မောင်စွမ်းရည်
အောင်ဗလအမည်ခံ သတင်းစာဆရာ ကြီးကြေးမုံဦးသောင်းက လူထုဒေါ်အမာနဲ့ လူထုစိန်ဝင်းတို့ရဲ့စကားတွေကြားရ၊ စာတွေဖတ်ရပြီး သတ္တိကောင်းတဲ့ သတင်းစာဆရာ ကြီးများအဖြစ် ဂုဏ်ပြုချီးကျူးတဲ့ဆောင်းပါး တစောင်ရေးလိုက်တာကို ဖတ်ရပါတယ်။
အန်အယ်ဒီက နအဖကို တရားမ၀င်တဲ့ အဖြစ်က တရားဝင်ကြားဖြတ်အစိုးရအဖြစ် နဲ့ အသိအမှတ်ပြုပေးမယ်၊ နှစ်ဦးနှစ်ဖက် ညှိနှိုင်းရအောင်လို့ ကမ်းလှမ်းပါတယ်။
ဒီလိုလူကြီးလူကောင်းနည်းနဲ့  လမ်းဖွင့် တာကို နအဖက(သေနတ်ခါးထိုး ဓားမိုးအ စိုးရက)ပယ်ချငြင်းဆိုလိုက်တဲ့အခါ သတင်းဌာနတွေက လမ်းပိတ်သွားပြီး ဘာလုပ်ကြမလဲလို့ နိုင်ငံရေးသမားကြီးတွေနဲ့ သတင်းစာဆရာကြီးတွေကို တယ်လီဖုံးနဲ့ တွေ့ဆုံမေး မြန်းပါတယ်။
လူထုဒေါ်အမာက ဒီလိုဆိုရင် လူထုက လူထုနည်းနဲ့ အုံကြွတောင်းဆိုကြ ဖို့ပဲရှိတော့တယ်လို့ဖြေတယ်။
လူထုစိန်ဝင်းကတော့ အင်္ဂလိပ်လို ဆောင်းပါးတစောင်ရေးပြီး ပြည်ပအင်္ဂလိပ် သတင်းစာစောင်ထဲမှာထည့်တယ်။ လူတွေက ဆက်သည်းမခံနိုင်ကြတော့ရင် အုံကြွပေါက် ကွဲလာလိမ့်လို့သတိပေးပြီး ကုလသမဂ္ဂအနေနဲ့လည်း ကမ္ဗောဒီးယားမှာလုပ်သလို စစ်အစိုးရကို ကုလသမဂ္ဂကနေ ဖယ်ထုတ်အရေးယူပါတော့လားလို့ အကြံပေးတယ်။
အဲဒါတွေကို သဘောကျပြီး ပြည်တွင်းကနေ အခုလို သက်စွန့်ဆံဖျားပြောကြတာတွေကို ပြည်ပရောက် သတင်းစာဆရာကြီး ကြေးမုံဦးသောင်းက ထောက်ခံရုံမက ဂုဏ် ပြုပြောကြားလိုက်ပါတယ်။
သတင်းစာသမိုင်းကိုပြောကြားတဲ့အခါ မှာ သတင်းစာဆရာကြီးဦးထွန်းဖေက-
“ငါတို့သတင်းစာဆရာတွေ ရှေ›တန်း ကနေ ဦးဆောင်လှုပ်ရှားခဲ့ကြလို့ လွတ်လပ် ရေးရတာပဲ…”လို့ ပြောဘူးပါတယ်။
မှန်ပါတယ်၊ သတင်းစာမရှိပဲနဲ့ ပြည်သူကို စည်းရုံးလှုံ့ဆော်လို့မရနိုင်ပါဘူး။ ဒါကြောင့်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(၀ိုင်အမ်ဘီအေ)တည်ထောင်သူ ခေတ်ပညာတတ်လူငယ်တွေက သူရိယသတင်းစာကို ၁၉၁၂ ခုနှစ်မှာ စတင်တည်ထောင်ပါတယ်။
