Saturday, March 15, 2008

သတင်းစာဆရာဘ၀ နှစ်ပေါင်း ၆၀

(မောင်စွမ်းရည်)



ကြေးမုံဦးသောင်း’ခေါ် စာရေးဆရာကြီး‘အောင်ဗလ’ဟာ ၂၀၀၇ ခုနှစ် ဖေ ဖော်ဝါရီ ၂၇ မှာဆိုရင် သတင်းစာဆရာဘ၀ သက်တမ်း ၆၀ တင်းတင်း ပြည့်ပြီလို့ သိရပါတယ်။ နှစ်ပေါင်း ၆၀ ဆိုတာ နည်းနည်းနောနော မဟုတ်ပါတကား…။

လူ့သက်တမ်း ၁၀၀ ဆိုရင် နှစ်ပေါင်း ၅၀ ဟာ လူ့သက်တမ်းရဲ့ တ၀က်မဟုတ်ပါလား။ လူ့သမိုင်းကိုတွက်ရင်လဲ နှစ် ၁၀၀ စီကို ‘ရာစု’ လို့ပိုင်းခြားလေ့ရှိလေတော့ နှစ်ပေါင်း ၅၀ ကို ‘ရာစုဝက်’ ခေါ်ကြပါတယ်။ ခုဆိုရင် ‘ဆရာအောင်ဗလ’ရဲ့ သတင်း စာဆရာဘ၀ဟာ နှစ်ပေါင်း ၆၀ ဆိုတော့ ရာစုနှစ်တစုရဲ့ တ၀က်ကျော်သက်တမ်းရှည် တဲ့ သမိုင်းကာလကြီးတခုကို ဖြတ်သန်းခဲ့လေပြီလို့တွက်ရင်လဲ တကယ့်ကို ကြုံတောင့်ကြုံခဲသက်တမ်းမဟုတ်ပါလား။
ဒီနှစ်မှာ ဗမာနိုင်ငံရဲ့လွတ်လပ်ရေးသက်တမ်းဟာ နှစ်ပေါင်း ၅၉ နှစ်ပါ။ ဆရာအောင်ဗလရဲ့သတင်းစာဘ၀သက်တမ်းဟာ နှစ်ပေါင်း ၆၀ ဆိုတော့ လွတ်လပ်ရေး သမိုင်းကြီးတခုလုံးကို ဖြတ်သန်းခဲ့တဲ့ဘ၀ဖြစ်ပါတယ်။

ဆရာရဲ့သတင်းစာဆရာဘ၀ဟာ ၁၉၄၇ ဖေဖော်ဝါရီ ၂၇ ကစတယ်လို့သိရပါတယ်။ လွတ်လပ်ရေးရတော့ ဆရာက သတင်းစာဆရာပေါက်စပေါ့။ ဆရာစပြီး အလုပ်ဝင်လုပ်ခဲ့တာက ‘ဗမာ့ခေတ်သတင်းစာ’မှာပါ။ အယ်ဒီတာချုပ်က အဲဒီခေတ်က လျှမ်းလျှမ်းတောက်ဖြစ်နေတဲ့ ‘ဦးအုန်းခင်’ပါ။ ‘သခင်နု’တို့ရဲ့ ‘နဂါးနီ’စာအုပ် အသင်းမှာ မန်နေဂျာလုပ်ခဲ့လို့ ‘နဂါးနီဦးအုန်းခင်’လို့လဲ ကျော် ကြားခဲ့သူပါ။

