Saturday, March 8, 2008

ဦးဝင်းတင်ရဲ့ခြေရာများ

(ကိုမင်းကျော်ခိုင်ရေးဆွဲပေးထားသော ဦးဝင်းတင်ပုံတူပန်းချီဖြစ်ပါတယ်)

မောင်စွမ်းရည်
ဦးဝင်းတင်ကို ကျနော်စတင်သိကျွမ်းခဲ့ရတာကတော့ ကြေးမုံသတင်းစာ အယ်ဒီတာတယောက်အနေနဲ့ပါ။ ကြေးမုံသတင်းစာကို အောင်ဗလခေါ်ဦးသောင်းက စတင်တည်ထောင်လိုက်ပြီး ဇ၀န၊ စိန်ခင်မောင်ရီ၊ ဦးဝင်းတင်တို့ ၀ိုင်းဝန်းအားထုတ်မှုကြောင့် တဟုန်ထိုး ထင်ပေါ်ကျော်ကြားလူကြိုက်များလာခဲ့ပါတယ်။

နေရာမြဲမြဲ ဇွဲကောင်းကောင်းနဲ့ အားထုတ်သူကတော့ ဦးဝင်းတင်ပါ။ ဦးဝင်းတင်ဟာ ဘွဲ့မရခင်ကတည်းက စာပေဗိမာန်မှာလုပ်နေရာက နယ်သာလန်နိုင်ငံ၊ အမ်စကာဒမ်မြို့မှာ ပုံနှိပ်ထုတ်ဝေမှုပညာကို လက်တွေ့ဆည်းပူးလုပ်ကိုင်ဖို့ တာဝန်ပေးခံရပါတယ်။ အဲဒီကပြန်လာတော့ လခကောင်းတဲ့ စာပေဗိမာန်အလုပ်ကိုစွန့်လွှတ်ထားခဲ့ပြီး မသေချာမရေရာတဲ့ စာနယ်ဇင်းလောကထဲကို ခြေစုံပစ်ပြီးဝင်လာခဲ့တာပါ။
တကယ်တော့ ဦးဝင်းတင်က ဘွဲ့ရပြီးက တည်းက စာနယ်ဇင်းလောကထဲကို ခြေစုံ ပစ်ဝင်ဖို့ ကြိုးစားခဲ့တာပါ။ သူဝင်ရောက် လုပ်ကိုင်မယ့်နေရာက သူလေးစားယုံ ကြည်မှုရှိတဲ့ နေရာမျိုးမှာပဲ လုပ်ချင်တယ်။ ဒါကြောင့် သူနဲ့ရင်းနှီးတဲ့ ထင်လင်းခေါ် ဦး သိန်းမောင်ကို ဒဂုန်တာရာဆီ လိုက်ပို့ခိုင်းဖူးပါတယ်။
လွတ်လပ်ရေးရကာစက ကမာရွတ်၊ လှည်းတန်းရပ်၊ ရန်ကုန်တက္ကသိုလ်နဲ့နီးတဲ့ အိမ်တအိမ်မှာ စာပေသမား လူငယ်တွေ စုဝေးနေထိုင်လေ့ရှိဖူးတယ်။ တချို့က ဒီအိမ်မှာပဲ အိပ်ကြ စားကြသတဲ့။ တချို့က ညနေဘက် ကျောင်းဆင်းချိန်ကျ မှ လာရောက်စုဝေးကြသတဲ့။ အဲဒါက ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်တို့ရဲ့အိမ်ပါ။ သူတို့ကလဲ ငယ်တုန်းရွယ် တုန်းပေါ့။ ပထ မကတော့ တကောင်းဆောင်နားမှာလို့ ကြားဖူးတယ်။ တက္ကသိုလ်နဲ့နီးလို့ တက္ကသိုလ်ဘက်က ကျော်အောင်၊ မြသန်း(တင့်)၊ သန်းတင်၊ ကြည်လင်၊ ကြည်အေးတို့နဲ့အတူ သူတို့အောက်နည်းနည်းငယ်တဲ့ ကိုဝင်းတင်တို့လဲပါကြသတဲ့။
သူတို့ထကိကြီးသူတွေကတော့ ဒဂုန်တာရာ၊ သန်းဆွေ၊ သော်တာဆွေ၊ ထင်လင်းတို့ပါပဲတဲ့။ ဒါကြောင့် ကိုဝင်းတင်က စာပေသစ်အသိုင်းအ၀ိုင်းနဲ့ နီးစပ်ပြီး ပြည်သူ့စာအယူအဆဘက်ကို စာရေးဆရာမဖြစ်ခင်ကပဲ ရောက်ရှိနေသူ စာပေလူငယ်တဦးဖြစ်ခဲ့ပုံရပါ တယ်။
ဒဂုန်တာရာက ‘ဂန္ဓ၀င်ဂျာနယ်’ထုတ်တော့ ဆရာထင်လင်းကို လိုက်ပို့ခိုင်းပြီး စာနယ်ဇင်းလောကထဲကို ခြေစုံပစ်ဝင်လိုက်တာ ဖြစ်ပါတယ်။ ဒဂုန်တာရာကလဲ လက်ခံပါတယ်။ ဒါပေမယ့် ဂန္ဓ၀င်ဂျာနယ်ဟာ နှစ်ပတ်ပဲ သက်တမ်းရှိလိုက်ပါတယ်။ ဦးဝင်းတင်လဲ လွတ်လပ်ရေး ရစခေတ်က တက္ကသိုလ်က ဘွဲ့ရစာပေသမားတွေ ၀င် ရောက်လုပ်ကိုင်ရာဖြစ်တဲ့ ‘စာပေဗိမာန်’ စာအုပ်ထုတ် ဝေရေးလုပ်ငန်းကိုပဲ ၀င်ရောက်အမှုထမ်းပါတယ်။ စွယ် စုံကျမ်းတွေ စတင်ရိုက်နှိပ် ထုတ်ဝေနေတဲ့ ကာလပေါ့။
အဲဒါက ၁၉၅၃ ခုနှစ်ပါ။ ရာထူးက လက်ထောက် အယ်ဒီတာပါ။ သူ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဇမ်ဘာတန်(Jambarton) စာအုပ်ထုတ်ဝေရေး ကုမ္ပဏီမှာ စာအုပ်ထုတ်ဝေမှုပညာနဲ့ စာနယ်ဇင်းပညာဆည်းပူးခဲ့တာက (ဒဂုန်တာရာရဲ့ကြာပန်းရေစင်စာအုပ်မှာ) ၁၉၅၅ ခုနှစ်က ၁၉၅၇ ခုနှစ်ထိ ၂ နှစ်မျှ ကြာပါ တယ်။
စာပေဗိမာန်က လူထုသိပ္ပံကျမ်းတွေနဲ့ နှစ်ငါး ဆယ်နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစာအုပ်တွဲတွေကို ရိုက်နှိပ်ထုတ်ဝေခဲ့ရတာ ဖြစ်ပါတယ်။ ပုံနှိပ်တိုက်မှာလုပ်ရင်း သတင်းပေးစာစဉ်လေးများကိုလည်း ဥရောပ ရောက် မြန်မာပညာတော်သင် ကျောင်းသားတွေအ တွက် ကိုယ်တိုင်ရေးသား တည်းဖြတ်ထုတ်ဝေ ဖြန့်ချိပါ သေးတယ်။ ဆရာဝင်းတင် ဒက်ခ်ျဘာသာစကားနဲ့ ရေး သားထားတဲ့ ဆောင်းပါးတစောင်ကို မဂ္ဂဇင်းတခုမှာ မြင်ဖူးလိုက်တယ်လို့ ကျနော်မှတ်မိနေပါတယ်။