သူရိယသတင်းစာမှာ သတင်းစာပညာ အတွေ့အကြုံလည်းရှိ၊ ပုံနှိပ်ပညာအတွေ့အကြုံလည်းရှိတဲ့ စာအရေးကောင်းပြီး ၊ နိုင်ငံရေးအမြင်ကျယ်ကျယ်နဲ့ သတ္တိရှိတဲ့လူလဲလိုပါတယ်။ သူတို့ ကံကောင်းတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို သွားတွေ့တာနဲ့  သူရိယသတင်းစာဟာ ၀ံသာနုခေတ်ကြီးတခေတ်လုံးကိုရှေ့ဆောင်နိုင်ခဲ့ပါတယ်။
အလားတူပဲ မရှေးမနှောင်းမှာပေါ်ပေါက်လာတဲ့ ‘မြန်မာ့အလင်း‘၊ ‘ဟံသာဝတီ‘ဆိုတဲ့ သတင်းစာကြီးတွေ၊ ဒီးဒုတ်၊ ဟစ်တိုင်၊ ဂျာနယ်ကျော်အစရှိတဲ့ သတင်းစာကြီးတွေထွက် ပေါ်လာပြီး အလင်းရောင်ပေးခဲ့ကြပါတယ်။
ဦးထွန်းဖေက ၁၉၂၀ ပြည့်နှစ် ပထမကောလိပ်သပိတ်ရဲ့ ကျောင်းသားခေါင်းဆောင်တဦးပါ။ သပိတ်ပြီးတော့ သူရိယသတင်းထောက်ဝင်လုပ်ပါတယ်။ မှိုင်းတပည့် အရင်းပါ။ ၀န်ကြီးချုပ်ဦးနုလက်ထက်မှာ ယဉ် ကျေးမှုဌာန၀န်ကြီးဖြစ်လာပါတယ်။ ပါလီမန် ဒီမိုကရေစီဝန်ကြီးချုပ်ဦးနုကိုတောင် အာ ဏာရှင်ဆန်လို့တဲ့။ “ဘ၀ရှင်မင်းတရားကြီး စိတ်ဝင်နေတဲ့ ဦးနုနဲ့ မလုပ်ချင်ဘူး…”ဆိုပြီး ၀န်ကြီးရာထူးကို မစင်ဘင်ပုတ်ပမာ စွန့်ပစ် နှုတ်ထွက်ခဲ့ပါတယ်။
အုပ်ချုပ်သူအာဏာပိုင်တွေကို အမှန်တ ရားဘက်ကနေ ရပ်တည်အာခံရာမှာ ဂျာနယ်ကျော်ဦးချစ်မောင်လည်း ထင်ရှားလှပါတယ်။ လူထုဦးလှဆိုရင် ထောင် ၅ ခါ အကျ ခံခဲ့ဘူးပါတယ်။ သတင်းစာတိုက်ဗုံးခွဲတာ၊ ပိတ်ပစ်တာ၊ အာမခံတောင်းတာတွေလည်း မနဲပါဘူး။
သတင်းစာသမားတွေရဲ့ သတ္တိသမိုင်းကို လွတ်လပ်ရေးခေတ်ကစပြီး သတင်းစာ လောကထဲကိုဝင်ရောက်လာခဲ့တဲ့ ကြေးမုံဦး သောင်းလိုပုဂ္ဂိုလ်က ပိုပြီးတော့ရေးနိုင်တာ ပေါ့၊ ကျနော်တို့ထက် သတင်းစာလောက၊ နိုင်ငံရေးလောကအတွေ့အကြုံတွေ များ တာပေါ့။
လူထုစိန်ဝင်းဆိုတာ ဆရာကြီးရွှေဥ ဒေါင်းရဲ့တူပါ။ လက်ဝဲသုန္ဒဦးမြတ်စံတို့ရဲ့ မာန်ကျီးကုံးရွာမျိုးဆက်တွေပါ။ ၁၉၄၀ မှာ မွေးပါတယ်။ မန္တလေးက ‘ဖါးသားလဖုန်း‘ ခေါ်လဖုံးအောက် မေ့ဖွယ်ခရစ်ယန်သာသနာပြုကျောင်းကနေ ဆယ်တန်းအောင်ပြီး မန္တလေးတက္ကသိုလ် ကို ရောက်လာပါတယ်။
မန္တလေးတက္ကသိုလ်ထွက်၊ လူထုတိုက်ထွက်ဆိုတော့ ဇော်ဝိတ်ကြီး(၀င်းဖေ)၊ ပေါဦးသက်၊ မောင်သာနိုး၊ တင်မိုး၊ ကြည်အောင်စတဲ့ စာပေသမားတွေနဲ့ စာပေအနုပညာ ညီအကိုတွေလို့ ဆိုရပါမယ်။ ကျနော်တို့က ကဗျာသမား၊ သူကသတင်းစာသမားပါ။ လူထုသတင်းစာလုပ်နေရာက ရန်ကုန်လူထုတိုက်ခွဲအယ်ဒီတာအဖြစ် တာဝန်ယူဖို့ ရန်ကုန်ကိုဆင်းသွားရပါတယ်။
