ဆိုင်ကလုံးမုန်တိုင်းဒဏ် အလူးအလဲခံလိုက်ရတဲ့မြန်မာပြည်က မုန်တိုင်းဒုက္ခသည်တွေကို ကူညီရေး၊ ဒုက္ခတွေ ထပ်ပြီးမကြုံနိုင်ရေး ကမ္ဘာ့ခေါင်းဆာင်တွေနဲ့ တိုင်ပင်ညှိနှိုင်းဖို့ အစည်းအဝေး ခေါ်ယူထားတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်းကပြောလိုက်ပါတယ်၊မြန်မာစစ်အစိုးရက တင်းကျပ်မှုတွေလျှော့လာတယ်ဆိုပေမယ့်လည်း သိပ်ကိုနည်းလွန်းတယ်လို့ဆိုပါတယ်၊ မနေ့က ကုလသမဂ္ဂမှာ မြန်မာမုန်တိုင်းဒုက္ခသည်တွေနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာတွေကို ဦးကျော်အောင်လွင်က တင်ပြပေးပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ဆိုက်ကလုန်း မုန်တိုင်းမိ မြန်မာ ဒုက္ခသည်တွေ အတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေိထိရောက်ရောက်လုပ်နိုင်ရေး ဗိုလ်ချုပ်မှူးကြီး သန်းရွှေတယောက်လွဲလို့ ကမ္ဘာ့ခေါင်းဆောင်တော်တော်များများနဲ့ တိုင်ပင် ဆွေးနွေးမှုတွေ လုပ်ထားတယ်လို့ သတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်၊ နောက်တခါမြန်မာပြည်ကိုကူညီရေး အခုချိန်ကစပြီးတော့ ပီပီပြင်ပြင် ခိုင်ခိုင်မာမာ ကျနော်တို့ ဘာတွေလုပ်နိုင်မလဲဆွေးနွေးမလို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက သံတမန်တွေ၊ ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ထားတယ်လို့ ဆိုပါတယ်၊ အခုလောလောဆယ်အချိန်ထိမုန်တိုင်းမိဒုက္ခသည်တွေကို ကူညီရေး၊ အစားအစာတွေ ရနိုင်ဖို့ မြန်မာပြည်ကို ၀င်ခွင့်ဗီဇာတွေရရှိရေးကိစ္စတွေမှာ ကျနော်တို့ရဲ့အချိန်တွေ၊အင်အားတွေကို တော်တော်အသုံးပြုခဲ့တယလို့လည်း မစ္စတာဘန်ကီမွန်းက နေပြောဆိုသွားခဲ့တာပါ၊ မြန်မာ စစ်အစိုးရဘက်က ပျော့ပျောင်းတဲ့သဘောထားတွေပြသလာတယ်ုပေမယ့်လည်း ဒီလိုအချိန်မျုးမှာ ဒါတွေသိပ်ပြီးတော့နည်းပါးလွန်းတယ်လို့ မစ္စတာဘန်ကီမွန်းက ပြောလိုက်ပါတယ်၊ မနေ့တုံးက တရက်တည်းမှာပဲ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကူညီပေးရေးအကြီးအကဲ ဂျွန်ဟုမ်း(စ်)ကလည်း ကူညီကယ်ဆယ်ရေးနဲ့ပတ်သက်တဲ့ နောက်ဆုံးအခြေနေတွေကို သတင်းထောက်တွေကို ရှင်းပြခဲ့ပါသးတယ်၊
မုန်တိုင်းမိဒုက္ခသည်တွေအကြား ရောဂါဘယတွေပြန့်ပွားပြီးတော့ နောက်ထပ် သေဆုံးမှုတွေ ထပ်ပြီးတော့ မဖြစ်ရအောင်လုပ်နိုင်ဖို့အရေး နိုင်ငံတကာရဲ့တုန့်ပြန်မှုတွေ ကျနော်တို့ လိုအပ်နေ ပါတယ်၊ ဘင်္ဂလားပင်လယ်အော်ထဲမှာ ဆိုင်ကလုန်းမုန်တိုင်းနောက်တကြိမ်ဖြစ်ပေါ်လာမယ်ဆိုတဲ့ မိုးလေ၀ါသခန်းမှန်းချက်တွေကိုတော့ အတည်မပြုနိုင်သေးပေမယ့်လည်း မိုးတွေ အကြီးအကျယ် ရွာမယ့်အရေးကိုတော့ ကျနော်တို့စိုးရိမ်နေပါတယ်လို့ ဂျွန်ဟုမ်း(စ်)ကပြောပါတယ်၊ အခု လောလော ဆယ် ကျနော်တို့အကြမ်းဖျင်းခန်းမှန်းချက်တွေအရမုန်တိုင်းဒဏ်ခံတဲ့လူပေါင်းဟာ တစ်သန်း ခြောက်သိန်း လောက်ကနေ နှစ်သန်းခွဲအထိရှိမယ်လို့ တွက်ပါတယ်၊ သေဆုံးသူ အရေအတွက်ဟာ မြန်မာစစ်အစိုးရဘက်က ပေးတဲ့စာရင်းအရ ၃၈၄၉၁ ယောက်၊ ပျောက်ဆုံး နေတာတွေက ၂၇၈၃၈ ယောက်လို့ဆိုပါတယ်၊ အခုချိန်မှာအကြီးမာဆုံးကျနော်တို့ ကြုံတွေ့ နေရတဲ့ ပြဿနာက နိုင်ငံ တကာက လူသားချင်းစာနာတဲ့ ကူညီကယ်ဆယ်ရေးသမားတွေကို မုန်တိုင်းအကြီးကျယ်ထိခဲ့တဲ့ နေရာတွေဆီသွားခွင့်မပေးတဲ့ကိစ္စပါ၊ ဒါတွေကိုခွင့်ပြုဖို့ မြန်မာအာဏာပိုင်တွေကို ဆက်ပြီးတော့ ကျနော်တို့ကတိုက်တွန်းနေပါတယ်၊ မြန်မာစစ်အစိုးရဟာ ကုလသမဂ္ဂကယ်ဆယ်ရေးလုပ်သားတွေကို မြန်မာပြည်ထဲလာဖို့ ပြည်ဝင်ခွင့်ဗီဇာတွေတင်းကျပ်ထားတယ်၊ တချို့ကို ပေးပြန်တော့လည်း ရန်ကုန်ကနေ မြစ်ဝကျွန်းပေါ်ကိုသွားခွင့်ပိတ်ပင်ထားပြန်ပါတယ်၊ ဒါတွေဟာ အကြီးအကျယ်ပဲ စိတ်ပျက်စရာကောင်းတဲ့ကိစ္စတွေပါ၊ ကူညီကယ်ဆယ်ရေးနဲ့ပတ်သက်ပြီး မြန်မာ အာဏာပိုင်တွေ ဘက်က အနည်းအကျဉ်းလမ်းဖွင့် ပေးလာတာတခုကတော့ နယ်မြေချင်းထိစပ်နေတဲ့ အိမ်နီးချင်း တိုင်းပြည်တွေ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံက လူသားချင်းစာနာတဲ့ အကူညီပေးရေး လုပ်သား ၁၆၀ ကိုစေလွှတ်ဖို့ ဖိတ်ခေါ်ထားတဲ့ကိစ္စပါဘဲ၊ အဲဒီလူတွေဘယ်အချိန်မှာ မြန်မာပြည်ထဲ ရောက်လာမလဲဆိုတာတော့ မသိရသးပါဘူး၊ ဘာပဲပြောပြော လုံးဝပိတ်ပင်ထားတာထက်စာလို့ရှိရင် နည်းနည်းလေးပွင့်လာတာကလည်း ကောင်းတယ်လို့ပဲဆိုရမှာပါလို့ ဂျွန်ဟုမ်း(စ်)က ဆိုပါတယ်၊
ကူညီကယ်ဆယ်ရေးပစ္စည်းတွေနဲ့ အစားသောက်တွေ၊ သောက်ရေသန့်တွေကတော့ မြန်မာပြည် ထဲကို လေယာဉ်တွေနဲ့ပေးပို့နေတာ တချို့တော့ ရန်ကုန်ကိုရောက်နေပါပြီ၊ ဆက်ပြီးတော့လည်း ရာက်လာဖို့ရှိပါတယ်၊ဒါပေမယ့် မေးစရာရှိနေတာက အဲဒီပစ္စည်းတွေက မုန်တိုင်းထိတဲ့ ဒုက္ခသည် တွေဆီကို ဘယ်တော့ရောက်မလဲဆိုတာ ပြောဖို့ခက်နေပါသေးတယ်၊ မြစ်ဝကျွန်းပေါ်ဒေသကို ကုလသမဂ္ဂက အကူညီပစ္စည်းတွေ တဖြည်းဖြည်းချင်းရောက်နေတယ်၊ ၀င်ခွင့်ပေး နေတယ် ဆိုပေမယ့်လည်း အဲဒီဒေသကို နိုင်ငံခြားသားတွေမ၀င်ရအောင်လို့ မြန်မာအာဏာပိုင်တွေကနေ ပိတ်ပင်ထားတယ်လို့လည်းသိရတဲ့အကြောင်း ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ ဂျွန်ဟုမ်း(စ်)ကနေပြီးတော့ သတင်းသမားတွေကိုပြောဆိုခဲ့ခြင်းပါခင်ဗျာ၊
အပြည့်အစုံသို့...
ဗွီအိုအေသတင်းဌာနမှကိုးကားတင်ပြထားသည်။
(ကိုရဲ - သွေးသစ်)

Posted in:
0 comments:
Post a Comment