ဦးဝင်းတင်အနေနဲ့ ကြေးမုံသတင်းစာကြီးမှာ အားခဲ လုပ်ကိုင်နေရင်း စစ်အုပ်စုတက်လာပြီး သတင်းစာတွေ ကို ပြည်သူပိုင်သိမ်းတာ ခံလိုက်ရပါတယ်။ သတင်းစာ ကို စစ်တပ်နဲ့ စစ်တပ်ပါတီဖြစ်တဲ့ မဆလက ကြီးကြပ်လိုက်တဲ့အခါ သတင်းစာဆရာစစ်စစ်တွေမှာ အရသာ ပျက်လာပါတယ်။ မန္တလေးမှာ တခုတည်းသော သ တင်းစာအဖြစ် ဆက်လက်ရပ်တည်နေတဲ့ လူထုသ တင်းစာကိုလဲ ၁၉၆၇ ခုနှစ်မှာ ပိတ်ပစ်လိုက်ခဲ့ပါပြီ။
အင်္ဂလိပ်လက်အောက်မရောက်ခင် မြန်မာနိုင်ငံမှာ ‘ရတနာပုံ’ဆိုတဲ့ ပထမဦးဆုံး မြန်မာသတင်းစာကို ထုတ်ခဲ့တဲ့ ရတနာပုံမန္တလေးမှာလဲ သတင်းစာမရှိတဲ့ မြန်မာ့ဒုတိယမြို့တော်ကြီးအဖြစ်နဲ့ ဟာလာဟင်းလင်း သတင်းမလှဖြစ်ခဲ့ရပါတယ်။
မန္တလေးလိုမြို့ကြီးမှာ ခုလို သတင်းမဲ့ဖြစ်နေတာ အတော်ကြာတော့ ရန်ကုန်မှာ ပြည် သူပိုင်သိမ်းထားတဲ့ ဟံသာဝတီသတင်းစာကို ပို့လိုက်ပါတယ်။ အဲဒါ ၁၉၆၉ ခုနှစ်ပါ။ အယ်ဒီ တာချုပ်က ကျနော်တို့ရဲ့ မိတ်ဆွေကြီး ဦးဝင်းတင်ပါ။ ဒီတော့မှ ကျနော်တို့အချင်းချင်း ယုံယုံ ကြည်ကြည် ရင်းရင်းနှီးနှီး ရှိလာခဲ့ပါတယ်။ မန်းဟံသာဝတီဖွင့်ပွဲမှာတော့ ဆရာကြီးရွှေဥဒေါင်း၊ ဆရာကြီးမြမျိုးလွင်၊ လူထုဦးလှ၊ လူထု ဒေါ်အမာတို့နဲ့အတူ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက လူငယ်တွေလဲ ပါကြပါ တယ်။ ကျနော်တို့ကလဲ အဲဒီအချိန်အထိ ကျ နော်တို့ အသင်းကို မဖျက်သေးဘဲ ရပ်တည် ထားနိုင်သေးတယ်။
ဦးဝင်းတင်ကို သူ့အထက်က ပါတီကောင် စီတွေမှာလိုက်တာက ‘ဒုတိယလူထုသတင်း စာမဖြစ်စေရ’ဆိုတာပါပဲ။ ဒါပေမယ့် ဦးဝင်းတင်လို တကယ့်သတင်းစာသမားက သတင်း စာဘိုးအေကြီး ရွှေဥဒေါင်းတို့လို၊ တသက်လုံး သတင်းလုပ်လာတဲ့ ၀ါရင့်သတင်းစာဆရာကြီး ဦးလှ၊ ဒေါ်အမာတို့လို ပုဂ္ဂိုလ်မျိုးတွေကို ဘယ်မှာကျောင်းခိုင်း ပစ်ပယ်နေနိုင်ပါ့မလဲ။ ဦးဝင်းတင်က မန္တလေးစာနယ်ဇင်း ဘိုးအေကြီးများကို အား ထားသလို မန္တလေးòမ့ကလဲ ဦးဝင်းတင်လို စာနယ်ဇင်းသမားစစ်စစ်ကို အားထားကြ ပါတယ်။
ခက်တာက လူလည်ကြီးဦးနေ၀င်းကလဲ ဦးဝင်းတင် ကို အားကိုးယုံကြည်ဟန်ပြပါတယ်။ သူ မန္တလေးကို ရောက်ရင် မန္တလေးမြို့မျက်နှာဖုံး စာနယ်ဇင်းသမား တွေ၊ ယဉ်ကျေးမှုနယ်ပယ်စုံက ပုဂ္ဂိုလ်ကျော်တွေကို နန်း တွင်းမှာ စုဝေးစေဖို့ ဦးဝင်းတင်ကိုပဲ စီစဉ်ခိုင်းလေ့ရှိပါ တယ်။ ဦးဝင်းတင်ကလဲ ဘာမဆို လူထုဦးလှ၊ လူထုဒေါ် အမာတို့ကို အားကိုးတကြီး ချဉ်းကပ်တိုင်ပင် လုပ် ဆောင်တာပါပဲ။
ဟံသာဝတီအချပ်ပိုဆိုပြီး စစ်ဗိုလ်တယောက် ချယ် လှယ်ဖို့ပေးထားတာဟာလဲ တဖြည်းဖြည်းနဲ့ မန်းလူထုရဲ့ ယဉ်ကျေးမှုစင်မြင့်တခုဖြစ်လာပါတယ်။ ဟံသာဝတီ တနင်္ဂနွေအချပ်ပိုတွေဟာ တန်ဖိုးရှိမှန်းသိလို့ ခုအခါ ကွန်ပျူတာတက္ကသိုလ်စာကြည့်တိုက်မှူးအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ရွှေမန်းသူ မတင်တင်ဝင်းက စာစုစာရင်းလုပ်ထားပြီးကြောင်းကိုလည်း သတင်းကောင်းပေးလိုက်ပါရစေ။
ဦးဝင်တင်က လူထုဦးလှ၊ ဒေါ်အမာ၊ ဒေါက်တာသန်းထွန်းတို့ကို အမှူးထားပြီး စနေစာပေ၀ိုင်း စာတမ်းဖတ် ပွဲတခုကိုလဲ ဟံသာဝတီသတင်းစာတိုက်မှာပဲ ကျွေးမွေးဧည့်ခံပြီး အပတ်စဉ်ကျင်းပတဲ့အခါ ရန်ကုန်က ဦးသိန်းဖေမြင့်တို့ပါ စာတမ်းတက်ဖက်ခဲ့ကြပါတယ်။ စာပေယဉ်ကျေးမှုလောကအတွက် အင်မတန်အဖိုးတန်တဲ့ စာတမ်းပေါင်းချုပ်တအုပ်လဲ ထုတ်ဝေလုပ်ကိုင်နိုင်ခဲ့ပါတယ်။