တို့ဗမာအစည်းအရုံး စတင်ထူထောင်သူတွေထဲမှာ ပါဝင်ခဲ့ပေမဲ့ ‘သခင်အုန်းခင်’လို့တော့ အမည်မခံယူခဲ့ပါဘူး။ ဒါပေမဲ့ နိုင်ငံရေး သမားကြီးပါ။ ဗမာ့ကျန်းမာရေးလှုပ်ရှားမှုမှာ ခေါင်းဆောင်တဦး အဖြစ်နဲ့ ‘ခြေလျင်ဦးအုန်းခင်’လို့လဲကျော်ကြားသူပါ။ အဲသလို ကိုလိုနီခေတ်နှောင်းနဲ့ လွတ်လပ်ရေးခေတ်ဦးမှာ စာနယ်ဇင်းနဲ့ နိုင်ငံ ရေးခေါင်းဆောင်ဖြစ်သူ ‘ဦးအုန်းခင်’ထံမှာ ဆရာအောင်ဗလက တပည့်ခံခဲ့ပါတယ်။

အဲဒီတုန်းက ဆရာအောင်ဗလရဲ့အသက်ဟာ ၂၀ ၀န်းကျင်ပဲ ရှိအုံးမှာပါ။ ၁၀ တန်း အောင်ပြီးနေပြီ။ အညာသား(ညောင်ဦးဇာတိ)လူငယ်လေးဟာ ရန်ကုန်ဆင်းလာပြီး တက္ကသိုလ်တက်ဖို့ပြင်ပြီးနေပြီ။ သူ့ဆရာက သူ့ကို တက္ကသိုလ်သွားဖို့ အားမပေးပါဘူး။ တက္ကသိုလ်ကို ၄ နှစ် သွားတက်လိုက်ရင် သတင်းစာဆရာဘ၀အတွေ့အကြုံ (သတင်းစာတက္ကသိုလ်)မှာ ၄ နှစ်လျော့သွားမှာပေါ့လို့ပြောပြတယ်။

အဲဒီ အယူအဆကိုလက်ခံလိုက်ပြီး တက္ကသိုလ်ကိုကျောခိုင်းလိုက်တယ်။ သတင်းစာလောက ထဲကို ခြေစုံပစ်ဝင်လိုက်ပါတယ်။ ဒီအကြောင်းတွေကို ဆရာအောင်ဗလက ‘ဗမာ့ခေတ်မှ ကြေးမုံသို့’ ဆိုတဲ့စာအုပ်မှာရေးခဲ့ပါပြီ။

ဆရာအောင်ဗလ တက္ကသိုလ်ကိုကျောခိုင်းလိုက်တာမှန်သွားပါတယ်။ တက္ကသိုလ်က သင်မပေးနိုင်တဲ့ပညာတွေကို အများကြီးဆည်းပူးခွင့်ကြုံလိုက်ပါတယ်။

၁၉၄၇ မှာ သတင်းစာလောကထဲကိုဝင်လိုက်တာဆိုတော့ ‘ဗိုလ်ချုပ်အောင်ဆန်း’နဲ့ တကွ အာဇာနည်ခေါင်းဆောင်တွေကျဆုံးတာကို သွေးစိမ်းရှင်ရှင်မြင်လိုက်ရတယ်။ လုပ်ကြံသူ လူသတ်သမား‘ဂဠုန်ဦးစော’ ကြိုးပေးခံရတာတွေ၊ ယူနီယန်ဂျက်အလံကို လျောချပြီး ကြယ်ငါးပွင့် ပြည်ထောင်စုမြန်မာနိုင်ငံအလံတော်ကြီးကို အလံတိုင်ထိပ်တင်လိုက်တာတွေ၊ ရန်ကုန်မြို့တော်ကြီး သူပုန်တွေလက်ကျဆုံးခါနီးအခြေအနေတွေ၊ ဗုံးဆံ အ မြောက်ဆံတွေ ပလူပျံနေတာတွေ၊ ပြည်တွင်းစစ်နဲ့ လက်ဝဲ-လက်ယာဝါဒစစ်ပွဲကို သူသေကိုယ်သေနွှဲခဲ့ကြတာတွေ၊ ကရင်ခေါင်းဆောင်‘စောဘဦးကြီး’ စစ်ကြေးစားတွေရဲ့အသတ်ခံရတာ၊ အဲဒါတွေကြားထဲကိုရောက်ရှိသွားခဲ့ပါတယ်။ ဒါဟာ သမိုင်းရဲ့ဗဟိုချက်ပေါ်မှာ ထိုင်မိလိုက်တာပါပဲ။

