကြောင်း ဖော်ပြထားပါသည်။

အဆိုပါ ထောက်ပြချက်များအရ စစ်အစိုးရ အာဏာပိုင် အဆင့်ဆင့်နှင့် ၄င်းတို့က ခန့်အပ်သော ကော်မရှင်အဖွဲ့များ, မဲရုံအဖွဲ့များ, အခြားလက်ပါးစေများက မဲလိမ်ခြင်း, မဲခိုးခြင်း, ခြိမ်းခြောက်ခြင်း, အကြပ်ကိုင်ခြင်း, တားမြစ်ခြင်း တို့ကို အပျော်တပါး လုပ်ကြတော့မည်ဟု ယုံကြည်ရပါသည်။ အမှန်တကယ်လည်း ထိုအတိုင်း လုပ်ခဲ့ကြပါသည်။

“ကျနော့်ကို ညီလေးနာမည်ပြော မှတ်ပုံတင်နံပါတ်ပြော ဆိုပြီး ပြောတာနဲ့ ပြန်ခဲ့ရတယ်။ ဘာမဲမှ မထည့်လိုက်ရဘူး” ဟု တိုက်ကြီးမြို့နယ်တွင် နေထိုင်သူ တဦးက ဆိုသည်။ (ဧရာဝတီ)

“ကျမကို အမှန်ခြစ်ပြီးသား မဲလက်မှတ်ထုတ်ပေးတယ်။ အဲဒါနဲ့ ပြန်လဲပေးပါဆိုတော့ နောက်တခု ထပ်ထုတ်ပေးတယ်။ ဒါလည်း အမှန်ခြစ်ထားတာပဲ။ ပြီးတော့ ညည်းမကျေနပ်ရင် အမှားခြစ်ပေါ့ အဲဒါ ပယ်မဲဖြစ်မှာပဲလို့ လက်ထောက်မဲရုံမှူးက ပြောပြီး ရယ်နေကြတယ်” ဟု ရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာတရွာမှ အမျိုးသမီးတဦးက ပြောပြသည်။ (ဧရာဝတီ)

"ပဲခူးတိုင်း၊ သာယာဝတီမှာ မဲရုံတာဝန်ကျတဲ့ ဆရာ၊ ဆရာမတွေက မဲလာပေးတဲ့သူတွေကို မဲပေးပုံ၊ ပေးနည်းရှင်းပြတဲ့နေရာမှာ အမှန်ခြစ်ပုံကိုပဲ ရှင်းပြပြီး အမှန်ပဲထည့်ခိုင်းပါတယ်။” (အာအက်ဖ်အေ)

သတင်းများမှ ကောက်နုတ်ချက် အချို့ ဖြစ်ပါသည်။ မဲလိမ်မဲခိုးမှုများ နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်မှာ ယုံမှားစရာ မရှိပါ။ ဒေသ အများစုတွင် ကြိုတင်မဲများကို အတင်းအဓမ္မ ကောက်ယူထားသည်။ အချို့ဆိုလျှင် ကြိုတင်မဲတောင် မထည့်ရဘဲ မဲထည့်ပြီး ဖြစ်နေသည်ကို တွေ့ရသည်။ ကြိုတင်မဲ အားလုံးမှာ ထောက်ခံမဲများ ဖြစ်တော့သည်။ ကြိုတင်မဲများကို ကော်မရှင်နှင့် အာဏာပိုင်များလက်သို့ အပ်လိုက်ရကတည်းက သူတို့စိတ်ကြိုက် လဲလှယ်ပြင်ဆင်ထားလိုက်ပြီ ဖြစ်သည်။

ဝန်ထမ်းများကို ကြိုတင်မဲ ပေးခိုင်းရာတွင်လည်း အရာရှိများရှေ့တွင် ဗြောင်ဆန္ဒမဲ ပေးခိုင်းပြီး ထောက်ခံမဲကို အဓမ္မ ယူထားလိုက်ကြသည်။ မဲရုံများတွင် အမှန်ခြစ်ပြီးသား စာရွက်ထုတ်ပေးကာ မဲထည့်ခိုင်းသည်က နယ်ဒေသများတွင် အများစု ဖြစ်သည်။