ဒါတွေဟာ ပါတီရဲ့ဦးဆောင်မှု၊ ကောင်စီရဲ့ ကြီးကြပ်မှုမပါပဲလုပ်နေတာတွေဆိုတော့ ပါတီကောင်စီနဲ့ စစ်ထောက်လှမ်းရေးကပါ မျက်စီစပါးမွှေး စူးလာပါတော့ တယ်။ ဦ၀င်းတင်ကတော့ စစ်အာဏာရှင်ရဲ့ဒဏ်ကို ဘယ်လောက်ခံနိုင်ပါအုံးမလဲ။
ဦးဝင်းတင်ဟာ စာနယ်ဇင်းလုပ်ငန်းတွေကို ဘ၀ပါမြုပ်ပြီး ယုံယုံကြည်ကြည် လေးလေးနက်နက်လုပ်နေတာဖြစ်ပါတယ်။
သတင်းစာတိုက်ကို အလည်သွားရင် သူ့ရဲ့မခမ်းမနား မသားနားလှတဲ့ အယ်ဒီတာစားပွဲမှာ မြေပဲကြော်တပန်းကန်၊ လက်ဖက်ရည်အဖန်က တကရားနဲ့ ဦးခေါင်းမဖော်စတမ်း အလုပ်လုပ်နေမြဲ ဖြစ်ပါ တယ်။ မောင်ဝန်ဇင်းအမည်ဝှက်တခုနဲ့လဲ စာအုပ်ဝေဖန်ချက်၊ စာပေဝေဖန်ရေးဆောင်းပါးတွေလဲ တည်တည် ငြိမ်ငြိမ်နဲ့ ၀င်ရေးနေပါသေးတယ်။ စစ်အာဏာရှင်လက် အောက် သတင်းစာဆရာဘ၀မှာ အခွင့်အာဏာမဲ့ပုံကို သူအသိဆုံးဆိုတော့ စစ်ထောက်လှမ်းရေးရဲ့မျက်ခုံးမွှေးပေါ်မှာလဲ စင်္ကြန်လျောက်တာ ကျွမ်းကျင်နေပါပြီ။
ဦးဝင်းတင်ဟာ သူ့လက်အောက်က အလုပ်သမားတွေကိုလဲ စစ်တပ်အရာရှိတွေ၊ ဗျူရိုကရက်တွေလို အာဏာပါဝါပြပြီး ဆက်ဆံပြောဆိုလေ့မရှိဘူး။ အားလုံးကို ရဲဘော်ရဲဘက်တွေလို သဘောထားပါတယ်။ ကူညီစရာရှိရင် လေးလေးစားစားကူညီတယ်။
သူလမ်းသစ်ရိပ်သာမှာနေတုန်းက သူ့တူသူ့သားလောက်ရှိတဲ့ စာပေသမား ကျောင်းဆရာတယောက်အလည်လာရင် သူ့ဆီမှာတည်းခိုပြီး အသေးစားမဖြစ်စလောက် ခွဲစိပ်မှုခံယူတယ်။ ဦးဝင်းတင်လူပျိုကြီးက သူကိုယ်တိုင် ချက် ပြုတ်ကျွေးမွေးရုံမက သူ့ရဲ့အတွင်းခံစွပ်ကျယ်တွေ၊ ဘောင်းဘီတွေပါ ဖွပ်လျှော်ပေးပါတယ်။ အဲဒီကျောင်း ဆရာလေးကိုတော့ ကိုယ်ထူကိုယ်ထလုပ်နိုင်လျက်နဲ့ ဘာဖြစ်လို့ ဒီလို ‘အရသာ’ခံနေရသလဲဆိုပြီး မသင့်တော်ကြောင်း ကျနော် ကျိတ်ပြီးဆုံးမခဲ့ရပါသေးတယ်။
မဆလအစိုးရလက်ထက် မန္တလေးဟံသာဝတီ သတင်းစာတိုက်မှာ သူအုပ်ချုပ်နေတုန်းကဆိုရင် နို့ဆီ၊ လက်ဖက်ခြောက်၊ သကြားစတာတွေကို ဈေးနှုန်းသက် သက်သာသာနဲ့ရအောင် ထုတ်လုပ်ဖြန့်ချိရာ ပင်ရင်း ဌာနတွေကို လျောက်လွှာတင်ပြီး ၀ယ်ပေးတယ်။ တချ›ို အရာရှိကြီးတွေဟာ ဒါမျိုးတွေကို လျောက်လွှာတင်ပြီး အထက်ပိုင်းမှာပဲ အုပ်စားလိုက်ကြပါတာပါ။ ဦးဝင်းတင် ကတော့ ရလာတဲ့ဟာနဲ့ သတင်းစာတိုက်ရှေ› òမ့လယ် လမ်းမမှာ နံက်တိုင်း လက်ဖက်ရည်ဖျော်ရောင်းကြပါ တယ်။
ဈေးလဲသက်သာ၊ အရသာလဲရှိတဲ့ စံချိန်မှီလက်ဖက် ရည်ဆိုတော့ ချိုင့်ဆွဲ ပါဆယ်ရောင်းရတာ လက်မလည် နိုင်အောင်ပါပဲ။ သူ့တိုက်သားတွေလဲ ကောင်းကောင်း သောက်ရတဲ့အပြင် တကယ်လဲ သက်သာချောင်ချမှု ရှိပါတယ်။
မဆလခေတ်မှာ ၀န်ထမ်းတွေ ၀င်ငွေနဲ့ ကုန်ဈေး နှုန်းမမျလို့ ကြပ်တည်းပြီး ‘မသက်မသာ’ ဖြစ်ကြရ တယ်။ ဒါကြောင့် ‘သက်သာချောင်ချိရေးဆိုင်’တွေဆို ပြီး ရုံးကြီးတွေမှာ ပေါ်လာပေမယ့် တကယ်မသက်သာ ကြပါဘူး…။ ဈေးနှုန်းသက်သာပေမယ့် အစားအ သောက် အဆင့်အတန်း မမြင့်ဘူး။ ပစ္စည်းတွေကို ဈေး သက်သက်သာသာနဲ့ ၀ယ်လို့ရရင် ဘာဖြစ်လို့ အစား အသောက် အဆင့်အတန်း မမြင့်ရမှာလဲ။ ဒါကြောင့် ဆန်၊ ဆီ၊ သားငါးတွေကိုလဲ ဦးဝင်းတင်က သက်သာတဲ့ ဈေးနှုန်းနဲ့ရအောင် သက်ဆိုင်ရာတွေကို လျောက်လွှာ တင်ပြီး ၀ယ်ပေးတယ်။
ဝန်ထမ်းတွေ စုပေါင်းချက်စား ကြရုံမက အပြင်ကလူတွေကိုလဲ ရောင်းလိုက်သေး တယ်။ အဲဒါလဲ လက်မလည်အောင်ရောင်းရလို့ လောက်တောင်မလောက်ဘူး။ ဦးဝင်းတင်လဲ သူ့လူ တွေနဲ့ လက်ရည်တပြင်တည်း စားလေ့ရှိပါတယ်။