၁၉၆၇ ခုနှစ်တော်လှန်ရေးကောင်စီ လက်ထက်၊ တရုတ်-ဗမာအရေးအခင်းဆိုပြီး စစ်အုပ်စုကဖန်တီးတော့ သူဖုံးနဲ့ပို့တဲ့သတင်းတွေကို လူထုတိုက်ထဲကနေပြီး လူထုဒေါ်ဒေါ်နဲ့အတူ ကျနော်ဖုန်းနားကျပ်တခုစီနဲ့ နားထောင်သတင်းယူရဘူးပါတယ်။ အသဲတယားယားပါ။
အဲဒါပြီးတော့ ရန်ကုန်လုပ်သားပြည်သူ့နေ့စဉ်သတင်းစာအယ်ဒီတာချုပ်သွားလုပ်နေတဲ့ သူရိယအယ်ဒီတာ၊ လူထုအယ်ဒီတာအဖြစ် အစဉ်အလာအလွန်ကြီးခဲ့တဲ့ ဆရာကြီးရွှေဥဒေါင်းကိုလည်း အလုပ်ဖြုတ်၊ မန္တလေးလူထုသတင်းစာကိုလည်း ပိတ်ပစ်တာ ခံရပါတယ်။
အဲဒီနောက် လူထုစိန်ဝင်းနဲ့ အတော်ကြာအောင် အဆက်ပြတ်ခဲ့ရပါတယ်။ သူကတော့ အာရှနဲ့အာဖရိက,က ပြည်သူ့သူရဲကောင်းတွေရဲ့အတ္ထုပ္ပတ္တိတွေကို ‘၀င်းဇော်’ အမည်နဲ့ဘာသာပြန်နေပါတယ်။ ကျနော်ကတော့ ရွှေဘိုဘက်ကို ကျောင်းဆရာအဖြစ်နဲ့ လွှင့်စဉ်သွားခဲ့ပါတယ်၊၊
လူထုစိန်ဝင်းဟာ ထောင်သက်စုစုပေါင်း (၁၃)နှစ်တိတိရှိပါတယ်။ ကိုးကိုးကျွန်းအကျဉ်းထောင်ကိုအပို့ခံရတဲ့ လူထုသတင်းစာအယ်ဒီတာနဲ့ သတင်းထောက်သုံးဦးအနက် လူထုစိန်ဝင်းလည်း ပါခဲ့ပါတယ်။
သတင်းစာဆရာဘ၀မှာ တသက်လုံးစွန့်စားကျင်လည်ခဲ့ရပါတယ်။ စစ်တပ်ရဲ့ ထုနှက်ကန်ကျောက်တာတွေကိုလည်း ဖွတ်ဖွတ်ကြေအောင်ခံခဲ့ရပါတယ်။ လူထုဦးလှ၊ ဒေါ်အမာတို့ရဲ့သားလတ် ဖိုးသံချောင်းကိုလည်း မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂနဲ့  ဗကသတို့မှာ ကျောက်ဆည်စိုင်းဝင်းမောင်၊ မြင်းခြံအောင်သူ၊ ကဗျာဆရာကြည်အောင်တို့နဲ့ ပူးတွဲလုပ်ဆောင်နေရာက ပူးတွဲဖမ်းဆီးခံရပြီး ကိုးကိုးကျွန်းကို ပို့လိုက်ပါတယ်။
ဆရာဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ဖက်ဆစ်တော်လှန်ရေးလေထီးသူရဲကောင်း ဦးအုန်းမောင်ကိုရော ကိုကိုးကျွန်းကိုရောက်ကုန်ကြတဲ့အပတ်မှာ လူထုစိန်ဝင်းလည်း ပါသွားတယ်။ လူထုစိန်ဝင်းကိုတော့ သေကောင်ပေါင်းလဲ ဖျားနာလို့ ကိုကိုးကျွန်းကနေ ပြည်မကိုပြန်ပို့လိုက်ရတယ်။ အာရုံ ကြောညှပ်တဲ့ရောဂါ၊ နှလုံးရောဂါမသေရုံတမယ်ခံရပြီး လေဖြတ်သွားတယ်။
