မောင်စွမ်းရည်
ရန်ကုန်တက္ကသိုလ်
စိမ်းစိုလှပ၊ အာရှဥယျာဉ်
ကမ္ဘာ့တခွင်မှာ စာတင်ထင်ရှားခဲ့ပါတယ်။
ရေကန်အသင့်၊ ကြာအသင့်နဲ့
ပင်မြင့်ပင်စောက်၊ ပင်အောက်အခြေ
မောင်တွေမယ်တွေ၊ ဖော်ရွေရယ်ရွှင်
ကြည်လင်သာယာ၊ မြန်မာအနာဂတ်
သားမြတ် သမီးမွန်၊ ကျွန်ခေတ်တော်လှန်
ခံယူခဲ့ကြ သခင်ဘ၀ဖြင့်
လှပသမိုင်း ရှိခဲ့တယ်။
ပိတောက် ကံ့ကော်
အကြော်စကား၊ စိန်ပန်းများနဲ့
နံ့ရှားကြိုင်လွင့်၊ ခါတန်သင့်မှာ
ပွင့်မျိုးစုံ ဝေဆာ
ကန်ထဲမှာကြာ၊ ကန်ဘောင်မှာ ပိတောက်
လေသင့်ရာ ကြိုင်လှောက်လို့
မိုးသောက် နေ၀င်၊ နွေဝင်မိုးကူး
အလှထူးတဲ့ ဒို့နယ်မြေ။
အင်းလျား ရတနာ၊ ကန်တော်သာမှာ
ပြာပြာလဲ့လဲ့၊ လှိုင်းဘောင်ဘင်ဖွဲ့တော့ကို
လေအသွဲ့မှာ လှေနဲ့ရွက်လွှင့်
ငှက်သဘင် ငှက်ညီလာ
ဟင်္သာသောင်တင်း၊ ရွှေပိန်ညှင်းတို့
ဖေါ်ချင်းငယ်ရှာကြ
စာဆိုတွေ ကဗျာသလို့
သာစွငယ် စာမွှမ်း
စာမော်ကွန်း တင်ရတယ်။
တနေ့သောခါ
ကန်လမ်းမှာ ညံကြွက်၊ ချီတက်ကြွေးကြော်
အော်သံတွေကြားမိတော့ သွားကြည့်မိပါတယ်။
ဒီမိုကရေစီ - ရရှိရေး - - ဒို့အရေး ဒို့အရေး
စစ်အာဏာရှင်စနစ် ပြုတ်ကျရေး - ဒို့အရေး ဒို့အရေး
ကျောင်းသားလေးတွေပါ
ဘာလက်နက်မှ မပါ၊ နို့ဆာသလို ဟစ်ကြွေး
ဒီမိုကရေစီအရေး
ချက်ချင်းပေး ချက်ချင်းပေးလို့
တေးဆိုသလိုနဲ့ အရေးဆိုရင်း လာကြတယ်။
မိဘတွေကိုယ်စား
ပြည်သူတွေကိုယ်စား
သားသမီးငယ်၊ လူရွယ်ကလေးများဟာ
ကမ္ဘာမကြေ၊ ဗမာပြေနဲ့
ကမ္ဘာမကြေ သီချင်းကိုလဲ
ရင်တွင်းလှိုက်ဖို သီဆိုလိုက်ကြတယ်။
သမိုင်းဝင်ခွပ်ဒေါင်းကလဲ၊ နီမောင်းရဲလို့
တလွင့်လွင့် ပျံနေလေရဲ့။
သူတို့ရှေ့မှာ
ရင်ဆိုင်လာနေတာ လုံထိန်းတွေပါလား…
ဒိုင်းလွှားတွေကိုင်၊ တင်းဘုတ်တွေကိုင်
သေနတ်တွေကိုင်ကာ၊ ချီတက်လာ
ဘယ်ညာ ဘယ်ညာ
စစ်ခွာသံ တဖြောင်းဖြောင်း
ကန်လမ်းကြောင်း တုန်ဟည်း
စစ်ဆင်ရေးကြီးလိုပါလား။
သူတို့နောက်မှာ
သံချပ်ကာကားတွေ၊ စစ်ကားတွေ