ဦးဝင်းတင် အားလပ်ရက်တွေမှာတော့ ခင်ရာခင် ကြောင်း မိတ်ဆွေတွေကိုဖိတ်ပြီး ပျော်ပျော်ပါးပါး ထမင်း ချက်စားလေ့ရှိပါတယ်။ သူကိုယ်တိုင်ချက်တာပါ။
မန္တ လေးနန်းရှေ›မှာ အစိုးရတိုက်ခန်းတခန်း ကျနော်ရတော့ သူလဲ ကျနော်နဲ့ မလှမ်းမကမ်းမှာ အခန်းတခန်းရပါ တယ်။ သူ့အခန်းမှာ ဖိအားသုံး ပေါင်းအိုး(ပရက်ရှာ ကွက်ကား)နဲ့ သားငါးတွေပေါင်းပြီး ချက်တာပါ။ အဲဒီ တုန်းက ဖိအားသုံးပေါင်းအိုးတွေ ခေတ်မစားသေးဘူး။
ဦးဝင်းတင် နန်းရှေ့ကိုမပြောင်းခင်ကလဲ မန္တလေးဘူ တာကြီးအရှေ့ဘက် မြေနီကျင်းလမ်းမှာ ကျနော်နဲ့တ လမ်းတည်း မျက်စောင်းထိုးအိမ်မှာ လာနေတာပါ။ အဲဒါ က ကျနော်ရှာပေးတဲ့အိမ်ပါ။ ကျနော်နဲ့ တအိမ်ကျော် မှာ ကဗျာဆရာ၊ ပန်းချီဆရာမျိုးမြင့်ဆွေနေပါတယ်။ ကျ နော်တို့ တက္ကသိုလ်ကျောင်းသားဘ၀တုန်းက ကဗျာဆရာတင်မိုး၊ ၀င်းကြွယ်၊ မောင်စန်းသော်တို့နဲ့အတူ ခု ဦးဝင်းတင်နေတဲ့အိမ်နဲ့ မလှမ်းမကမ်းမှာပဲ အိမ်ကလေး တလုံးငှားပြီး နေခဲ့ဖူးတယ်။ ရေစက်လို့ဆိုရမှာပေါ့။ နန်း ရှေ›မှာတော့ ပန်တျာကျောင်းနဲ့လဲ နီးတယ်။ ကျောင်းအုပ်ကြီးက နောင်အခါ ဒါရိုက်တာဝင်းဖေလို့နာမည်ကြီးတဲ့ ပန်းချီဆရာဝင်းဖေပေါ့။
ဦးဝင်းတင်က ပန်းချီကိုလဲ တော်တော်စိတ်ဝင်စားပါတယ်။ ဥရောပတခွင်မှာ ပန်းချီပြတိုက်တွေအနှံ လည်ပတ်ခဲ့ဖူးသတဲ့။ ရန်ကုန်၊ လမ်းသစ်ရိပ်သာတိုက်ခန်းမှာ နေတော့လဲ တပတ်တခါဆိုသလို အနုပညာဝိုင်းဖွဲ့ဖြစ်တယ်လို့ ဆိုရမှာပေါ့။ ဆယ်ပေပတ်လည် အခန်းနှစ် ခန်းဆက် ခြေချစရာမရှိအောင် လူစည်ကားပါတယ်။ သူ့အိမ်က ပြည်လမ်းပေါ်မှာဆိုတော့ ဘယ်ကမဆို လာလို့လွယ်တယ်။
သရက်တောမှတ်တိုင်မှာဆင်း၊ လမ်းသစ်ရိပ်သာဝင်းအပေါ်မော့ကြည့်တော့ ခရမ်းရောင်၊ အပြာရောင်သစ်ခွပန်းလှလှကြီးတွေ ပွင့်နေတဲ့အခန်း။ ခုတော့ နအဖက ခန်းလုံးပြည့် စာအုပ်တွေရော၊ အခန်းပါသိမ်းယူသွားခဲ့ပါပြီ။ မရှက်တက်ရုံမက သတင်းစာထဲ မှာတောင် သူတို့ရဲ့ခိုးရာပါ၊ တိုက်ရာပါပစ္စည်း တွေမှန်းမသိဘဲ လူသိရှင်ကြား ဖော်ပြလိုက်ပါသေးတယ်။ အဲဒါတွေ ပြန်တောင်းရမယ်။
လမ်းသစ်ရိပ်သာမှာ ဦးဝင်းတင်နေတဲ့တိုက်နဲ့ မျက်နှာချင်းဆိုင်မှာတော့ မြေညီထပ်တိုက်ခန်းထဲကထွက်ပြီး ‘လူစုံပြီလား’လို့ မျက်မှန်တ၀င်းဝင်း မော့ကြည့်တက် သူက ‘ဆရာဇ၀န’ ဖြစ်ပါတယ်။ ၀ိုင်းမှာ စာရေးဆရာထဲက ဗိုလ်သော်က၊ ကျော်အောင်၊ မင်းကျော်၊ နတ်နွယ်၊ မောင်နေ၀င်းတို့ လာလေ့ရှိတယ်။ ပန်ချီဆရာဝင်းဖေနဲ့ ပေါ်ဦးသက်လဲ ကြုံရတတ်တယ်။ ဒါရိုက်တာမောင်မိုးသူ၊ မင်းသားမြတ်လေးနဲ့ ၀င်းဦးတို့လဲ ပါတတ်တယ်။ သတင်းစာဆရာ ကိုသာဘန်းနဲ့ ဟံသာဝတီမှာ လက်တွဲခဲ့သူတွေလဲ အမြဲလာပြီး ကူညီချက်ပြုတ်တတ်ပါတယ်။ တင်မိုးနဲ့ကျနော်ကတော့ ရံခါပေါ့။ အနုပညာလောကသားတွေ အစုံလာကြတာပါ။
အရေးတော်ပုံကာလမှာတော့ ဦးဝင်းတင်တယောက်၊ ဗိုလ်သော်က၊ ၀င်းခက်၊ မောင်စူးစမ်း၊ တင်မိုး၊ မောင်မိုးသူစတဲ့ စာပေရဲဘော်တွေနဲ့အတူ ဆေးရုံကြီး ရှေ့မှာရော၊ ဆေးရုံဝင်းအတွင်းမှာရော ဟောပြောပွဲစင်မြင့်မှာတရုန်းရုန်းနဲ့ပေါ့။ ကျနော်ရောက်တိုင်း အဲဒီမှာ ချည်း တွေ့ရတာဆိုတော့ သူတို့အိမ်ပြန်အိပ်တဲ့အချိန်ရယ်လို့ ရှိမှရှိပါ့မလားလို့တွေးမိစရာပါပဲ။