သတင်းစာဆရာဆိုတာ ကမ္ဘာ့သတင်း၊ ဗမာ့သတင်းတွေကို အမြဲထိတွေ့နေရသူဖြစ်ပါတယ်။ သမိုင်းရေစီးထဲကိုမျောပါရင်း နိုင်ငံရေးသင်တန်းတက်နေသလိုလဲ ဖြစ်နေပါတယ်။ ဒါကြောင့် သတင်းစာဆရာတွေဟာ နိုင်ငံရေးသမားတပိုင်းလဲ ဖြစ်နေတတ်ပါတယ်။

သတင်းစာဆရာ၊ ၀န်ကြီး‘ဦးထွန်းဖေ’က “လွတ်လပ်ရေးရအောင် ငါတို့သတင်းစာဆရာတွေ ဦးဆောင်ခဲ့တာ…”လို့ပြောလေ့ရှိတာဟာ မှန်သလောက်မှန်ပါတယ်။
သတင်းစာဆရာဟာ ‘ရှေ့ဆုံး’ကမဟုတ်တောင် ‘ရှေ့တန်း’ကဆိုတာ ငြင်းမရပါ။

သတင်းစာသမားဟာ နိုင်ငံကို နိုင်ငံရေးမျက်စိဖွင့်ပေးနေရသူလဲဖြစ်ပါတယ်။
သတင်းစာသမားဟာ စာပေနဲ့ရင်းနှီးနေတာကြောင့် စာရေး ဆရာအလုပ်ကိုလဲ ၀င်လုပ်နေမိတတ်ပါတယ်။

‘သတင်းစာဆရာ’၊ ‘နိုင်ငံရေးသမား’၊ ‘စာရေးဆရာ’ဆိုပြီး အနည်းဆုံး သုံးဘ၀ခွဲနေရသူ၊ သို့မဟုတ် ပေါင်းစပ်နေရသူလို့ လဲ ဆိုနိုင်ပါတယ်။

ဆရာကြီး‘သခင်ကိုယ်တော်မှိုင်း’၊ ‘ဒီးဒုတ်ဦးဘချို’၊ ‘ဦးထွန်း ဖေ’၊ ‘ဦးပုကလေး’၊ ‘သူရိယဦးသိမ်းမောင်’၊ ‘ဂျာနယ်ကျော်ဦး ချစ်မောင်’၊ ‘လူထုဦးလှ’၊ ‘ဦးသိန်းဖေမြင့်’၊ ‘ဗမာ့ခေတ်ဦးအုန်းခင်’စတဲ့ ပုဂ္ဂိုလ်ကြီးများဟာ သတင်းစာဆရာဘ၀ကို အဓိကထားလုပ်ရင်းက ကျန်တဲ့ဘ၀တွေပါလုပ်ရင်းကိုင်ရင်း တိုးပွားလာကြသူတွေဖြစ်ပါတယ်။

ဆရာအောင်ဗလဟာ ပြဇာတ်တွေ၊ ၀တ္ထုတိုတွေလဲရေးပါတယ်။ ကလောင်စွမ်းကလဲ သွက်လက်ထက်မြက်သူဖြစ်ပါတယ်။ ဆရာအောင်ဗလဟာ အညာသားသတင်းစာ သမားလေး ‘မောင်သောင်း’ဘ၀ကနေ ပြေးရင်းလွှားရင်း ထိပ်တန်းသို့ ထိုးဖောက်ထွက် လာခဲ့တာဖြစ်ပါတယ်။ သတင်းစာဆရာဘ၀နဲ့လဲထူးချန်သလို စာရေးဆရာဘ၀နဲ့လဲ ထူးချွန်သူဖြစ်ပါတယ်။

