Wednesday, May 7, 2008

မုန်တိုင်းနှင့်ပတ်သက်ပြီး(ADPC)မှမြန်မာကိုတပတ်ကြိုတင်သတိပေးခဲ့





ထိုင်းနိုင်ငံအခြေစိုက် အာရှဘေးအန္တရာယ် အသင့်ပြင်ဆင်ရေး ဌာန (ADPC) မှ ရာသီဥတုနှင့် ပတ်သက်ပြီး အကြံပေးချက်များထုတ်ပြန်ခဲ့သော်လည်းဆိုင်ကလုန်းမုန်တိုင်း နာဂစ်နှင့်ပတ် သက်၍ ကြိုတင်ပြင်ဆင်ချိန်ရရန် မြန်မာပြည်သူလူထုအား ထိရောက်သည့် သတိပေးချက်များ မရှိခဲ့ဟု ယနေ့ထုတ် ထိုင်းနိုင်ငံမှ The Nation သတင်းစာတွင် ဖော်ပြသည်။

နာဂစ်ဆိုင်ကလုန်းကျရောက်မည်ဆိုသည့်သတင်းကိုမြန်မာနိုင်ငံမိုးလေ၀သနှင့်ဇလဗေဒဌာနကို တပတ်ကြိုတင် သတိပေး ပြောကြားခဲ့သော်လည်း မြန်မာနိုင်ငံသည် ပြင်းထန်လှသော ပျက်စီးမှုကြီးကို ကြိုတင်ကာကွယ်ရန် ပြင်ဆင်နိုင်ခဲ့ခြင်း မရှိဟု သတင်းတွင် ဆက်လက်ဖော်ပြ ထားသည်။

ထိုင်းနိုင်ငံ အခြေစိုက် ADPC မှ အမှုဆောင်ဒါရိုက်တာ ဘီချစ် ရတ်တာကူလ်က အမေရိကန်ရေတပ်၏ ပူးပေါင်း တိုင်ဖုန်းလေ့လာရေးဗဟိုဌာနမှ ပထမဆုံးအကြိမ် မုန်တိုင်းသတိပေးချက်ကိုဧပြီ (၂၇) တွင် လက်ခံရရှိခဲ့ကြောင်း ယမန်နေ့က ပြောကြားသည်။

သိပ္ပံရေးရာ ၀န်ကြီးဟောင်းလည်းဖြစ်၊ ဘန်ကောက်မြို့တော်ဝန်ဟောင်းလည်းဖြစ်သည့် ဘီချစ်၏ ပြောကြားချက်အရ ထိုမုန်တိုင်း သတိပေးချက်အား အိန္ဒိယနှင့် မြန်မာနိုင်ငံ အပါအ၀င် အာရှဒေသ တွင်းရှိ အခြားနိုင်ငံများမှ အာဏာပိုင်တို့ကိုပါ ပေးဝေခဲ့ကြောင်း သိရှိရသည်။

ဆိုင်ကလုန်းနာဂစ် မြန်မာပြည် မြေပြင်ပေါ် မကျရောက်ခင် ခုနှစ်ရက်က ကျနော်တို့ကြိုတင် ခန့်မှန်းချက်ပေးခဲ့တဲ့အနေအထားဟာအမှန်အတိုင်းဖြစ်တယ်။ဘာဖြစ်လို့တိကျရတာလဲဆိုတော့ အရည်အသွေးမြင့်တဲ့မြေပုံတွေကိုADPCကထုတ်ပေးခဲ့နိုင်လို့ပါပဲ။ ကျနော်တို့ရဲ့ကြိုတင်ခန့်မှန်းချက်တွေနဲ့ဆိုမုန်တိုင်းအဓိက နေရာတွေဟာ အချင်းဝက် (၉) ကီလိုမီတာသာ ရှိတယ်။ ဒီတော့ ကျနော်တို့အနေနဲ့ အန္တရာယ်ရှိတဲ့ နေရာတွေ လယ်ယာတွေကို တိတိကျကျ ထောက်ပြနိုင်တယ်။ တခြား ကျနော်တို့နဲ့ လုပ်ဖော်ကိုင်ဖက် နိုင်ငံတွေရဲ့ မေတ္တာရပ်ခံချက် အပေါ်မှာမူတည်ပြီး ဆိုးဝါးတဲ့ ရာသီဥတုဆိုင်ရာအကြံပေးချက်တွေကို အဲဒီနိုင်ငံရဲ့ မိုးလေ၀သ ဌာနတွေဆီ ကျနော်တို့က ပေးပို့ပါတယ်။ သူတို့အနေနဲ့ ဆိုင်ရာပြည်သူတွေကို ကြိုတင်သတိပေး နိုင်အောင်လို့ပါဟု ဘီချစ်က ပြောသည်။ သို့သော် မြန်မာနိုင်ငံ လေမုန်တိုင်း ဒဏ်ခံရမှုနှင့် ပတ်သက်၍ အထူးကောက်ချက်ချ ပြောဆိုရန် ၎င်းက ငြင်းဆန်ခဲ့သည်။

(ခေတ်ပြိုင်သတင်းဌာနမှကိုးကားတင်ပြထားသည်။)


0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More