Sunday, March 9, 2008

တလအတွင်း မြန်မာ့ရေးရာ သတင်းဖတ်စာ

(၂၀၀၈ မတ်လ)
စုစည်းတင်ပြ -ဇော်မောင်ဇော်




သတိ
နေအိမ်အချုပ်ကျခံနေရဆဲ အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအမှုဆောင်များနှင့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတွေ့ဆုံစဉ် ‘ပြည်သူလူထုအနေနှင့် အကောင်းဆုံးကိုမျော်လင့်ထားသလို အဆိုးဆုံးကိုလည်း ရင်ဆိုင်ရန်ပြင်ဆင် ထားရမယ်’ ဟု သတိပေးအမှာစကားပါးလိုက်ပါသည်။
မတ်လ ၃ ရက်(တနင်္လာနေ့)ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်နေအိမ်အနီး၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၅ ဦးသေဆုံးသွားခဲ့သည်။ ဓါးပြတိုက်လုယက်မှုဟု ပြောဆိုသုံးသတ်နေကြပြီး အသတ်ခံရသူများမှာ ကိုးကန့်နှင့် အဆက်အနွယ် ‘၀’လူမျိုးနွယ်စုများဖြစ်ကြသည်။ နအဖစစ်တပ်အစောင့်အကြပ်များ လုံခြုံရေးထူထပ်ရာ၊ အရပ်သားများ သေနတ်ကိုင်ဆောင်ခွင့်မပြုသော မြန်မာပြည်ထဲတွင် အခုလိုသေနတ်ပတ်ခတ်သတ်ဖြတ်မှုမှာ အံသြသင့်စရာကောင်းလှပြီး၊ လက်သည်တရားခံကိုဖမ်းမမိသေးကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန်သည်။

ကြေညာချက် တစ် နှစ် သုံး
နအဖ စစ်အုပ်စုက ၂၀၀၈ ခုနှစ် မေလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပမည်ဖြစ်ကြောင်းကို ကြေညာချက်အမှတ် ၁/၂၀၀၈ ဖြင့်လည်းကောင်း၊ ၂၀၁၀ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ရွေး ကောက်ပွဲကျင်းပမည်ဖြစ်ကြောင်းကို ကြေညာချက် ၂/၂၀၀၈ ဖြင့်လည်းကောင်း ဖေဖော်ဝါရီ ၉ ရက်နေ့စွဲဖြင့်ထုတ်ပြန်လိုက်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေး၊ ပြည်လုံးကျတ်ဆန္ဒခံယူပွဲကျင်းပရေးကော် မရှင်ကို အဖွဲ့ဝင် ၄၅ ဦးဖြင့်ဖွဲ့စည်းကြောင်း နအဖက ကြေညာချက် ၃/၂၀၀၈ ဖြင့် ထုတ်ပြန်ပါသည်။ တချိန်တည်းမှာပင် ဆန္ဒခံယူပွဲဥပဒေကိုလည်း ဥပဒေအမှတ် ၁/၂၀၀၈ ဖြင့်ထုတ်ပြန်ပါသည်။ အဆိုပါ ဥပဒေအရ ဆန္ဒမဲလက်မှတ်ဖြင့် မဲထည့်ရမည်ဖြစ်ပြီး၊ ကိုယ်နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာအလိုက် မဲစာရင်းပြုစု၍ မဲထည့်ရမည်ဆိုပါသည်။ ဥပဒေတွင် ဆန္ဒမဲပေးခွင့်ရှိသူဦးရေ၏ ရာခိုင်နှုန်းမည်မျ ဆန္ဒမဲပေးမှ ဆန္ဒခံယူပွဲအထမြောက်မည်ဆိုသည့် ပြဋ္ဌာန်းချက်မျိုးမပါဝင်ပါ။ သို့သော် ဆန္ဒခံယူပွဲကို အနှောက်အယှက်ပြုလျင် ထောင်ဒဏ်သုံးနှစ် ငွေဒဏ်တစ်သိန်းကျခံရမည်ဟု ဖော်ပြပါရှိပါသည်။