မြန်မာသတင်းစာလောကမှာ ‘အိုးဝေဦညိုမြ’၊ ‘ဆရာဇ၀န’၊ ‘ဆရာဥာဏ’စတဲ့ သတင်းစာပညာရှင်ကြီးတွေရှိကြပါတယ်။ ဒါပေမဲ့ စာသာရေးတတ်ပြီး သတင်းစာတိုက် အုပ်ချုပ်ရေးနဲ့ ငွေကြေးစီမံခန့်ခွဲမှုမှာ ညံ့ဖျင်းကြပါတယ်။ ဆရာအောင်ဗလကတော့ သတင်းစာဆရာအနေနဲ့အပြင် စီမံအုပ်ချုပ်မှုဘက်ကပါ ထူးချွန်သူလို့ ဆရာ့ဆရာကြီး တွေကိုယ်တိုင်က ချီးမွမ်းခံရသူဖြစ်ပါတယ်။

ဗမာ့ခေတ်ဦးသောင်းဟာ ကြေးမုံသတင်းစာတိုက်ကြီးကိုထောင်ပါတယ်။ ခေတ်မီစက်သစ်ကြီးတွေ၊ ခေတ်မီထုတ်လုပ်မှုစနစ်တွေသုံးရုံမက စီမံခန့်ခွဲပုံအသစ်နဲ့ ‘ဆရာ ဇ၀န’၊ ‘စိန်ခင်မောင်ရည်’၊ ‘ဦးဝင်းတင်’၊ ‘ငွေဥဒေါင်း’စတဲ့ လူတော်တွေစုစည်းပြီး ðပစု ပျိုးထောင်လိုက်တဲ့အတွက် ဗမာ့သတင်းစာလောကမှာ စောင်ရေလဲထိပ်တန်း၊ သြဇာလဲ ထိပ်တန်းကို ရောက်လာခဲ့ပါတယ်။

တိုင်းပြည်ရဲ့အရေးမှာ အရေးအကြီးဆုံးက ‘ပြည်တွင်းငြိမ်းချမ်းရေး’ပါ။ ပြည်တွင်းစစ်ကြီးမရပ်နိုင်လို့ ဗမာနိုင်ငံဟာ အောက်ကျနောက်ကျနိုင်ငံဘ၀က ခုအထိမတက်နိုင် ဖြစ်နေတာကို သတင်းစာဆရာတွေကအသိဆုံးပါ။ ဒါကြောင့် သတင်းစာဆရာတွေဟာ ‘ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ’တွေကို ရှေ့တန်းတင်လိုက်ကြပါတယ်။

‘ဖဆပလ’၊ ‘ပထစ’၊ ‘မဆလ’စတဲ့ အစိုးရတွေဟာ ပြည်တွင်းစစ်မှာပလ္လင်ထိုင်နေကြလေတော့ သတင်းစာဆရာတွေကို ရန်သူတွေအဖြစ်သတ်မှတ်ပြီး အားလုံးလောက်ကို ဖမ်းဆီး ထောင်ချလိုက်ရာမှာ ဆရာအောင်ဗလခေါ် ကြေးမုံဦးသောင်းလဲ ပါသွားရှာပါတယ်။

‘မဆလ ဗိုလ်နေ၀င်း’က လူကိုထောင်ချရုံမက သတင်းစာတိုက်ကိုပါ ပြည်သူပိုင်သိမ်းလိုက်ပါတယ်။ ဘ၀ပျက်အောင်ချေမှုန်းခဲ့တာပါပဲ။ သတင်းစာသမားတိုင်းကိုလုပ်တာပါ။