လမ်းလျှောက်လို့မရတာ့လို့ လေးချောငး ထောက်နဲ့ ရွှေ့လျားရပါတယ်။
ညာလက်လေဖြတ်တော့ ဘယ်လက်နဲ့ စာရေးကျင့်ပြီး စာရေးရပါတယ်။ အပြင်ထွက်ပြီး အလုပ်လုပ်လို့မရတော့ အိမ်တွင်းမှာပဲ အင်္ဂလိပ်စာသင်ပါတယ်။ စာသင်ရင်း လူငယ်တွေကို လူလိုသူလို တွေးခေါ်နေထိုင်တတ်အောင်လည်း သင်ပါတယ်။ နိုင်ငံရေး ပို့ချတာမဟုတ်ပါဘူး။
‘မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်‘ ဆိုတဲ့ ‘လမ်းစဉ်လူလည်’စိတ်ဓာတ်စွဲကပ် နေသူ လူငယ်တွေကို ကျယ်ပြန်တဲ့လူမှုရေးစိတ်ဓာတ်တွေထားတတ်အောင် သင်ပေးတာပါ။ ယခုအခါ ပြည်ပမှာ သူ့တပည့်တွေ အများကြီးပေါ့။
လေဖြတ်ပြီး မသွားနိုင်မလာနိုင်ဖြစ်နေတာကို အရပ်အခေါ်နဲ့ ‘ဒုက္ခသည်’လို့ခေါ်ပါ တယ်။ ဒါပေမဲ့ သူက မသန်မစွမ်းမဟုတ်ပါဘူး။ သူ့ဦးနှောက်နဲ့ သူ့ကလောင်ကသန်စွမ်းလှပါတယ်။ နှလုံးရောဂါရှိနေတဲ့ သူရဲ့နှလုံးက ပျော့ညံ့မသွားခဲ့ပါဘူး။ ဒီကြားထဲ ပြည်ပရောက်နေတဲ့သားကြီးက မကျန်းမမာဖြစ်ပြီးကွယ်လွန်ရှာတယ်။ သူ့ဇနီးကလည်း မောင်တရွာမယ်တမြို့ အမှုထမ်းနေရရှာတယ်။ အငြိမ်းစားလည်းရရော လေဖြတ်သွားလို့ ကုလားထိုင်နဲ့ သွားရလာရပါတယ်။ သူ့ထက်ဆိုးပါတယ်။ သူလည်း နှလုံးရောဂါနဲ့ လေယာဉ်စီးလို့မရလို့ ခရီးသွားခဲပါတယ်။
အမေလူထုဒေါ်အမာဟာ သူ့အမေအရင်းလိုပါပဲ။ ဒါပေမဲ့ အမေ့မွေးနေ့တွေကို မ သွားနိုင်ရှာဘူး။ လူထုဦးလှ ၉၀ ပြည့်နှစ်မှာ တော့ မဖြစ်မနေသွားပါတယ်။ ကားလေးတစီးနဲ့ တဦးတည်းလိုက်ပါပြီး၊ သက်သာအောင် ညခရီးသွားပါမှ လမ်းမှာကားတိုက်ခံရလို့ လက်ကျိုးသွားပြီး ဆေးရုံတက်ရပြန်ပါတယ်။ အခုဆိုရင် အောက်စီဂျင်ဘူးနဲ့နေရရှာတာပါ။ ဒီကြားထဲ လူငယ်တွေ ဖတ်ကြ ဖို့ စာမပြတ်ရေးတယ်။
လူငယ်စာနယ်ဇင်းသမားတွေကိုလည်း အစွမ်းကုန်အကူအညီပေးပါတယ်။ တချို့လူငယ်စာပေသမား၊ သတင်းစာသမားတွေကိုလည်း လူထုစိန်ဝင်းဆီသွားရင် စောင့် ကြည့်ခံရပါတယ်။ စောင့်ကြည့်ခံရမယ်လို့လဲ ခြိမ်းခြောက်ခံရပါတယ်။
လူထုစိန်ဝင်းကို အနီရောင်သတင်းစာဆရာလို့လည်း ပြောထားကြပါတယ်။ မဆလ၊ န၀တ၊ နအဖနဲ့ ကြံ့ဖွတ်အသိုင်းအ၀ိုင်းက ပြောတာပါ။ တချို့ကလည်း ကြားဖူးနားဝနဲ့ လန့်ပြီး ကျနော့်ကိုမေးဖူးပါတယ်။