ငြင်းချက်များ
နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေးလုပ်ဆောင်ချက်များသည် တ ဖက်သတ်ဆောင်ရွက်ချက်များဖြစ်ပြီး၊ အများပြည်သူ လက်ခံနိုင်ခြင်းမရှိ၍ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုထိခိုက်စေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အထူးကြေညာချက်တစောင်ကို ၂၈ ရက် နေ့တွင် ထပ်မံထုတ်ပြန်လိုက်သည်။ နအဖ၏ ၁/၉၀ ကြေညာချက်တွင် အခြေခံဥပဒေကို ရွေးကောက်ခံလွှတ်တော်အမတ်များဖြင့် ရေးဆွဲရမည်ဟုပါရှိသော်လည်း ယခုဥပဒေကို လွှတ်တော်အမတ်အများစုပါဝင်ရေးဆွဲခဲ့ရခြင်းမရှိဟု ဖော်ပြထားသည်။
ယခင်သတင်းပတ်က နအဖကြေညာသည့် ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲအပေါ် နိုင်ငံရေးဖြစ်စဉ်များနှင့် ဥပဒေကြောင်းအရ လက်မခံနိုင်သည့်သဘောဖော်ပြထားသည့်ကြေညာချက်ကို အဖွဲ့ချုပ်ကထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ အဖွဲ့ချုပ်မြို့နယ်စည်းအချို့ကလည်း ဆန္ဒခံယူပွဲကိုလုံးဝလက်မခံကြောင်း ကြေညာချက်များထုတ်ပြန်လျက်ရှိသည်။ ၀ါရင့်နိုင်ငံရေးသမားကြီးများက ဆန္ဒခံယူပွဲလုပ်မည်ဆိုလျင် ရှိသင့်ရှိအပ်သည့်အခြေအနေများကို ပြည့်စုံအောင်ဖြည့်ဆည်းဖို့ နအဖအားတိုက်တွန်းလိုက်သည်။ ပြည်ပဒီမိုကရေစီအင်အားစုများက နအဖဆန္ဒခံယူပွဲကို လုံးဝလက်မခံ၊ ကန့် ကွက်သပိတ်မှောက်မည်ဟုဆိုပါသည်။

ကျဆုံးသူ
ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေပိုင်းက ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးဖဒိုမန်းရှာလားဖန်းသည် ထိုင်းနိုင်ငံ၊ မဲ ဆောက်မြို့ရှိနေအိမ်တွင် အမည်မသိသေနတ်သမားနှစ်ဦး၏ အနီးကပ်လုပ်ကြံမှုကြောင့် အသက်ဆုံးပါးသွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်ရှိပြီး သားသမီးလေးဦးကျန်ရစ်ခဲ့သည်။ ကရင့်တော်လှန်ရေးကို ကျောင်းသားအရွယ်မှစတင်လုပ်ကိုင်ခဲ့သည့် ဖဒိုမန်းရှာသည် ၂၀၀၀ ခုနှစ်မှစ၍ ကေအန်ယူအထွထွေ အတွင်းရေးမှူးတာဝန်ကိုထမ်းဆောင်နေသည့် ထိပ်တန်းကရင်ခေါင်းဆောင်တဦးဖြစ်သည်။ တိုင်းရင်းသားအဖွဲ့များနှင့် မြန်မာ့ဒီမိုသမားများအကြား လေးစားယုံကြည်ခံရသည့်အရေးပါသူတယောက်ကို လုပ်ကြံသတ်ဖြတ်သည်မှာ ဗျူဟာမြောက်ကြံစည်မှုဖြစ်သည်ဟုသုံးသပ်နေကြပြီး၊ ဒီကေဘီအေနှင့် နအဖဖက်မှလက်ချက်ဖြစ်နိုင်ကြောင်း ကေအန်ယူမှသုံးသပ်ပြောဆိုသည်။

