Sunday, March 16, 2008

တိဗက်လှုပ်ရှားမှု ဒုတိယ ရွှေဝါရောင်တော်လှန်ရေးဟု သမိုင်းပညာရှင်တွေ ရှုမြင်

ဗွီအိုအေသတင်းဌာနမှ



တိဗက်နဲ့ မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေဟာ ပြည်သူတွေရဲ့ အကျပ်အတည်းနဲ့ အခြေခံအခွင့်အရေးကို မျက်ကွယ်ပြု မထားနိုင်တဲ့ ဗုဒ္ဓဘာသာ သံဃာတော်တွေရဲ့ ဦးဆောင်ဦးရွက် လှုပ်ရှားမှုတွေ ဖြစ်တဲ့အကြောင်း သမိုင်းပညာရှင်တွေက သုံးသပ်ပါတယ်။ အာရှဒေသတွင်းမှာ ဖိနှိပ်သူအချင်းချင်း ရိုင်းပင်းတာမျိုးတွေ ရှိသလို သံဃာတော် တွေရဲ့ လှုပ်ရှားမှုတွေဟာလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်စပ်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။ နယူးယောက်ခ် တက္ကသိုလ် အငြိမ်းစားပါမောက္ခ ဒေါက်တာ အေးကျော်ကို ဆက်သွယ်မေးမြန်းပြီး ဒေါ်ညိုညိုလွင်က တင်ပြထားပါတယ်။


တရုတ်ရဲ့ သိမ်းပိုက်မှုကိုခံထားရတဲ့ တိဗက်နိုင်ငံ လွတ်မြောက်ရေးအတွက် တိဗက်သံဃာတော်တွေ ဦးဆောင်တဲ့ ဆန္ဒပြမှုတွေ ပြီးခဲ့တဲ့ တနင်္လာနေ့က စပြီး တိဗက်မြို့တော် လာဆာမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီဆန္ဒပြမှုတွေကို တရုတ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့ပါတယ်။ ဒီလို နှိမ်နင်းခဲ့မှုတွေကြောင့် သောကြာနေ့က လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်း ဌာနက ဖော်ပြထားပြီး လာဆာမြို့ခံတွေကတော့ ၂၀ လောက် သေဆုံးခဲ့တယ်လို့ ဗီအိုအေကို ပြောခဲ့ပါတယ်။ အိန္ဒိယအခြေစိုက် အဝေးရောက် တိဗက်အစိုးရကတော့ ရရှိထားတဲ့ စာရင်းဇယားအရ သေဆုံးသူ ၃၀ ရှိတယ်လို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။



ဒီအဖြစ်အပျက်မျိုး လွန်ခဲ့တဲ့နှစ် စက်တင်ဘာလ အတွင်းကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာကြောင့် ရဟန်းသံဃာတွေ နိုင်ငံရေးမှာ ၀င်ရောက် စွက်ဖက် လာတာမျိုး ဖြစ်နိုင်သလား ဆိုတာနဲ့ပတ်သက်ပြီး နယူးယောက်ခ် တက္ကသိုလ် အငြိမ်းစား သမိုင်းပါမောက္ခ ဒေါက်တာအေးကျော်က အခုလိုပြောပါတယ်။

“ကျနော်တို့ သမိုင်းကြောင်းအရ ပြောရမယ်ဆိုရင် ဘုန်းကြီးနဲ့ ဒါယိကာ ဒါယိကာမတွေဟာ တသားတည်းပါ။ သီဟိုဠ်မှာလည်း အလားတူ ကိစ္စမျိုးတွေ သံဃာတွေပါဝင်တဲ့ အစဉ်အလာတွေ ရှိတယ်။ တိဗက်မှာ ဆန္ဒပြကြတယ်ဆိုတာက တိဗက်မှာရှိတဲ့ ဘုန်းတော်ကြီး တွေရဲ့ အစဉ်အလာ ဖြစ်တယ်။ ပြည်သူတွေကို ကိုယ်စားပြုတဲ့ အသံ၊ ပြည်သူတွေကို ကိုယ်စားပြုတဲ့ ဆန့်ကျင်တော်လှန်မှု၊ ပြည်သူတွေရဲ့ လွတ်လပ်ရေးကို ရှာကြံအားထုတ်တဲ့ လုပ်ဆောင်မှုတွေ ဖြစ်ပါတယ်။ အဲဒီတော့ ဘုန်းကြီးတွေက နိုင်ငံရေးမှာ ပါဝင်တယ် မပါဝင်ဘူးဆိုတာကတော့ အစိုးရဘက်ကပြောတဲ့ သဘောသာဖြစ်တယ်။ ဘာသာရေး ရှုထောင့်ကပြောမယ် ဆိုရင် ဘုန်းကြီးတွေက ဒါယိကာ ဒါယိကာမတွေ ထမင်းရေသောက်နေရတော့ ဆင်းရဲဒုက္ခတွေကို တိုက်ရိုက် တွေ့ကြုံရတယ်၊ မြင်ရတယ်၊ ခံစားရတယ်။ ဒီလို ခံစားချက်မျိုးကို ဘုန်းကြီးတွေက နားလည် သဘောပေါက်တဲ့ အတွက်ကြောင့် ဒါယိကာ ဒါယိကာမတွေကိုယ်စား မေတ္တာနဲ့ ဖြေရှင်းတဲ့ သဘောသာဖြစ်တယ်၊ အစိုးရအမြင် မဟုတ်ဘူး။”