တနေ့မှာတော့ ကိုဝင်းခက်၊ မောင်ကိုယု၊ ကိုမိုးသူ တို့နဲ့အတူ ၀ဂ္ဂီရပ်ကွက်ရှိ၊ ကျနော့်အိမ်ရှေ့ကိုရောက်လာပါတယ်။ ကားမောင်းသူကတော့ လေသူရဲတဦးပေါ့။ ၀ဂ္ဂီရပ်ကွက်ထဲကအိမ်ဆိုတာက ၂၀၀၂ ခုနှစ် ဧပြီ မှာ စစ်အုပ်စုက ညဥ့်နက်သန်းကောင် တပ်ထောင်ကာဗိုလ်ထုနဲ့လူစုပြီး ဥပဒေမဲ့ဖျက်ဆီးတာ ခံလိုက်ရတဲ့အိမ်ပါ။ သူတို့လာရတဲ့အကြောင်းက ဒီမိုကရေစီရေးနဲ့ စစ်အုပ်စုပြုတ်ကျရေးအတွက် သူတို့ ပူးတွဲရေးထားတဲ့ကြေငြာချက်ကို ထောက်ခံလက်မှတ်ထိုးပေးဖို့ပါပဲ။ သူ တို့ရေးထားတာက အပြီးမသတ်သေးဘူး။ ကျနော်က သူတို့ကို ယုံကြည်မှုနဲ့ဖတ်တောင်မကြည့်ဘဲ လက်မှတ်ထိုးလိုက်တော့ တချို့လူတွေငြင်းတာကိုကြုံခဲ့ရတဲ့ လေသူရဲတဦးက ကျနော့်ကို အထူးအဆန်းအဖြစ် သူ့ မှတ်တမ်းစာအုပ်မှာ မှတ်တမ်းတင်ထားပါတယ်။ ကျနော့်ရဲဘော် မောင်သာနိုးတို့၊ မောင်တင်မိုးတို့လဲ လက်မှတ်ထိုးပြီးကြပြီလေ။ ကျနော်က “ကိုယ့်လူတွေလုပ် တာမကောင်းပဲရှိပါ့မလား…”ဆိုပြီး လက်မှတ်ထိုးရုံမ က သူတို့နဲ့အတူထလိုက်ပြီး ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်အိမ်တွေပါသွားကြပါတယ်။
ဆရာတို့ကလဲ “မင်းတို့လုပ်တာပဲ…”ဆိုတဲ့ သဘောနဲ့ပါပဲ။ စကားမဆုံးခင် လက်မှတ်ထိုးပေးလိုက်ကြပါတယ်။ ဒီမိုကရေစီဆိုတဲ့အသံကြားတာနဲ့ ပြီးသွားတာပါ။ ဆရာကြီးတွေစိတ်ထဲမှာမျိုသိပ်ခဲ့ရတာ ကြာပြီမဟုတ်လား။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဖွင့်ပြီဆိုတော့ ဦးဝင်းတင်တို့တစုလုံး ရုံးချုပ်မှာပဲအချိန်ကုန်ပါတယ်။ တနေ့တော့ ရုံးချုပ်အပေါ်ထပ်ကိုတက်သွားတဲ့အခါ ဦးဝင်း တင်က “ဒါ ဦးလွင်ပဲဗျ…။ ခင်ဗျားနဲ့ ရုပ်ချင်းဆင်လို့ လူမှားတာတောင်ရှိတယ်…”လို့ ပြောပြောဆိုဆိုမိတ်ဆက်ပေးပါတယ်။ ပြီးတော့ အောက်ဆင်းလိုက်လာတယ်။ ရုံးဝင်းထဲ၊ ခြံစည်းအခြေမှာ သစ်လုံးကြီးတွေ ချထားတာရှိတယ်။ သစ်လုံးတွေပေါ်မှာ ဦးဝင်းခက်၊ ဦးချမ်းအေး၊ ဗိုလ်သော်က၊ မောင်ကိုယု၊ ကိုတင်မိုး၊ မောင်မိုးသူ၊ ကိုထွေးမြင့်၊ ကိုဝံသတို့ တန်းစီထိုင်နေတက်ပါတယ်။ သူတို့တတွေ တတ်သိပညာရှင်အဖွဲ့ ဖွဲ့ကြတော့ သဘာပတိက ကဗျာဆရာတင်မိုး။ အဖွဲ့ထဲမှာ စိုင်းထီးဆိုင်ပါတာကိုလဲ သတိရမိပါသေးတယ်။
အဲဒီတုန်းက ဦးဝင်းတင် ကျနော့်အနားမှာလာထိုင်ပြီး တိုင်းပြည်အနာဂတ်အတွက် လုပ်စရာတွေနဲ့ သုတေသနလုပ်ထားသင့်တဲ့ကိစ္စတွေကိုပြောကြရင်း သူလိုချင်တဲ့ စာအုပ်စာတမ်းတွေ စုဆောင်းထားပေးဖို့ တိုက်တွန်းပါတယ်။ ဦးထွေးမြင့်ကတော့ ခုလောလောဆယ်လိုချင်တာက တက္ကသိုလ်နှစ်ငါးဆယ် အထိမ်းအမှတ်စာအုပ်တွေပဲဆိုလို့ အိမ်မှာရှိတာ ပြန်ယူပေးလိုက်ရပါသေးတယ်။ ကိုပေါ်ဦးသက်လဲ မန္တလေးကလာတယ်၊ လောကနတ်မှာပဲတည်းခိုတယ်လို့ ဦးဝင်းတင်ပြောတာနဲ့ အခန်းအနားဆုံးတော့ ကိုတင်မိုးနဲ့ ကျနော့်တို့ ပေါ်ဦးသက်ဆီကိ တန်းပြေးကြပါတယ်။ ကိုပေါ်ဦးသက်ကို တတ်သိပညာရှင်အဖွဲ့ထဲဝင်ဖို့သွားပြောကြမယ်ပေါ့။ ဟိုကျတော့ပေါ်ဦးသက်က အဖွဲ့ဝင်အဖြစ် လက်ခံပြီးနေပြီ။
အရေးတော်ပုံကာလမှာ ကျနော်တို့ နေ့တိုင်းဆုံကြတယ်။ မြို့ထဲမှာဆိုရင်တော့ စပယ်ဦးစာအုပ်တိုက်မှာ ဆုံ တတ်ကြရဲ့။ မင်းသိင်္ခ၊ ရှေ့နေစာရေးဆရာမောင်တင်ရွှေ၊ မောင်ဝံသ၊ မောင်မိုးသူ။ တနေ့တော့ စပယ်ဦးမှာ ကိုမိုးသူနဲ့ ကျနော် အသံချဲ့စက်ကောင်းကောင်းရရှိရေး ဆွေးနွေးကြတယ်။ ရွှေတိဂုံမှာ ဒေါ်အောင်ဆန်းစုကြည် တရားပွဲကျင်းပဖို့ပါ။ “ဒီနေ့ သူမလာနိုင်ဘူး…၊ ကိုမိုးသူကို သူ့ဆီ ပြန်လွှတ်လိုက်ပါ…”ဆိုတာနဲ့ ကိုမိုးသူက “မင်းပဲ ကျူရှင် ဆရာတွေဆီသွားပြီး အသံချဲ့စက်ကိစ္စ ပြောလိုက်ပေတော့…”ဆိုပြီး ကျနော့်ကို ထားရစ်ပါတယ်။ နောက်နေ့ မှာတော့ ဦးဝင်းတင်ပဲ ဦးစီးပြီး စာရေးဆရာသမဂ္ဂ ဖွဲ့လိုက် ပြီတဲ့။ အစက ဦးဝင်းတင်ဥက္ကဌလို့ နားလည်ထားပေမဲ့ ဦးဝင်းတင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ နိုင်ငံရေးကိုအချိန်ပြည့် ဇောက်ချလုပ်မယ်ဆိုပြီး ဒုတိယဥက္ကဌ နေရာကိုပဲ လက်ခံတယ်လို့ ကြားရပါတယ်။