ဂမ်ဘာရီ၏ခရီးစဉ်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာအီဘရာဟင်ဂမ်ဘာရီသည် မြန်မာနိုင်ငံသိုမသွားရောက်နိုင်သေးမီ အာရှနိုင်ငံများသို့ ဒုတိယအကျော့သွားရောက်ဆွေးနွေးလျက်ရှိရာ ယခုလအတွင်း စင်ကာပူ၊ တရုတ်၊ အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံများသို့သွားရောက်ခဲ့သည်။ အဆိုပါနိုင်ငံများက ကုလသမဂ္ဂနှင့် ဂမ်ဘာရီ၏လုပ်ငန်းကို မူအားဖြင့် ထောက်ခံကြသော်လည်း လက်တွေ့တွင် မည်သို့ပါဝင်ကြမည်ဆိုတာကို အသေအချာမသိရပါ။
ဂမ်ဘာရီကမူ မြန်မာပြည်အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ် နှေးကွေးနေသည့်အပေါ် စိတ်ပျက်မိကြောင်း၊ အင်ဒိုနီးရှားသမ္မတ စူဆီလိုဘမ်ဘန်း ယူဟိုယူနိုနှင့်တွေ့ဆုံစဉ်အတွင်း ပြောဆိုခဲ့သည်။ နအဖလုပ်ရပ်များကို ယခင်ထက်စာလျင် တိုးတက်မှုဟု သတိဖြင့်ပြောဆိုလိုက်ပြီး၊ ၎င်းအနေနှင့် ဆက်လက်ဆွေးနွေးသွားရမည်ဟုဆိုသည်။ ဧပြီလကျမှလာပါဟု ဟန့်တားခံထားရသူဂမ်ဘာရီသည် မတ်လဆန်းတွင် မြန်မာနိုင်ငံသို့ သွားရောက်နိုင်ပြီး ရွေးကောက်ပွဲကိစ္စဆွေးနွေးမည်ဟုထင်ကြောင်း ၎င်းကပြောပါသည်။

မ၀င်ရ-တရားမ၀င်
နအဖနိုင်ငံခြားရေးဝန်ကြီးဦးဉာဏ်ဝင်းက စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဂျော့ယိုးနှင့်တွေ့ဆုံစဉ်၊ ၂၀၁၀ မှာကျင်းပမည့် ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်ကို ၀င်ခွင့်မပြုနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် နိုင်ငံခြားသားတဦးနှင့် အိမ်ထောင်ဘက်ဖြစ်သူ၊ မြန်မာနိုင်ငံသားမဟုတ်တဲ့သားသမီးတွေရှိသူ ဒေါ်အောင်ဆန်းစုကြည် ကို ၁၉၇၄ အခြေခံဥပဒေအရ ၀င်ခွင့်မပြုတာဖြစ်ကြောင်း ပြောဆိုလိုက်သည်။ ယင်းသို့ပြောဆိုချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားမ၀င်ဟုကန့်ကွက်လိုက်သည်။ ယခုအချိန်တွင် အခြေခံဥပဒေလည်းမရှိ၊ ရွေးကောက်ပွဲဥပဒေ လည်းမရှိဘဲ ပြောဆိုခြင်းမှာ ဥပဒေနှင့်မညီ၊ တရားလည်းမ၀င်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် မွေးရာပါနိုင်ငံသားစစ်စစ်ဖြစ်ကြောင်း ကန့်ကွက်ချက်တွင်ဖော်ပြထားသည်။

အာဆီယံသောက
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဂျော့ယိုးက နအဖက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲအ၀င်မခံဘူးဟုပြောဆိုတာသည် လက်ရှိကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း၊ ဒေသတွင်း နိုင်ငံရေးအခင်းအကျင်း၊ မြန်မာနိုင်ငံအခြေအနေတို့နှင့် အံဝင်ခွင် ကျမဖြစ် လွဲချော်နေကြောင်းဝေဖန်လိုက်ပါသည်။ အာဆီယံကလည်း ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲဝင်ခွင့်မပေးဟုဆိုသည့်အပေါ် စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုပါသည်။