“ဆရာလူထုစိန်ဝင်းက အနီဆို…”တဲ့။
“အနီဆိုတာ မင်းကဘယ်လိုထင်သလဲမသိဘူး။ အပြာမဟုတ်၊ အမဲမဟုတ်ဘူးဆိုတော့ ကောင်းတာပေါ့ကွာ…”လို့ပဲ ပြန်ပြောရပါတယ်။
သူရေးတဲ့စာ၊ သူပြောတဲ့စကားမှာ လူငယ်တွေရိုးသားဖို့၊ ကြိုးစားဖို့၊ လေ့လာဖို့၊ အမြင်ကျယ်ဖို့ဆိုတာတွေပဲရှိပါတယ်။ ဒါ ကြောင့်လူငယ်တွေက သူ့စာတွေကို တလေးတစားဖတ်ကြတာပါ။ “မင်းတို့သူ့စာတွေဖတ်နေကြတာပဲ၊ မကြိုက်ရင်မဖတ်နဲ့ပေါ့ကွာ…”လို့ပဲ ပြောရပါတယ်။
သူ့စားပွဲသွားရင် လူငယ်တွေ တဖွဲဖွဲလာကြတာတွေ့ရပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံအတွင်းက သူ့အိမ်မှာလူပိုစည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးမိုးသူစတဲ့ အရေးတော်ပုံခေါင်းဆောင်တွေကိုလည်း မသန်စွမ်းတဲ့ကြားကနေ အစစအရာရာ အကူအညီ၊ အကြံဥာဏ်တွေပေးခဲ့ပါတယ်။
ခုဆိုရင် သူအသက်ဟာ (၇၀)နားနီးနေပါပြီ။ ကျန်းမာရေးကလည်း မြင်တဲ့လူတိုင်းက ‘ဒုက္ခိတ‘ခေါ်တာခံရတဲ့အခြေအနေမျိုးပါ။ တနေ့ရွှေ၊ တနေ့ငွေဆိုသလို အခြေအနေမျိုးမှာ အောက်စီဂျင်ဘူးကို ပြည်ပကနေ ဈေးကြီးပေးဝယ်ယူသုံးစွဲနေရရှာတာပါ။
ဒါပေမဲ့  ‘မျိုးမာန်မချ ၊ မခံသူ့အောက်၊ မမြှောက်သူ့လက်’ဆိုတဲ့ ပြည်သူ့သတင်းစာစိတ်ဓာတ်ကတော့ အမြဲရှင်သန်လန်းဆန်းလျက်ပါပဲ။ လူထုသတင်းစာဆရာ ပီသပါပေတယ်လို့ ဆိုချင်ပါတယ်။
သူငယ်ချင်း လူထုစိန်ဝင်းကို အသက်ရှည်ရှည်နဲ့ ပြည့်သူ့သတင်းစာဆရာစိတ်ဓာတ် ဆက်လက်မွေးမြူနိုင်ပါစေ…
လူငယ်တွေကို သံမဏိစိတ်ဓာတ်နဲ့ နမူနာပြနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း အလေးပြုလိုက်ပါတယ်…
လူထုသစ္စာဖြင့်-
မောင်စွမ်းရည်
(၂၀၀၆ ခုနှစ်၊ ဇူလိုင်လထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ၃၊ အမှတ် ၇ အတွက် ရေးသားပေးပို့ထားသော ဆရာစွမ်း၏စာမူကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။ ပန်းချီဆရာမင်းကျော်ခိုင်ရေးပေးပို့ထားသော လူထုစိန်ဝင်းပုံတူကို အသုံးပြုခြင်းဖြစ်ပါသည်)
0 comments:
Post a Comment