ဦးဝင်းတင်ကိုဖမ်းပြီဆိုတော့ မတော်တရော်အမှုနဲ့ တရားစွဲဆိုကြောင်း ကြားလိုက်ရပါတယ်။ ‘အမှုသည်နဲ့ ဖုန်းဆက်လို့’တဲ့။
နောက်တော့ ထောင်ထဲမှာ စာစောင်ဖြန့်ဝေမှု၊ ကုလသမဂ္ဂကို မြန်မာအကျဉ်းထောင် အခြေအနေဆိုးတွေသတင်းပို့မှုကြောင့်တဲ့။ လွတ်ခါနီးမှ နောက်ထပ် ၁၁ နှစ်၊ နောက်ထပ် ၇ နှစ်။ အဲသလို အမျိုးမျိုးညစ်ပြီး တိုးသွားလိုက်တာ ကြာလေမလျော့ပဲ၊ ကြာလေ တိုးလေဖြစ်နေပါတော့တယ်။
သုံးနှစ်ကနေ နှစ်ပေါင်း နှစ်ဆယ်ထိတိုးသွာ တဲ့အခါ ထောင်ထဲမှာလဲ တရားဥပဒေနဲ့အညီ လူလိုသူလိုမထားတော့ ရောဂါတွေတိုးလာပါတယ်။ လည်ပင်းရိုးကြေးပေါင်းတတ်သတဲ့။ သွေးတိုးသတဲ့။ အူကျသတဲ့။ သွားကိုက်သတဲ့။ မျက်စိကိုက်သတဲ့။ ဆီးကျိတ်ယောင်သတဲ့။ ရောဂါညွှန့်ပေါင်းဖြစ်နေပါပြီ။
ဒါပေမဲ့ စိတ်ဓါတ်မကျဘူး။ ဒူးမထောက်ဘူး။ ဘာသာရေးစာအုပ်ပဲ ဖတ်ခွင့်ပေးတယ်ဆိုရင်လဲ ဘာသာရေးစာအုပ်တွေပဲ အသောမသတ်ဖတ်တယ်။ ထောင်ကထွက်ရင် ဆရာပါရ ဂူနဲ့အပြိုင်ရေးမယ်လို့ သတင်းပို့တော့ ဆရာပါရဂူကလဲ ၀မ်းသာအားရ ကြိုဆိုနေလေရဲ့။
တခါတရံ ဆေးရုံကြီးအချုပ်ခန်းရောက်ရင်တော့ တခြားစာအုပ်တွေပါဖတ်ခွင့်ပြုတယ်။ တကယ်တော့ စာပေစီစစ်ရေးက စိတ်တိုင်းကျဖြတ်ထုတ်ဖြတ်ပြီးမှ ခွင့်ပြုချက်နဲ့ရိုက်တဲ့ စာအုပ်တွေချည်းပါပဲ။
ဦးဝင်းတင်က တခါတော့ ကဗျာစာအုပ်တွေချည်းဖတ်ချင်တယ်လို့ ထူးထူးခြားခြားဆိုလို့ နောက်ဆုံးထုတ်ဝေဖြစ်တဲ့ အင်ဒါးဆင်းပုံပြင်ဆရာမုံရွာကိုအံ့မောင်ရဲ့ ‘၆၀ကဗျာပေါင်းချုပ်တအုပ်၊ မောင်ပေါက်စည်(မန်းတက္ကသိုလ်)ရဲ့ ‘လှိုင်းပုတ်သံကဗျာစာအုပ်၊ မောင်ခိုင်မာရဲ့‘ရှင်မ’ကဗျာစာအုပ်နဲ့ မောင်စွမ်းရည်ရဲ့‘အမေ့ခေါ်သံကဗျာစာအုပ်တို့ကို စုပေးလိုက်တော့ သူအလွန်တက်ကြွသွားပြီး ကဗျာတွေကို နှလုံးသားစက္ကူပေါ်မှာ အဆက်မပြတ်ရေးနေကြောင်း သတင်းကောင်းတွေ ကြားရပါတယ်။
ဦးဝင်းတင်ဟာ စာစုံရေးနိုင်စွမ်းရှိသူဖြစ်ပါတယ်။ မောင်ဝန်ဇင်းအမည် စာအုပ်ဝေဖန်ချက်ရေးသလို၊ ပေါ်သစ်အမည်နဲ့ ပန်းချီဝေဖန်စာအုပ်တွေလဲရေးပါတယ်။ ‘အလှရှာပုံတော်ဆိုတဲ့စာအုပ်ဟာ ပန်းချီသမိုင်းနဲ့ ပန်းချီဝေဖန်ချက်တွေဖြစ်ပါတယ်။ ပန်းချီပြပွဲတွေမှာ ဦးဝင်းတင်နဲ့အတူ ပန်းချီကားတွေကြည့်ရတာ အရသာပိုထူးပါတယ်။ သူက စိတ်ရှည်လက်ရှည်နဲ့ ဝေဖန်ပြတတ်ပါတယ်။ ပန်းချီဆိုင်ရာ ဂိုဏ်း၊ စနစ်၊ အထားအသို၊ အရောင်စတာတွေကို စနစ်တကျဝေဖန်ပြတာပါ။ ‘အလှရှာပုံတော်’စာအုပ်ဟာ ပန်းချီလူငယ်တွေရဲ့ လက်စွဲစာအုပ်တအုပ်ပါ။
မြန်မာအကအဖွဲ့ အင်္ဂလန်စတဲ့ နိုင်ငံတွေကိုသွားတော့ ဦးဝင်းတင်လိုက်သွားရဖူးတယ်။ အမာစိန်ရဲ့အကကို သတင်းပေးဆောင်းပါးရေးသားရာမှာ ဖတ်ရသူတွေ အလျင်အပြတ် မခံနိုင်လောက်အောင် ရသမြောက်လှပါတယ်။ ‘ခြေတွင်စကား လက်ဖျားကဗျာ‘ဆိုတဲ့အမည်နဲ့ အကအနုပညာဝေဖန်ရေးစာတစောင်တဖွဲ့ဖြစ်လာတော့ စာပေအနုပညာလောကသားတွေက ချီးကျူးကြပါတယ်။ ကဗျာဘက်မှာဆိုရင်လဲ ကြည်အောင်ရဲ့ကဗျာအမှာစာတပုဒ်ဟာ ပြောစမှတ်ပြုကြရပါတယ်။
ခရီးသွားဆောင်းပါးစာအုပ်ဆိုရင် ဦးဝင်းတင်ရဲ့ ‘ကမ္ဘာနီတွင်တဒင်္ဂဆိုတဲ့စာအုပ်ဟာ ရင့်ကျက်တဲ့ သတင်းစာဆရာရဲ့အရည်အသွေးအပြင် သူ့ရဲ့ နိုင်ငံရေးအမြင်၊ နောက်ခံဗဟုသုတကိုပါ အကဲခတ်ခွင့်ရနိုင်ပါတယ်။ ခုလိုဉာဏ်မီးတောက်တဲ့အရွယ်ကောင်းမှာ ရင့်ကျက်လာပြီဆိုတော့ သူ့စာတွေ ပိုကောင်းလာမယ်ဆိုတာ မလွဲနိုင်ပါဘူး။