အားလုံးကို ခြုံကြည့်လျှင် လူထုကို မိမိဆန္ဒအတိုင်း စာရွက်ပေါ်တွင် ရေးခြစ်ခွင့် လုံးဝ မပေးတော့ဘဲ အဓမ္မ စာရင်းဖြည့်, မဲစာရွက်ဖြည့် လုပ်လိုက်ခြင်း ဖြစ်သည်။



ဘာကြောင့် ကန့်ကွက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူထုကို ကန့်ကွက်မဲ ထည့်ရန် လှုံ့ဆော်သည်။ တချိန်တည်းမှာပင် ဆန္ဒခံယူပွဲမှာ လွတ်လပ်၍ တရားမျှတမှု မဖြစ်နိုင်ကြောင်း ကြေညာထားသည်။ ဘာကြောင့်လဲ။

ပြည်သူလူထု၏ ဒီမိုကရေစီ ကျင့်သုံးပိုင်ခွင့်၌ ဆန္ဒခံယူပွဲ, ရွေးကောက်ပွဲတို့မှာ အရေးပါသော ကိစ္စများ ဖြစ်သည်။ လူထု၏ တိုက်ရိုက်ကျင့်သုံးပိုင်ခွင့် ဖြစ်သည်။ ထိုအခွင့်အရေးကို မရယူဘဲ သပိတ်မှောက်ခြင်းထက် ရယူခြင်းက ဒီမိုကရေစီအခြေခံနှင့် ပိုမို ဆီလျော်ပါသည်။

ထို့ပြင် ပြည်သူလူထုက ထုတ်ပြန်ထားသော ဥပဒေများအတိုင်း လိုက်နာပြီး၊ အာဏာပိုင်များဖက်က ဥပဒေကို တဖက်သတ် ချိုးဖောက်ခြင်း ဖြစ်ကြောင်း သက်သေအပြည့်နှင့် ဖော်ထုတ်နိုင်မှသာလျှင် အခြေခံဥပဒေ အတည်ပြုရေးကို ဆက်လက်ဆန့်ကျင် သွားနိုင်မည် ဖြစ်သည်။

ဆန္ဒခံယူပွဲ ရွေးကောက်ပွဲများတွင် ပါဝင် သက်ဆိုင်သူများက `လွတ်လပ်၍ တရားမျှတသည်´ ဟု လက်မခံသမျှ ယင်းရလဒ်ကို အတည်မပြုနိုင်ကြောင်း နိုင်ငံတကာ အတွေ့အကြုံများက မီးမောင်းထိုးပြနေပါသည်။ ပြည်သူလူထုအနေဖြင့် ငြိမ်းချမ်းသောနည်းမှတပါး အခြားနည်းကို ကိုင်စွဲ၍ မရနိုင်သည့် အခြေအနေတွင် ကိုယ့်ဖက်က တရားမျှတမှုကိုသာ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ထားရမည် ဖြစ်ပါသည်။

ယနေ့ နအဖ၏ ကြေညာချက်တွင် -

မဲပေးခွင့်ရှိသူ ၂၂,၇၀၈,၄၃၄ (နှစ်ဆယ့်နှစ်သန်း ခုနှစ်သိန်းကျော်)

ဆန္ဒမဲပေးသူ ၂၂,၄၉၆,၆၆၀ (နှစ်ဆယ့်နှစ်သန်း ငါးသိန်းနီးပါး)

ထောက်ခံမဲ ၂၀,၇၈၆,၅၉၆ (သန်း နှစ်ဆယ်ကျော်)

ကန့်ကွက်မဲ ၁,၃၇၇,၄၈ဝ (တစ်သန်း သုံးသိန်းကျော်)

ပယ်မဲ ၃၃၄,၅၈၈ (သုံးသိန်းကျော်)