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက မြန်မာနိုင်ငံမှာ သံဃာတော်တွေ လှုပ်ရှားခဲ့တဲ့ အဖြစ်အပျက်နဲ့ အခုလောလောဆယ် တိဗက်မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို ကြည့်ရင်၊ မြန်မာပြည်မှာဖြစ်ခဲ့တဲ့ ကိစ္စက လွှမ်းမိုးမှု ရှိလာတယ်လို့ရော ဆရာ့အနေနဲ့ မြင်မိပါသလား။ -

“ဗုဒ္ဓဘာသာ သမိုင်းကြောင်းအရတော့ တစ်ခုနဲ့တစ်ခုက အားလုံး ဆက်စပ်နေကြပါတယ်။ ဒီ ဗုဒ္ဓဘာသာရဲ့ ၀ိနည်းတွေ ကျင့်ထုံးတွေဟာ တပြေးညီတည်းရှိတဲ့အတွက်ကြောင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အဲဒီလို ဘာသာစာပေ ယဉ်ကျေးမှုနဲ့ ရောင်ပြန်ဟပ်ြပီး ဖြစ်နေတဲ့အတွက် မြန်မာပြည်မှာ ဖြစ်နေတဲ့ အကြောင်းအရာတွေဟာ တိဗက်မှာဖြစ်သလို ဖြစ်နိုင်တဲ့ အကြောင်းတရားတွေ အများကြီး ရှိတယ်။ ထိုနည်းတူပဲ တိဗက်မှာဖြစ်တဲ့ အဖြစ်အပျက်တွေ ကလည်း မြန်မာပြည်ကို ရောင်ပြန်ဟပ်ဖို့ သဘောတရားတွေ အများကြီးရှိပါတယ်။ ဘာကြောင့် ပြောရသလဲဆိုတော့ ကျနော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာ သမိုင်းမှာ သီဟိုဠ်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ဗမာပြည်က ခံစားရတယ်။ ယိုးဒယားက ခံစားရတယ်၊ နောက်တခါ ကမ္ဘောဒီးယားက ခံစားရတဲ့ အစဉ်အလာတွေ ရှိပါတယ်။ ဒါကြောင့်တစ်နိုင်ငံနဲ့ တစ်နိုင်ငံက ပွင့်ပွင့်လင်းလင်းကြီး တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက်ပြီး ဆက်စပ်နေတယ်လို့ ပြောလို့ရတာတွေ ရှိပါတယ်။”

ဒီ တရုတ်အစိုးရကလည်း ဒီဆန္ဒပြတဲ့ တိဗက်ဘုန်းတော်ကြီးတွေကို အကြမ်းဖက် နှိမ်နှင်းပါတယ်။ စက်တင်ဘာလတုန်းကတုန်းကလည်း ဒီလိုပဲ မြန်မာစစ်အစိုးရက နှိမ်နှင်းခဲ့ပါတယ်။ အဲဒီတော့ ဒီ တရုတ်အစိုးရက မြန်မာစစ်အစိုးရရဲ့ လုပ်နည်း လုပ်ဟန်တွေကို ယူပြီးတော့ လုပ်တယ်လို့ရော ဆရာ့အနေနဲ့ မြင်ပါမလား။ -

“အဲဒါက မြန်မာအစိုးရရဲ့ ထုံးတမ်းစဉ်လာကို ယူပြီးတော့ တိဗက်နိုင်ငံ ရဟန်းတော်များကို ဖိနှိပ်တယ် ဆိုတာကလည်း ကျနော်တို့ ယူဆလို့ ရပါတယ်။ သို့သော် တရုတ်ပြည် အခြေအနေနဲ့ ကျနော်တို့ မြန်မာပြည် အခြေအနေနဲ့ မတူပါဘူး။ တရုတ်ပြည်မှာက အခု ဖြစ်နေတဲ့ လက်ရှိ အင်အားနဲ့ သုံးနေတယ် ဆိုတာလည်း မြန်မာရဲ့ သြဇာလွှမ်းမိုးမှုထက် ကျနော်တို့ တရုတ်နိုင်ငံက ဘယ်နည်းနဲ့မှ တရုတ်ပြည်ကို လွတ်လပ်ခွင့် မပေးဘူးဆိုတဲ့ အဲဒီ တရုတ်ပြည်က လုပ်ထားတဲ့ အစဉ်အလာကို လက်တွေ့ အကောင်အထည်ဖော်တဲ့သဘောသာ ဖြစ်တယ်။ အမှန်အားဖြင့် တိဗက်နိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံတစ်ခု ဖြစ်လာတာ နှစ်ပေါင်းမြောက်များစွာကပဲ၊ သမိုင်းဆက်တွေ သာဓက ရှိပါတယ်။”

ဒါကတော့ တိဗက်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ သံဃာတော်တွေရဲ့ ဆန္ဒပြမှုတွေနဲ့ တရုတ်အစိုးရရဲ့ အကြမ်းဖက် နှိမ်နှင်းမှုတွေနဲ့ပတ်သက်ပြီး နယူးယောက်ခ် တက္ကသိုလ် အငြိမ်းစား ပါမောက္ခ ဒေါက်တာ အေးကျော်က သုံးသပ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More