သူ့ခမျာ စစ်အကျဉ်းထောင်ထဲမှာမဟုတ်ပဲ၊ ဖဆပလအကျဉ်းထောင်မှာဆိုရင်တောင် စာအုပ်တွေအများကြီးရေးသားဖြစ်နေမှာပဲလို့ အောက်မေ့ဆင်ခြင်ရင်း ဒီမိုကရေစီတန်ဖိုးကိုပဲ တိုးလို့ချစ်မြတ်နိုးနေရပါတယ်။ မကြားဝံ့ မနာသာပြောရရင် ကိုလိုနီအကျဉ်းထောင်ကမှ ဒီထက်ဟန်လိမ့်အုံးမယ်။
အိန္ဒိယက နိုင်ငံရေးအကျဉ်းသားကို မန္တလေးထောင်ပို့ လိုက်တော့ ရေကူးကန်လိုချင်တယ်…။ စာကြည့်တိုက်လိုချင်တယ်စသဖြင့်တောင်းရင် အကုန်ပေးရဆိုပဲ။ ဒီမှာတော့ လော်စစ်ဟန် တို့လောက်ပဲ အခွင့်ထူးရဖူးတယ်ဆရဲ့။ ဘိန်းဘုရင်မို့ပေါ့…။
ဦးဝင်းတင်ဟာ ခုဆိုရင် ထောင်ထဲမှာပဲ အသက် ၇၅ နှစ် ပြည့်ပါတော့မယ်။ သူက ၁၉၃၀ ပြည့်နှစ်၊ မက်လ ၁၂ ရက်မှာ ဖွားသူဆို တော့ အသက် ၇၃ ပြည့်ပါပြီ။ သူ့ဇာတိက ကြို့ပင်ကောက်လို့ ကြားဖူးတယ်။ ဘိန်းစားဘသော်ဝတ္ထုရေးတဲ့ သတိုးထွန်း(ဆရာ ကြီးဦးသိုက်ထွန်း)နဲ့ ပန်းချီဆရာကြီးဦးမင်းနိုင်တို့ဟာ သူနဲ့ ကျောင်းနေဖက်တွေလို့ မှတ်ရဖူး တယ်။ ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာပေ၊ ခေတ်သစ်ရာဇ၀င်နဲ့ နိုင်ငံရေးသိပ္ပံဘာသာတွဲကိုယူပြီး ၀ိဇ္ဇာာဘွဲ့ရခဲ့တာပါ။ အောက်တိုဘာကျောင်းသားအရေး တော်ပုံဖြစ်ပွားတဲ့ ၁၉၅၃ မှာ စာပေဗိမာန် လက်ထောက်အယ်ဒီတာဖြစ်နေပါပြီ။
၁၉၅၅ ခုနှစ်က ၁၉၅၇ ခုနှစ်အထိ နေသာလင်နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဇမ်ဘာတန်စာအုပ်ထုတ်ဝေရေးကုမ္ပဏီမှာ စာပေဗိမာန်အတွက် လူထုသိပ္ပံကျမ်းများနဲ့ နှစ်ငါးဆယ်ယဉ်ကျေးမှုဆိုင်ရာ၊ နှစ်ငါး ဆယ်စာပေရေးရာ၊ နှစ်ငါးဆယ်နိုင်ငံရေးရာစတဲ့ နှစ်ငါးဆယ်စာအုပ်တွဲများကို တည်းဖြတ်ရိုက်နှိပ်ထုတ်ဝေရင်း ပုံနှိပ်ပညာနဲ့ သတင်းစာ ပညာတို့ကိုပါဆည်းပူးခဲ့တယ်။ သတင်းစဉ်တခုထုတ်ပြီး ဥရောပရောက်မြန်မာပညာတော်သင်တွေအတွက် သတင်းဖြန့်ချိခဲ့တယ်။ သတင်းဆောင်းပါးတပုဒ်ကို ဒက်ခ်ျဘာသာနဲ့ရေးပြီး၊ သတင်းစာထဲ မှာထည့်သွင်းဖူးတာကို မြန်မာစာနယ်ဇင်းတခုမှာပဲလား… သူ့ အိမ်မှာလားမသိ၊ ကျနော်တွေ့ရဖူးပါတယ်။
ကျနော် အမ်စတာဒမ်မြို့ကိုရောက်သွားတော့ ကျနော့်ရဲဘော်ကြီးဦးဝင်းတင်ကို ကျနော်အထူးသတိရမိတယ်။ သူငယ်ချင်းကိုဘဂျမ်း(တင်မိုး)ရဲ့သမီး ဒေါက်တာမိုးမိုးဇနီးမောင်နှံက အမ်စတာဒမ်တခွင်၊ ဘယ်လ်ဂျီယမ်တခွင်သာမက ပြင်သစ်ကိုပါ နယ်ကျော်ပြီး လိုက်ပို့တော့ ဗင်ဂိုး၊ ရူဆင်တို့အပြင် အခြားပြတိုက်တွေအမျိုးမျိုးကို ရောက်ရပေါက်ရတဲ့အခါ ဒီလမ်းကလျောက်မှာဖြင့် “ငါ့ ရဲဘော် ငါ့မိတ်ဆွေကြီး ကိုဝင်းတင်တယောက် လျောက်လှမ်းခဲ့မှာပဲ…။ တခါတလေ သူ့ခြေရာတွေပေါ်ကိုတောင် ငါနင်းမိကောင်းနင်းမိနေမှာပဲလို့”တွေးမိပြီး ခြေလှမ်းတွေ မှားမိပါတယ်။
အမ်စတာဒမ်မှာ စာနယ်ဇင်းအသင်းတခုခုကိုရှာပြီး တွေ့ဆုံဖို့စိတ်ကူးမိပါသေးတယ်။ ကိုယ့်ရဲဘော်ကြီးအကြောင်းကိုမေးချင်တယ်။ သူတို့မသိရင်လည်း ကိုယ်သိတာတွေကိုပြောပြချင်တယ်။ သူတို့အနေနဲ့ သူတို့နိုင်ငံမှာ သတင်းစာပညာတွေကို အခြေပြုခဲ့ဖူးတဲ့ သူတို့ရဲဘော်ကြီးတယောက် ရန်ကုန်ထောင်ထဲမှာ ၁၀ နှစ်ကျော် ရောက်ရှိနေတာကို သိမှသိပါစ။ သိရင်လဲ သူမတရားချုပ် နှောင်နှိပ်စက်ခံနေတဲ့ဘ၀က လွတ်မြောက်ရေးအတွက် အရေးဆိုမှုတွေကို လုပ်မှလုပ်ဖြစ်ပါစဆိုတာတွေကို မေးချင် ပြောချင်စိတ်တွေပေါ်မိတယ်။
သူ့ကို ‘စမြိန်ထုပ်(ထမင်းထုပ်)’ပို့ပေးနေတဲ့ သတင်းစာဆရာကိုပြားကြီးခေါ် ကိုမောင်မောင်ခင်ဟာ ကျနော်နဲ့ ရင်းနှီးချစ်ခင်တဲ့ မိတ်ဆွေတယောက်ပါ။ မိသားစုမရှိတဲ့ ဦးဝင်းတင်အတွက် သူဟာသက်စွန့်ဆံဖျားဆိုသလို စမြိန်ထုပ်ပို့ရရှာတာပါ။ ဦးဝင်းတင်ရဲ့ ဦးကြီးရင်းချာတယောက်လိုဖြစ်နေတဲ့ သခင်အုန်းမြင့်ကဆိုရင် စမြိန်ထုပ်လှပဖို့ အမြဲပူပန်ရှာတယ်။