ထောက်ခံမဲရာနှုန်း ၉၂.၄ %


- ဟူ၍ ဖော်ပြထားပါသည်။ ချန်ထားသည့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း ၄၇ မြို့နယ်တွင် မဲပေးခွင့်ရှိသူ ၅ သန်းကျော် ရှိသည်ဟု ဆိုပါသည်။ ထိုစာရင်းကို ကြည့်လျှင် မဲပေးခွင့်ရှိသူ အနက် ၉၉ ရာခိုင်နှုန်းက မဲပေးခဲ့သည်ဟု တွေ့ရပါသည်။ အလွန်ကို ယုတ္တိကင်းလှသည့် လိမ်လည်မှု ဖြစ်ပါသည်။ ဘယ် ဆန္ဒခံယူပွဲမှာမှ ကိုးဆယ်ကိုးရာနှုန်း မဲပေးသည်ဟူ၍ မဖြစ်နိုင်ပါ။ အနိုင်ယူချင်လျှင်လည်း ယုတ္တိတန်အောင်လုပ်၍ အနိုင်ယူဖို့တော့ ကောင်းပါသည်။ အခုတော့ နအဖ လိမ်လည်ချက်က ရယ်လိုက်ရတာ ဖတ်ဖတ်မော ဆိုသည့်ကိန်း ဖြစ်နေပါသည်။

ဤစာရင်းကို ထောက်ချင့်၍ နအဖက ပျက်ကွက်မဲကို ထောက်ခံမဲနှင့် အစားထိုးရုံမက၊ ကြိုတင်မဲ အားလုံးကို ထောက်ခံမဲ လုပ်ထားကြောင်း အလွယ်တကူ ကောက်ချက်ချနိုင်ပါသည်။ ထိုကောက်ချက်ကိုလည်း အများစုက ယုံကြည်ကြမည် ဖြစ်သည်။ ထိုအချက်က လူထု၏ ကန့်ကွက်လိုသော ဆန္ဒကို အဓမ္မဖယ်ရှားခံလိုက်ရကြောင်း ခိုင်မာသောသက်သေ ဖြစ်ပါသည်။

မုံရွာသူတဦးက “နှမ်းတစေ့နဲ့ ဆီမဖြစ်ဘူး ဆိုရင်တောင် ကျမဟာ နှမ်းဆိုတာကို အကုန်သိစေရမယ် ဆိုပြီး အမှားခြစ်ပဲ ခြစ်ခဲ့တယ်” ဟု ပြောခဲ့သည်။ ထိုစကားအတွင်းမှာပင် နအဖက မတရားလုပ်မည်ကို ကြိုတင်သိနေပြီးဖြစ်ကြောင်း အဓိပ္ပာယ်ပေါ်လွင်နေပါသည်။ နှမ်းတစေ့က ဆီမဖြစ်သော်လည်း နှမ်းအစုအပေါင်းက ဆီဖြစ်ပါသည်။ ကန့်ကွက်မဲ စာရွက်များကိုသာ ဖယ်ရှားပစ်၍ ရပါမည်၊ နှလုံးသားထဲက ကန့်ကွက်ဆန္ဒများကိုမူ ဖယ်ရှားပစ်၍ မရနိုင်ပါ။ ထိုဆန္ဒများသည် အချိန်တန်လျှင် ပေါ်လာပါလိမ့်မည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဆန္ဒခံယူရလဒ်ကို လက်မခံနိုင်ဟု ယတိပြတ် ပြောဆိုလိုက်ပြီ။

"ဒီဆန္ဒခံယူပွဲဟာ ပြည်သူဆန္ဒမပါဘူးဗျ။ ပြည်သူ့ဆန္ဒမပါတဲ့အတွက် အတည်ဖြစ်သွားရင်လည်း တရားဥပဒေအရ တရားမဝင်ဘူး။"



နာဂစ်နဲ့အတူ

မေလ ၂ ရက်နှင့် ၃ ရက်က တိုက်ခတ်သွားသော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းက ကြမ်းတမ်းပြင်းထန်လှသည်။ ထို့အတူ လာမည့် နှစ်နှစ်အတွင်း ဆက်လက်တိုက်ခတ်မည့် မြန်မာ့နိုင်ငံရေး မုန်တိုင်းက နာဂစ်ကဲ့သို့ပင် ကြမ်းတမ်းပြင်းထန် ပါတော့မည်။