ထောင်ထဲမှာ ဦးသောင်းကို မှတ်လောက်အောင်ထားပြီးမှ ထောင်ကထုတ်၊ ရာထူးတွေပေးပြီး ချော့ပြန်ပါတယ်။ ဒါ ဗိုလ်နေ၀င်းထုံးစံပါ။ သတင်းစာဆရာစစ်စစ်တွေကတော့ ဒါမျိုးလုပ်လို့မရပါဘူး။ မကြာခင် ဆရာသောင်းဟာ ပြည်ပကိုထွက်သွားခဲ့ပါတယ်။
ပိုမိုဗြောင်ကျတဲ့ ‘စစ်အစိုးရ’စစ်စစ်ဖြစ်တဲ့ ‘န.၀.တ-န.အ.ဖ’တက်လာတဲ့အခါမှာတော့ ရှိသမျ သတင်းစာဆရာဘ၀အတွေ့အကြုံတွေ၊ ဆည်းပူးခဲ့သမျှစာနယ်ဇင်းပညာတွေကိုအသုံးချပြီး ကလောင်တိုက်ပွဲဆင်ပါတယ်။

‘ဗိုလ်နေ၀င်းဇာတ်လမ်းရှုပ်သမျှ’တွေနဲ့ ‘စစ်ဗိုလ်တွေဇာတ်လမ်းယုတ်သမျှ’တွေကို ဖော်ထုတ်တိုက်ခိုက်ပါတယ်။
ထိုင်းက ‘ခေတ်ပြိုင်ဂျာနယ်’ကိုဦးစီးရင်း အမေရိကန်ပြည်ထောင်စုကနေ စာတွေရေးပါတယ်။ အသံလွှင့်ပါတယ်။ စာအုပ်တွေ ဟောတအုပ် ဟောတအုပ်ထွက်လာပါတယ်။ ဂျပန်၊ ဥရောပ၊ ထိုင်း၊ အမေရိကန်၊ သြစတြေးလျစတဲ့ နိုင်ငံတကာက ဗမာစာစောင် အကြီးအသေးမရွေး တောင်းတိုင်းရေးပေးပါတယ်။ ပေးတိုင်း ဥာဏ်ပူဇော်ခရမယ်ဆိုရင် ဆရာသောင်းကြီးဟာ သန်းကြွယ်သဌေးဖြစ်လောက်ပါပြီ။ ယုံကြည်ချက်နဲ့ ထုတ်ကြတဲ့ စာစောင်လေးတွေမှာ ငွေကြေးမဖူလုံကြပါ။ ဒါကြောင့် ပြည်ပမှာ ဘယ်စာရေးဆရာမှ စာမူခရှေ့တန်းမတင်ဘဲ စာရေးနေကြရာမှာ ဆရာသောင်းဟာ ရှေ့ဆုံးကပါပဲ။

ခုဆိုရင် ဆရာသောင်းဟာ အသက် ၈၀၊ သတင်းစာသက် ၆၀ ပြည့်ခဲ့ပါပြီ။
ဗမာစာနယ်ဇင်းလောကမှာ အသက် ၉၀ ကျော် အမေလူထုဒေါ်အမာကလွဲရင် ဆရာသောင်းဟာ ၀ါအရင့်ဆုံးသတင်းစာဆရာကြီးတပါးပါ။ အသက် ၈၀ ကျော်မှာ စာအုပ်တွေရေးနေတုန်းပါ။ ခုလဲ ‘ဗိုလ်ခင်ညွန့်ဇာတ်လမ်းရှုပ်သမျှ’တွေကို မှတ်တမ်းထုတ်ပြဖို့ အားထုတ်နေတာ နေ့မနားညမနားပါပဲတဲ့။

မနားသေးနဲ့ဆရာရေ့…၊ ဒီမိုကရေစီရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြပါဦးစို့…

ဆရာအောင်ဗလခေါ် ကြေးမုံဦးသောင်း အသက် ၁၂၀ မက ရေးရပါစေသော်။

ဆရာသောင်းလိုချင်တဲ့ ဒီမိုကရေစီနဲ့ စာနယ်ဇင်းလွတ် လပ်ခွင့် အမြန်ဆုံးရပါစေသော်။


မောင်စွမ်းရည်
၂၀၀၆ ဇန်န၀ါရီ ၁၆
(၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၄၊ အမှတ် ၂ အတွက် ဆရာစွမ်းရေးသားပေးပို့ခဲ့သောဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More