ဦးအုန်းမြင့်ဆိုတာက တိုးတက်ရေးဂျာနယ်ကျော်မှာ ဦးချစ်မောင်နဲ့ လက်တွဲခဲ့သူပါ။ ရန်ကျော်ဂျာနယ်ကိုလည်း သူကိုယ်တိုင်ထုတ်ခဲ့သူပါ။ ဒဂုန်တာရာနဲ့လဲသူငယ်ချင်းပေါ့။ လူထုဦးလှ၊ လူထုဒေါ်အမာတို့ဆိုတာ ဦးအုန်းမြင့်နဲ့ ညီအကိုမောင်နှမအရင်းလိုနေတာပါ။ လူထုဒေါ်အမာကို ‘မမမာ’လို့ ခေါ်တာပါ။ ဒါကြောင့် သခင်အုန်းမြင့်ကို ဂျာနယ်ကျော် ဦးချစ်မောင်၊ လူထုဦးလှ၊ လူထုဒေါ်အမာတို့နဲ့တန်းတူ ဆရာလို မိဘလို ဦးဝင်းတင်ကလဲ သဘောထားပါတယ်။
လေထီးဦးအုန်းမောင်၊ သခင်သိန်းမောင်၊ သခင်အုန်းမြင့်၊ ဦး ထွန်းဝေ၊ ဒေါက်တာသန်းထွန်း၊ ဒေါ်ခင်နှင်းယု၊ ဒေါ်ခင်ဆွေဦး၊ ဒေါ်ကလျာစတဲ့ ရန်ကုန်က မိတ်ဆွေကြီးများဟာ မန္တလေးက အမေလူထုဒေါ်အမာမွေးနေ့တိုင်း တအုံတမကြီးသွားလေ့ရှိပါတယ်။ သူတို့ကို အမေလူထုဒေါ်အမာနဲ့ ဦးဇင်းကိုပညာတို့တတွေ၊ အရေးတကြီးမေးကြတဲ့သတင်းထဲမှာ “ဦးဝင်းတင်တယောက်ကျန်းမာရဲ့လား…”ဆိုတာပါပဲ။ ရန်ကုန်ပြန်ရင် ဦးဇင်းက ထောင်တွင်းရောက် ကိုဝင်းတင်တို့၊ ကိုမိုးသူတို့ကြိုက်တက်တဲ့ ‘စားတော်ချက်ဟင်း’ဆိုတာမျိုးကို ထဲ့ပေးလိုက်တက်ပါတယ်။ ထောင်ထဲမှာ ၀မ်းလျောရောဂါဖြစ်မှာစိုးလို့ဆိုပြီး ပေးခွင့်မရဘူး။ တခါတရံတော့ ဟိုလူ သည်လူတွေ ငွေစုပြီး ကိုဝင်းတင်တို့ဖို့ဆိုပြီး ပေးလိုက်တာမျိုးတွေလဲ တွေ့ရ ပါတယ်။
ဦးဝင်းတင်ကို စာနယ်ဇင်းလွတ်လပ်ခွင့်ဆုတခု၊ ယူနက်စကို အဖွဲ့က ၂၀၀၁ ခုနှစ်မှာ ချီးမြှင့်ပါတယ်။ Guiller mo Cano World Press Freedomဆုလို့ ခေါ်ပါတယ်။ ဒီဆုကို သူ့ ကိုယ်ရေးကိုယ်တာအတွက် မသုံးရက်ရှာဘူး။ “ကျနော်ကတော့ ဘယ်တော့မှ လက်မမြှောက်၊ ဒူးမထောက်ဘူး…။ ထောင်ထဲမှာပဲ အသေခံသွားမယ်။ သူဆုရတဲ့ငွေကို စာနယ်ဇင်း ဆုတဆု အဖြင့် လူငယ်စာနယ်ဇင်းသမားတွေကိုပေးဖို့ စောင့်ရှောက်ပေးပါ…”လို့ ပြင်ပက သူ့မိတ်ဆွေသူရဲကောင်းတွေကို လှမ်းပြီးမှာကြားပါတယ်။ လွှဲအပ်ပါတယ်။ သူမသုံးပါဘူး။
ဦးဝင်းတင်က လူထုဦးလှနဲ့ လူထုဒေါ်အမာကို မိဘလိုသဘောထားပါတယ်။ ဦးလှကွယ်လွန်ပြီးနောက် ရန်ကုန်ကို လူထုဒေါ်အမာတယောက်တည်းလာတော့ မိတ်ဆွေအိမ်တအိမ်က ထမင်းစားဖိတ်ပြီး လူသုံးလေးဆယ်ဆုံပွဲလေးပြုလုပ်ပေးတယ်။ အဲဒီပွဲမှာ ဦးဝင်းတင်လဲစကားပြောတယ်။ “ကျနော့်အမေအရင်းရဲ့ အမည်ကလဲ ဒေါ်အမာပဲဖြစ်ပါတယ်။ ကျနော်လေး စားကြည်ညိုတဲ့ သတင်းစာဆရာမကြီးကလဲ ဒေါ်အမာပါပဲ။ ဒါကြောင့် သတင်းစာဆရာမကြီး လူထုဒေါ်အမာဟာ ကျနော့် အမေပဲဖြစ်ပါတယ်…”လို့ လှိုက်လှိုက်လှဲလှဲ ကြွေးကြော်ကြေညာပြီး “အမေ၊ နောက် နှစ်သုံးဆယ်လောက် အသက်ရှင်နေအုံးမှဖြစ်မယ်။ အမေတောင့်ထားပါအုံး…”လို့ ဆက်ပြီး ပန်ကြားပါတယ်။ အဲဒါ သူထောင်မကျခင်လေးမှာပါဘဲ။ ကျနော်တို့ကလည်း ကျနော်တို့အကို ကိုဝင်းတင် နောက်ထပ်နှစ်သုံးဆယ်မကနေပါဦး…၊ အမေလူထုဒေါ်အမာလည်း နောက်ထပ် နှစ်သုံးဆယ်မကနေပါဦး…၊တောင့်ထားကြပါဦး…။
အမေတို့နဲ့အတူ ဒီမိုကရေစီအောင်ပွဲကြီးကို အတူဆင်နွဲကြရအောင်…။
မြန်မာနိုင်ငံသားတိုင်း မာနတွေ၊ အာဃာတတွေဖျောက်ပြီး ညီညီညွှတ်ညွှတ်နဲ့ တပွဲတလမ်းနွဲကြစမ်းပါအုံးလို့ တိုက်တွန်းလိုက်ရပါတယ်။
ရဲဘော်ကြီးကိုဝင်းတင် သက်ရာတော်ရာကျော်ရှည်ပါစေ။
မောင်စွမ်းရည်
(၂၀၀၅ ခုနှစ်၊ ဇန်န၀ါရီလထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ-၂ အမှတ်-၁အတွက်ရေးသားပေးခဲ့သောစာမူကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More