ယနေ့ အခြေခံဥပဒေကို ထောက်ခံလိုက်ကြပြီဟု နအဖက ကြေညာသော်လည်း၊ အာဏာတည် အသက်ဝင်ဦးမည် မဟုတ်ပါ။ ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပရဦးမည်။ ရွေးကောက်ပွဲတွင် အနိုင်ရ အမတ်များက ပြည်ထောင်စုလွှတ်တော် စတင်ကျင်းပသည့်နေ့ကျမှ စတင် အာဏာတည်မည် ဖြစ်သည်။ ထိုအချိန် မရောက်မချင်း မြန်မာ့နိုင်ငံရေးသည် ဖြစ်နိုင်ချေ အများအပြားကြားတွင် လွန်းထိုးနေဦးမည် ဖြစ်သည်။

ဤအတောအတွင်း နအဖက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက် ရုတ်သိမ်းနိုင်မလား။

ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်လိုလျှင် `၁၉၈၉ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ´ ပုဒ်မ ၁၁ ဖြင့် ကော်မရှင်က အမတ်တဦးချင်းစီအတွက် ပယ်ဖျက်ရပါမည်။ အမတ် တယောက်မျှ မရှိအောင် လုပ်ရမည့်သဘော ဖြစ်ပါသည်။ လွှတ်တော် ခေါ်ယူထားခြင်း မရှိသဖြင့် လွှတ်တော် ဖျက်သိမ်းရန် အကြောင်းမရှိပါ။ အခြားတနည်းမှာ ရွေးကောက်ပွဲအသစ် အတွက် ဥပဒေပြဋ္ဌာန်းပြီး ဥပဒေအဟောင်းနှင့် ယင်းရလဒ်ကို တပေါင်းတည်း ရုတ်သိမ်း ပစ်လိုက်နိုင်ပါသည်။

၉၀ ရလဒ်ကို ဖျက်ပစ်လိုက်သည့်တိုင်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်ပစ်၍ မရနိုင်ပါ။ ၂၀၁၀ ရွေးကောက်ပွဲတွင် မပါဝင်ရဟုလည်း တားမြစ်၍ မရနိုင်ပါ။ လူထုထောက်ခံမှု ရှိနေသမျှ အဖွဲ့ချုပ် တည်ရှိနေနိုင်ပါသည်။ နောက်ထပ် ဒီမိုကရေစီရေး လှုပ်ရှားမည့် ပါတီများလည်း ပေါ်လာနိုင်ပါသေးသည်။

သို့ရာတွင် မြန်မာပြည်၏ ယနေ့ အခြေအနေမှာ အဆိုးဝါးဆုံး ပေါက်ကွဲလုလု မီးတရဲရဲ ဖြစ်ပါသည်။ နာဂစ်မုန်တိုင်းကြောင့် မြန်မာ့စပါးကျည်ဖြစ်သည့် ဧရာဝတီတိုင်း အောက်ပိုင်းတခုလုံး ပျက်သုဉ်းသွားသည်။ မြို့တော်ရန်ကုန်က မြို့ပျက်နီးနီး ဖြစ်သွားသည်။ သေဆုံးသူပေါင်း တသိန်းကျော်သည်။ အချို့က နှစ်သိန်းကျော်ဟု ဆိုသည်။ နအဖစာရင်းအရ ခြောက်သောင်းကျော်နေပြီ။ လေဘေး ဒုက္ခသည် နှစ်သန်းခွဲခန့် ရှိသည်။

စစ်အစိုးရက ဒုက္ခသည်များကို ကူညီရမည့်အစား နိုင်ငံတကာနှင့် ပြည်တွင်းအကူအညီများကို ဆို့ပိတ်ဟန့်တားနေသည်။ တတ်ကျွမ်းသူများ မလာရ။ သတင်းသမား မလာရ။ ကူညီလိုလျှင် ငါတို့ကို ပေးဟူ၍ လုပ်နေသည်။ သူတို့လက်သို့ ပေးလာသမျှကို ကိုယ်ကျိုးရှာ အလွဲသုံးစား လုပ်ပစ်နေသည်။ နအဖ လုပ်နေပုံက `ခွေး ထန်းလျက်အိုးတွေ့သလို´ ဖြစ်သည်။ တကယ်တော့ လေဘေးဒုက္ခသည်များကို နအဖက ဓားစာခံများအဖြစ် ပြုမူနေခြင်းပင် ဖြစ်ပါသည်။