တေဇ-လောစစ်ဟန်…
ဖေဖော်ဝါရီ ၅ ရက်နေ့က စီးပွားလုပ်ငန်းရှင်ဦးတေဇနှင့်အပေါင်းပါများကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပြီး၊ ၂၆ ရက်နေ့တွင် အေရှားဝါးလ်စီးပွားအုပ်စုပိုင်ရှင် လောစစ်ဟန်နှင့် သားဦးထွန်းမြင့်နိုင်တို့ကို ထပ်မံအရေးယူလိုက်ပါသည်။ မြန်မာနိုင်ငံတွင် နအဖက ဒီမိုကရေစီနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မလုပ်ဆောင်၍ အမေရိကန်အစိုးရက စစ်ဗိုလ်ချုပ်များ၊ ၎င်းတို့နှင့်ပုလဲနံပစီးပွားရေးသမားများကို တိုက်ရိုက်ဒဏ်ခတ်မှုများတိုးမြင့်လုပ်ဆောင်၏လျက်ရှိသည်။ ယခုအရေးယူမှုတွင် အေရှားဝါးလ် စက်မှုလုပ်ငန်းများ၊ အေရှားလိုက်ကုမ္ပဏီအုပ်စု၊ အေရှားဝေါသီလ၀ါဆိပ်ကမ်းလုပ်ငန်းနှင့် စင်ကာပူအခြေစိုက်ကုမ္ပဏီဆယ်ခုလည်းပါဝင်သည်။ ဦးတေဇပိုင်ထူးကုမ္ပဏီ၊ ပုဂံလေကြောင်း၊ အောရီယံပဲလေ့ဟိုတယ်၊ မြန်မာထရာရှာအပန်းဖြေစခန်းနှင့် ဆက်စပ်ကုမ္ပဏီများကို ဒဏ်ခတ်ပြီးဖြစ်သည်။

လောင်မီးကျလျက် တိုင်းပြည်ပျက်
၂၅ ရက်နေ့က မန္တလေးမြို့၊ ရတနာပုံဈေးကြီးတခုလုံးလိုလို မီးလောင်ခဲ့သဖြင့် ဆိုင်ခန်း၊ ရုံးခန်း၊ စာသင်ခန်း စုစုပေါင်း ၁၆၀၀ ကျော်ခန့် ပျက်စီးဆုံးရှုံးသွားသည်။ ငါးထပ်အဆောက်အအုံ၏ ဒုတိယထပ်အတွင်းပိုင်းမှ မီးစတင်လောင်ကျမ်းပြီး အထပ် အားလုံးသို့ ကူးစက်ခဲ့သည်။ မီးငြိမ်းရန် ဈေးအတွင်းသို့မ၀င်ရောက်နိုင်ဘဲ ထပ်မြင့် အဆောက်အအုံများအတွက် မီးသတ်ပစ္စည်းနှင့် နည်းပညာမပြည့်စုံသဖြင့် အားလုံးကုန်သည့်တိုင် တနေကုန်လောင်ကျွမ်းသွားရခြင်းဖြစ်သည်။ အဆိုပါမီးကြောင့် သိန်းပေါင်း သန်းဂဏန်းမျှဆုံးရှုံးသွားခဲ့သည်ဟုဆိုပါသည်။ ၎င်းတနေ့တည်းမှာပင် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရေအုတ်ကန်ကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်၊ တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့တွင် ၁၅၀ ကျော်မီးလောင်ပျက်စီးခဲ့သည်။
မြန်မာနိုင်ငံအနှံ့ မီးလောင်မှုများမှာ ၂၀၀၅ ခုနှစ်က ၈၃၅ ကြိမ်၊ ၂၀၀၆ ခုနှစ်က ၈၃၃ ကြိမ်၊ ၂၀၀၇ ခုနှစ်က ၉၄၄ ကြိမ်ရှိခဲ့ကြောင်းသိရသည်။ လျပ်စစ်မီးပုံမှန်မရခြင်းကြောင့် လောင်စာဆီဖယောင်းတိုင်တို့မှ မီးလောင်မှုအများဆုံးဖြစ်ရပြီး မီးသတ်ဌာန၏ ခေတ်မမီမပြည့်စုံခြင်းမှာလည်း အကြောင်းရင်းတခုဖြစ်သည်ဆိုသည်။