မီးသတ်ကားတွေ၊ အချုပ်ကားတွေ
တဂျိမ်းဂျိမ်းနဲ့ မြည်ဟိန်းလာတော့တယ်။
သူပုန်သူကန်၊ မှုန်ဆန်ရမ်းကား
သောင်းကျန်းသူများ၊ နှိမ်နှင်းဖို့သွားမှာလား…။
ငါတို့အိုးအိမ်၊ စည်းစိမ်ဥစ္စာ၊ ကာကွယ်ဖို့ သွားတာလား…။
ပြည်သူ့စစ်သား ဒို့စစ်သားတဲ့
မြို့ကားလမ်းမှာ ရန်သူရှာတော့
ဘာတွေ သူတို့တွေ့မှာလဲ…။
သူတို့တွေ့တာ
ကျောင်းသားတွေပါ၊
ဒုတ်တွေ ဓားတွေမပါ
အပ်တို အပ်ကျိုးမပါ
ငြိမ်းချမ်းစွာ၊ စည်းကမ်းရှိစွာ၊ ယဉ်ကျေးစွာ
ဟစ်ကြွေးတေးဆို
လိုချင်သမျ ဖွင့်ဟကြရုံပါပဲ။
အို-ဖြစ်ရလေ
ဝေသာလီပြည်၊ ဘီလူးဝင်တာ
ကြားဖူးမှာပေါ့၊
ရိုက်ဟ နှက်ဟ၊ ဖမ်းဟာ ဆီးဟာ
သတ်ဟာ ဖြတ်ဟာ
ဟစ်ကာ အော်ကာ ဒုတ်စင်္ကြာရမ်း
ကြိမ်ဘမ်းနဲ့ရိုက်
လိုက်ဟာ ပြေးဟာ၊ ကန်ဘောင်မှာက
ကန်ချရေထဲ၊ ဆွဲကြိုးကိုဖြုတ်
နာရီကိုဖြုတ်၊ ဆုပ်ကိုင်ဆံပင်
မြေပြင်ဒရွတ်၊ ကိုယ်ဝတ် စုတ်ပြဲ၊ မှောက်လဲစောင်းသံ
သွေးသံရဲရဲ၊ ကားထဲပစ်တင်
သေရှင်မသိ၊ ညှပ်ဖိ မွန်းအိုက်
ငရဲသည်မြေ ဆိုက်ခဲ့လေပြီ။
ကန်ဘောင်စိမ်းလဲ့၊ မစိမ်းစွေးနီ
တံတားဖြူလဲ မဖြူသွေးနီ
ကားလမ်းဆီလဲ သွေးညှီရွှဲရွဲ
အုတ်ခဲ ဒုတ်ကျိုး၊ သံဆူးကြိုးမှာ
ပုဆိုးတစ၊ ထမီစနဲ့
ဖိနပ်ကကျွတ်၊ ဒရွတ်ဆွဲကြောင်းတို့
ယင်လှောင်းစေးကပ်၊ မီးသတ်ပိုက်နဲ့
ပက်လိုက် ဆေးကြော၊ သွေးမျောရေစီး
နီပြီး နီကာ၊ မြန်းခဲ့ပါပြီ။
တံတားဖြူက မဖြူနီစွေး
သွေးသမိုင်းကို
သမိုင်းပညာရှင်၊ မော်ကွန်းတင်လော့
ရေပြင် အင်းလျား၊ ငွေလှိုင်းကြားမှာ
သွေးများ ပျော်ဆင်းခဲ့ပါပြီ။
မိခင်လဲငို၊ ဖခင်ငိုခဲ့
ဆရာလဲငို၊ တပည့်ငိုခဲ့
ယိုစိးမျက်ရည်၊ တံတားနီက
တည်လော့ သက်သေ
မကျေဥဒါန်း၊ သည်ဥဒါန်းကို
အောင်ဆန်း အောင်ကျော် သိစေသတည်း။
မောင်စွမ်းရည်
၁၂-၃-၂၀၀၃
(ဆရာစွမ်းပေးပို့ထားခဲ့သောကဗျာကို အချိန်နောက်ကျပြီးဖော်ပြမိတာကို နားလည်ခွင့်လွှတ်ပေးကြပါခင်ဗျား…)
0 comments:
Post a Comment