နအဖက မုန်တိုင်းဒဏ်ကို ကယ်ဆယ်ရမည့်အစား ထိုအချိန်ကို အခွင့်ကောင်းဟု သဘောထား၍ လူထုဆန္ဒကို အဓမ္မ ရယူလိုက်သည်။ ပြည်သူအားလုံး ၀မ်းနည်းပူဆွေး ဒုက္ခပင်လယ် ဝေနေချိန်တွင် စစ်ဗိုလ်ချုပ်များက မျက်နှာပုပ်ကြီးများနှင့် ကိုယ်မဲကိုယ်ပြန်ထည့်နေကြသည်။ လူ့အသက်ကယ်ရန် အလွန်ဖင့်နှေးသလောက် အာဏာဖင်မြဲရေးအတွက် ခြေသွက်လက်သွက် နေကြသည်။ လူငါးသန်း၏ ဆန္ဒကို မသိရသေးခင်မှာပင် ငါတို့နိုင်ပြီဟု ၀င့်ကြွားနေကြပြီ။

နအဖသည် မြန်မာပြည်သူလူထု အားလုံးကို ပြန်ပေးဆွဲထားခြင်း ဖြစ်တော့သည်။ မြန်မာပြည်သူများသည် နအဖ စစ်ဗိုလ်ချုပ်များ အာဏာကျင့်သုံးနိုင်ရေးအတွက် သေနတ်ထောက်ခံထားရသော ဓားစာခံများ ဖြစ်ပါသည်။



အနိမ့်ကျဆုံး

ယနေ့အခြေအနေကို မြန်မာ့သမိုင်းတလျှောက် အနိမ့်ကျဆုံးကာလဟု သတ်မှတ်နိုင်ပါသည်။

အကြီးမား အပြင်းထန်ဆုံး သဘာဝဘေးရန်ကြောင့် နိုင်ငံ၏ ရေမြေ ငါးရာခိုင်နှုန်း ပျက်စီးသွားသည်။ နိုင်ငံ့ သဘာဝရင်းမြစ်များကို ရောင်းချစားသောက်နေသည့် စစ်ဗိုလ်များက ဘာမှမဖြစ်ပါဘူးဟု ပြောဆိုနေသည်။

ထိုဒေသတွင် မှီတင်းနေသော လူနှစ်သန်းကျော် ရုတ်တရက် မွဲတေသွားသည်။ ဘ၀ရပ်တည်မှု အနေအထားမှာ နောင် နှစ်အတန်ကြာ ပုံမှန်ပြန်ဖြစ်လာဖို့ အတော်ခဲယဉ်းသည်။ စစ်ဗိုလ်ချုပ်များက တစ်သက်စာ စစ်အာဏာ တည်မြဲရေးအတွက် လူထုကို အတင်းအကျပ် ထောက်ခံမဲ ထည့်ခိုင်းနေသည်။

သေဆုံးသူ တသိန်းကျော်ကို စာရင်းလည်း မပြုစုနိုင်၊ မီးရှို့မြေမြှုပ် သဂြုင်္ိဟ်ခြင်းလည်း မလုပ်နိုင်၊ မြင်မြင်သမျှ သုဿန်လိုဖြစ်နေသည်။ စစ်ဗိုလ်ချုပ်များက တီဗီကင်မရာ ရှေ့တွင် ပြဇာတ်မင်းသားဟန်ဖြင့် လက်ညှိုးတထိုးထိုး လုပ်နေတုန်း ဖြစ်သည်။

အစာရေစာ ပြတ်လပ်နေသူ နှစ်သန်းကျော်က လက်ဝါးတဖြန့်ဖြန့် တောင်းရမ်းနေရသည်။ နိုင်ငံတကာမှ ပေးသော ပစ္စည်းများကို စစ်တပ်က အပြင်ထုတ်ရောင်းသည်။ ငို့ဘနှင့် ၀ိသမလောဘသမားများက ပူးပေါင်း အမြတ်ရှာနေကြသည်။