ပုဒ်မလှည့်…
၈၈ ကျောင်းသားခေါင်းဆောင်များကို နောက်ဆုံးသတင်းပတ်တွင်း၌ ပုဒ်မ ၅/၉၆ ဖြင့် ပြောင်းလဲ၍ တရားရုံးတွင် ရမန်ထပ်ယူလိုက်သည်။ ယမန်နှစ် သြဂုတ်လက လောင်စာဆီဈေးနှုန်းမြင့်တက်မှုကို ကန့်ကွက်လမ်းလျောက်ဆန္ဒပြသဖြင့် ဖမ်းဆီးခံထားရသော မင်းကိုနိုင်အပါအ၀င် ခေါင်းဆောင်များကို မကြာသေးမီက ပုံနှိပ်ဥပဒေပုဒ်မ ၁၇/က ဖြင့် တရားစွဲထားရာမှ၊ ယခု အမျိုးသားညီလာခံကာကွယ်သည့် ဥပဒေ ၅/၉၆ ဖြင့် ပြောင်းလဲစွဲဆိုလိုက်ခြင်း ဖြစ်သည်။ အလားတူ နိုင်ငံရေးလှုပ်ရှားမှုဖြင့် ဖမ်းဆီးခံထားရသူများကိုလည်း ပုဒ်မတခုမှတခုသို့ ပြောင်းလဲစွဲဆိုရမန်ယူကာ ဆက်လက်ဖမ်းဆီးထားလျက်ရှိနေသည်။ ယင်းသို့လုပ်ဆောင်ပုံမှာ လူဆိုးများကို ဂတ်လှည့်သလို ပုဒ်မလှည့်ခြင်းဖြစ်သည်။ ပုဒ်မတမျိုးနှင့်စွဲချက်တင်လိုက်၊ ရမန်ယူလိုက်၊ ပြန်ရုတ်သိမ်းလိုက်၊ နောက်ပုဒ်မတမျိုးဖြင့်ပြောင်းတင်လိုက်၊ ပြန်ရုတ်သိမ်းလိုက်လုပ်နေခြင်းဖြစ်သည်။ ရမန်တခါယူလျင် ၁၄ ရက်ဖြစ်ကြီး၊ ရမန်ကြီး နှစ်ခါယူလျင် ၂၈ ရက် ဖြစ်သည်။ သို့ရာတွင် ရုတ်သိမ်းပြီးပုဒ်မဖြင့် ပြန်လည်စွဲချက်မတင်နိုင်ကြောင်း ဥပဒေသမားများကထောက်ပြပါသည်။

ဘေကျင်း ဘေကျင်း မှောက်-မှောက်
တရုတ်နိုင်ငံဘေကျင်းတွင်ကျင်းပမည့် အိုလံပစ်အားကစားပွဲကို သပိတ်မှောက် ရန် ၈၈ မျိုးဆက်ကျောင်းသားများက ၂၇ ရက်နေ့က နှိုးဆော်လိုက်သည်။ တရုတ်အစိုးရသည် မြန်မာပြည်သူလူထုအား အကာအကွယ်ပေးရမည့်အချိန်တွင် ပြည်တွင်းရေးပြဿနာဟု အကြောင်းပြလက်ရှောင်နေပြီး၊ နအဖစစ်အုပ်စုကိုမူ အထောက်အပံ့နှင့်အကာအကွယ်ပေးနေသည်ကို နိုင်ငံတကာအစိုးရများနှင့် ကမ္ဘာ့ပြည်သူများသိရှိစေရန် ဘေကျင်းအိုလံပစ်အား သပိတ်မှောက်ရန်နှိုးဆော်ရခြင်းဖြစ်သည်။ လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးဆုံးဖြတ်ချက်ကို တရုတ်က ဗီတိုသုံးကန့်ကွက်ပြီးနောက်ပိုင်း နအဖက ပြည်သူလူထုကိုပိုမိုဖိနှိပ်လာကြောင်း၊ တရုတ်က နအဖကို အကာအကွယ်ပေးနေကြောင်းပြောပါသည်။

