Thursday, March 13, 2008

အာဏာရှင်ကို အမြစ်ပြတ်တွန်းလှန်ပစ်ဖို့ လူထုစိန်ဝင်းပြောကြား...

(ဧရာဝတီအင်တာနက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်)



ကမ္ဘာ့နေရာအနှံ့အပြားမှာရောက်ရှိနေကြတဲ့ တော်လှန်ရေးရဲဘော်အပေါင်းတို့….
ကျနော်လူထုစိန်ဝင်းက နှုတ်ခွန်းဆက်အလေးပြုလိုက်ပါတယ်…

ရဲဘော်တို့-
လက်ထဲမှာဆုပ်ကိုင်ထားတဲ့အာဏာကို သဘောထားကြီးစွာနဲ့
အလိုအလျောက်စွန့်လွှတ်သွားတဲ့ အာဏာရှင်မျိုး ကမ္ဘာ့သမိုင်းမှာ ဘယ်ခေတ်ဘယ်အခါကမှ မရှိခဲ့ဘူးပါဘူး…


ဟစ်တလာလည်း သူ့ထက်ကြီးမားတဲ့အင်အားနဲ့ ချေမှုန်းတိုက်ထုတ်ပစ်လိုက်ရတာပါပဲ…
Force-outလုပ်ခဲ့ရတာပါပဲဖြစ်တယ်။
ဖိလစ်ပင်းက မားကိုစ်လည်း Force-outပဲ။ အင်ဒိုနီးရှားကဆူဟာတိုလည်းForce-out ပဲ။

နောက်ပြီးတော့ ကုလသမဂ္ဂကကယ်တင်လို့ လွတ်မြောက်သွားတဲ့နိုင်ငံရယ်လို့ ကမ္ဘာပေါ်မှာ တနိုင်ငံမှမရှိခဲ့ဖူးပါဘူး…

အဲဒါကြောင့် ဒိုင်ယာလော့ဒ်တို့၊ လုံခြုံရေးကောင်စီတို့ဆိုတာတွေနဲ့ စိတ်ကူးယဉ်ပြီးအချိန်တွေဖြုန်းမနေကြပါနဲ့…
တိုင်းပြည်ကနာလှပါပြီ…။ ပြည်သူတွေဒုက္ခရောက်လှပါပြီ…

ဒီအာဏာရှင်စနစ်ဆိုးကြီးအောက်မှာ ရာစုနှစ်တ၀က်နီးပါးရှိခဲ့ပါပြီ…
အမြန်ဆုံးဒါတွေကို အဆုံးသတ်သင့်ပြီ…

ဒီအာဏာရှင်စနစ်ဆိုးကို Force-outလုပ်နိုင်တဲ့ Forceကျနော်တို့လက်ထဲမှာအသင့်ရှိနေပါတယ်…
အဲဒီ Forceက ‘ပြည်သ‘ူဆိုတဲ့အင်အားပဲဖြစ်တယ်….

People Powerဆိုတဲ့ Forceထက် ကြီးမားတဲ့Forceဘယ်မှာရှိမှာလဲ…

ပြီးခဲ့တဲ့စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးက ရဟန်း၊ ရှင် လူ၊ ပြည်သူတွေနဲ့ ကျောင်းသားတွေရဲ့ ဘာမထီတဲ့သူရဲကောင်းစိတ်ဓါတ်ကိုပြခဲ့ပြီ…

ပြည်တွင်းမှာဖိနှိပ်မှုတွေသိပ်ကြီးမားလို့ လူတွေကြောက်နေကြပြီ၊
မထရဲတော့ဘူး…၊ မကြွရဲတော့ဘူး…၊ ဒိုင်ယာလော့ဒ်နဲ့အပေးအယူလုပ်ပြီး ‘ပေးသမျှကိုယူကြစို့…‘လို့ ကြွေးကြော်နေကြတဲ့…
အာဏာရှင်ကိုမျက်နှာချိုသွေးပြီး ရာထူးရာခံလေးတောင်းခံချင်တဲ့သူတွေရဲ့အသံလည်း လုံးဝတိတ်ဆိတ်၊ နှုတ်ပိတ်သွားခဲ့ပြီ။

ရဲဘော်တို့-
ဒီအချိန်ဟာ တော်လှန်ရေးတရပ်လုံး အလှည့်အပြောင်းဖြစ်နိုင်တဲ့အချိန်ကာလဖြစ်တယ်။
ဒီလိုဖြစ်ဖို့ ရွှေဝါရောင်တော်လှန်ရေးက ဖန်တီးပေးလိုက်တာဖြစ်တယ်…

ရွှေဝါရောင်တော်လှန်ရေးရဲ့ ကြီးမားတဲ့အရှိန်အဟုန်ဟာ ကမ္ဘာတခုလုံးကိုဖုံးလွှမ်းသွားခဲ့ပြီ…
ဒီအခွင့်အရေးကို မိမိရရအသုံးချရမယ်...။

မြန်မာပြည်သူတွေရဲ့ သူရဲကောင်းစိတ်ဓါတ်ကိုယုံကြည်ကြ…

People Powerကိုယုံကြည်ကြ…
People Powerနဲ့ အာဏာရှင်စနစ်ဆိုးကြီးကို ချေမှုန်းပစ်ကြ…

၈-၃-၂၀၀၈(လူထုစိန်ဝင်း)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More