ပလုံပွက်လိုက်၊ ခုန်တက်လိုက်နဲ့
အမှိုက်သရိုက်၊ အလိုက်အထိုက်
အမြိုက်ဘုံမြောက်၊ အသိုက်အုံဖောက်နေသူ တချို့။
ဘော်တွင်းမြင့်မှာ လှော်ရင်းနစ်နေသူတချို့။
တော်လှန်ရေးဟု၊ အော်သံပေးကာ
အပျော်ကြံပြေးကြသူ တချို့။
ကာလအလျောက် မာနမြောက်
ကြောက်သွေးကြွလို့ ခေါက်ကွေးကျကာ
လောက်လေးခွစာ အပစ်ခံရသူ တချို့။
ပန်းကုံးစွပ်ခံရရာမှ ကြိုးကွင်းစွပ်ခံရသူ တချို့။
ခံရလွန်းလို့အသားသေ နွားသားရေလို အခွံထူ
လွန်ပူနဲ့ဖောက်တောင် မပေါက်
အခေါက်ထူထူနဲ့ မကြောက်သူလဲ တချို့။
ဟန်ဆောင်ချစ်နဲ့ အဆံမအောင်
သံကြောင်ဟစ်သူကလဲ တချို့။
အခက်အခဲတွေ့တိုင်း အရောင်ပြောင်း
အောင်မောင်းလို တောင့်မထားနိုင်တဲ့
သကောင့်သားတွေကလဲ တချို့။
ဤလူ့ဘုံ၌ ရောင်စုံများနိုင်လှပါဘိ။
ဘ၀ထွေပြား တို့လူသားကို
နားလည်သိရှိ သတိမြဲမြဲ
လုံ့လဇွဲနဲ့ တိုက်ပွဲဆက်ဆက်
ရဲရဲတက် တို့ဘက်သားတွေ အသင်္ချေ
မြန်မာ့ရွေမြေ တို့အောင်မြေ။
တင်မိုး
၂၈-၁၁-၂၀၀၁
(အိမ်မက်တိုင်းပြည် ကဗျာစာအုပ်မှ)
0 comments:
Post a Comment