ရင်မခုန်ည
စုစုပေါင်း ရုပ်ရှင်ဇာတ်ကား ၁၁ ကားတိတိ ထုတ်လုပ်ရုံတင်ခဲ့သည့် ၂၀၀၆ ခုနှစ် အတွက် အကယ်ဒမီရွှေစင်ဆုပေးအပ်ပွဲကို ယခုလ ၇ ရက်နေ့က ကြပ်ပြေးတွင် ကျင်းပခဲ့ရာ တစ်ပေးခံထားရသည့်စာရင်းအတိုင်း ဆုများကို အသီးသီး အတိအကျ ရရှိသွားကြပါသည်။ ဇာတ်ကား ၄ ကားက ဆု ၁၁ ဆုကို ခွဲဝေယူရာတွင် ‘ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ’က အမျိုးသားဇာတ်ဆောင်(ရန်အောင်)၊ ‘တောင်သမန်သစ္စာ’က အမျိုးသမီးဇာတ်ဆောင်(နန္ဒာလှိုင်)˜ အသံ˜ ဇာတ်ညွှန်း၊ ‘ပန်းပျိုးသူတို့ အလင်္ကာ’က ဇာတ်ပို့(မ)˜ ဓာတ်ပုံ၊ တေးဂီတ၊ ‘မျော်လင့်ခြင်းများစွာ’က ဒါရိုက်တာ (မောင်မျိုးမင်း)၊ ဇာတ်ပို့(ကျား)၊ တည်းဖြတ်ဇာတ်ကားဆုတို့ ရရှိသွားကြပါသည်။

မီဒီယာထိုးစစ်
ဖေဖော်ဝါရီတတိယပတ်အတွင်းက မြန်မာနေးရှင်းဂျာနယ်မှ အယ်ဒီတာဦးသက် ဇင်နှင့် မန်နေဂျာဦးစိန်ဝင်းမောင်တို့ကို ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပြီး၊ ဂျာနယ်တိုက်ကိုလည်း ၀ရမ်းမပါဘဲနှစ်ကြိမ်ရှာဖွေခဲ့သည်။ မည်သည့်အကြောင်းကြောင့် ဖမ်းဆီးရှာဖွေသည်ကို တစုံတရာမသိရဘဲ ၎င်းတို့ကို အင်းစိန်ထောင်သို့ပို့လိုက်ပြီး၊ ဂျာနယ်ထုတ်ဝေခွင့်ရမရမသေချာဟုဆိုသည်။ လဆန်းပိုင်းက ‘နေဘုန်းလတ်‘အမည်ရှိ ဘလော့ဂါတဦးကိုလည်း အာဏာပိုင်များက အကြောင်းပြချက်မပေးဘဲဖမ်းဆီးခဲ့သည်။

နားလည်ပါကြောင်း
အိုင်အယ်အိုနှင့် နအဖအကြား အဓမ္မလုပ်အားခိုင်းစေမှုနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ရန် နားလည်မှုစာချုပ်ကို နောက်ထပ်တနှစ် သက်တမ်းတိုးလိုက်ပါသည်။ ၂၇ ရက်နေ့က အိုင်အယ်အို အမှုဆောင်ညွှန်ကြားရေးမှူး ကာရီတာပီယိုးလားနှင့် မြန်မာအလုပ်သမားဝန်ကြီးတို့တွေ့ဆုံခဲ့ပြီး၊ အလုပ်သမားကိစ္စ အိုင်အယ်အို သို့တိုင် ကြားမှုနှင့်ပတ်သက်၍ အဖမ်းခံထားရသူများနှင့်လည်းတွေ့ဆုံခဲ့သည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More