ဒုက္ခသည်များအတွက် ရေရှည် ပြန်လည်ထူထောင်ရေးကို အသာထားဦး၊ လတ်တလော နောက်ဆက်တွဲ ပြဿနာများ တိုးမလာအောင် ရင်တမမ ဖြစ်နေရသည်။ စစ်တပ်က အကူအညီပေးသူများကို ရန်သူသဖွယ် စစ်ဆေးဟန့်တား ပစ္စည်းလုယူ နေကြသည်။

နိုင်ငံတကာက ကျွမ်းကျင်မှု ငွေကြေး ပစ္စည်းတို့ကို အလုံးအရင်းနှင့် ထိထိရောက်ရောက် ပေးကူနိုင်အောင် ကြိုးစားနေကြသည်။ နအဖ လက်ကိုင်တုတ်နှင့် စစ်ခွေးများက ၀ါးစိမ်းတုတ်ခုတ်ကာ လူရိုက်နည်း လေ့ကျင့်နေကြသည်။

စစ်အာဏာရှင်တစု၏ ယုတ်မာညံ့ဖျင်းမှု, နောက်လိုက်ခွေးများ၏ မိုက်ရိုင်းစုတ်ပဲ့မှု, ၀ိသမသမားများ၏ ကောက်ကျစ်အစွယ်ပြူးမှု တို့ကြောင့် မြန်မာတမျိုးသားလုံး၏ ဂုဏ်သိက္ခာမှာ များစွာ ယုတ်လျော့ ကျဆင်းသွားရပြီ ဖြစ်သည်။

ဆင်းရဲမွဲတေမှု၏ အဆုံး, စိတ်ဓာတ် အနိမ့်ကျဆုံး၏ အစွန်တွင် အေးချမ်းတိုးတက်မှုဟူ၍ စိုးစင်းမျှ မရှိနိုင်ပါ။ မွဲတေမှုနှင့် နိမ့်ကျမှုတို့က ပေါက်ကွဲမှုများကိုသာ ဖန်တီးနိုင်စွမ်း ရှိပါသည်။ မြန်မာပြည်သည် အဆိုးဆုံး အခြေအနေမှ ထို့ထက်ပိုဆိုးသော အခြေအနေသို့ ဦးတည်ရွေ့လျားနေသည်ဟု ဆိုနိုင်ပါသည်။

မြန်မာ့အရေးလေ့လာသူ ဦးအောင်နိုင်ဦးက စစ်အစိုးရ ထုတ်ပြန်သော ကိန်းဂဏန်းကို အယုံအကြည်မရှိကြောင်း ပြောဆိုလိုက်ပြီး မြန်မာပြည် အနာဂတ်အတွက် ရေရှည်ပြဿနာဆီ ဦးတည်နေသည်ဟု မဇ္ဈိမသတင်းဌာနသို့ ပြောပါသည်။

"အခုလို ဆိုင်ကလုန်းကြောင့် လူတွေအများကြီး သေဖို့ဖြစ်နေတဲ့ကိစ္စမှာ အများကြီးနိုင်တယ် ဆိုပြီး လိမ်တဲ့ကိစ္စကတော့ တော့တော့ကို ကျနော်တို့နိုင်ငံရဲ့ ရေရှည်ပြဿနာ ဖြစ်နိုင်တယ်"

မြန်မာပြည်တွင် ဓားစာခံ ဖြစ်နေသော နိုင်ငံသားများကို ကယ်တင်ဖို့ အရေးတကြီး လိုအပ်နေသည်။ ဓားစာခံများ လွတ်မြောက်ရေးအတွက် မည်သည့်ဆောင်ရွက်ချက်မဆို တရားသည်။ မည်သူမဆို လုပ်ပိုင်ခွင့် ရှိသည်။ ထိုအထဲတွင် မြန်မာနိုင်ငံသားတိုင်းလည်း ပါဝင်ပါသည်။ ။





0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More