အ.ထ.က(၂)ဗိုလ်တထောင်ကျောင်းသားတဦး
ကျနော်တို့သားအဖသုံးယောက် R.I.Tအုတ်ရိုးကိုကျော်ပြီး ကျောင်းဝင်းထဲရောက်တော့ သုံးနာရီခွဲလောက်ရှိမည်ထင်သည်။ အရာအားလုံးသည် အသက်မရှိသည့် အလား တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ ထို့အတူ မ တရားပစ်ခတ်ထားသော မျက်ရည်ယိုဗုံးများ၏အရှိန် ကြောင့် ပတ်ဝန်းကျင်တခုလုံး မြူများဖုန်းလွှမ်းထားသလို ဖြစ်နေသည်။
ပုံမှန်မဟုတ်သော ကျောင်းသွားချိန်ဖြစ်နေသော ကြောင့် အိပ်ရေးမ၀ဖြစ်နေခြင်းကြောင့်လည်းကောင်း၊ မျက်ရည်ယိုဗုံး၏ အငွေ့များကြောင့်လည်းကောင်း၊ မျက်လုံးများက သိပ်မဖွင့်ချင်။
ထို့ကြောင့် ချော်မလဲအောင် မနည်းသတိထား၍သွားနေရသည်။ နည်းနည်းစိတ်ချရသည်က ဒီလမ်းသည် ကျနော်တို့အတွက် နေ့တိုင်းသွားနေကျလမ်းဖြစ်၍ ဘယ်နေရာတွင်ဘာရှိသည်ဆိုသည့်အချက်ကို အကြမ်းဖျင်းသိနေကြသလို အိမ်မှာမွေးထားသော ခွေးနှစ်ကောင်ကလည်း ကားဂိတ်အထိလိုက်ပို့နေကြ။
လှမ်းလျောက်ရင်း အမေပြောလိုက်သည့်စကားများကို ပြန်လည်ကြားယောင်နေမိသည်။
'ညက ကျောင်းသား တွေဆန္ဒပြတဲ့အသံများကြားရကြောင်း၊ ထို့နောက် ပစ်ခတ်သံတွေလည်း ဆက်တိုက်ကြားရကြောင်း၊ မျက်ရည်ယိုဗုံးများ အသုံးပြုထားသည်မှာ ရပ်ကွက်ထဲ(အရှေ့ကြို့ကုန်း)အထိပျံ့နှံ့နေကြောင်း၊ ဒီအတိုင်းဆိုလျင် အခြေအနေကောင်းမည်မထင်ကြောင်းနှင့် စာမေးပွဲသွားဖြေဖို့အတွက် စောစောသွားဖို့အကြောင်း'ပြောသည်။
ထို့နောက် အမေကထပ်ပြောသည်မှာ 'အကယ်၍ လမ်းမှာ အခက်အခဲတစုံတရာတွေ့ခဲ့လျင် ဘုရား တရား ကိုအာရုံပြုလျက် အေးအေးဆေးဆးဖြေရှင်းရန်'နှင့် "အ မေကိုယ်တိုင်လည်း ဘုရားရှေ့တွင် ဘေးမသီရန်မခဖြစ်အောင် ဆုတောင်းပေးမည်…"ဟု အားပေးစကားပြောပါ သည်။
"သားကြီး၊ ဖြည်းဖြည်းသွားကွ။ ချော်လဲဦးမယ်…"
လောလော လောလောသွားတက်ော ကျနော့်ကို ချော်လဲမည်စိုး၍ သတိပေးလိုက်သော အဖေ့စကားသံကြားမှ အတွေးများရပ်သွားသည်။
အဖေ့စကားသံလည်းအဆုံး အိမ်ကခွေးနှစ်ကောင်၏ဟောင်သံနှင့်အတူ-
"လူသံကြားတယ်ဟေ့။ ရပ်ကွက်ထဲကလူတွေလားမသိဘူး…"ဆိုပြီး ကျောင်းသားကြီးများအချင်းချင်း လှမ်းသတိပေးသံကို အတိုင်းသားကြားလိုက်ရသည်။
ထုံးစံအတိုင်း နေရာတကာစပ်စပ်စုစုနှင့် ရှေ့ကနေဦးဆောင်သွားတက်သောကျနော်က-
"ကျနော်တို့ပါ။ ကျောင်း သားတွေပါ…"ဟု အသံပြုရင်း အသံကြားလိုက်သောဘက်သို့ မျက်လုံးကို မနည်းပြူးပြဲ၍ ကြည့်မိလိုက်သည်။
ပထမဆုံးတွေ့လိုက်ရသည်က ကျနော့်ဘေးနားကနေ ဗြုန်းဆိုပေါ်ထွက်လာသော အကိုကြီး(R.I.Tကျောင်း သားကြီး)တယောက်။ ရုတ်တရက် ကျနော်ရော၊ ကျနော့် ခွေးပါလန့်သွားသည်။ ထို့နောက် ဟိုနေရာသုံးလေးယောက် ဒီနေရာသုံးလေးယောက်နှင့် စုစုပေါင်း အယောက်အစိတ်ကျော်လောက်ရှိမည်ထင်သည်။ အတိအကျတော့မသိ။ ပထမဦး ဆုံးစတွေ့သောအကိုကြီးက-
"ငါ့ညီ၊ မင်းခွေးတွေကို ထိန်းပါဦး…"
'ဟုတ်ကဲ့…'ဟု ပြန်လည်ဖြေကြားပြီး ကျနော့်ခွေးနှစ်ကောင်ကို လှမ်းတားလိုက်သည်။
ထိုအကိုကြီးက-
"ငါ့ညီတို့က ဘယ်ကျောင်းကလဲ။ ဘယ်အထိတောင်သွားရမှာမို့လို့ စောစောစီးစီးထွက်လာရတာလဲ…"ဟု မေးပါသည်။
သို့ရာတွင် ကျနော်တို့ကိုကြည့်ပြီးမေးသော ထိုအကိုကြီး၏မျက်လုံးမှာ ကြောက်စရာကောင်းလောက်အောင် ရဲတွက်၍နေပါသည်။ ထို့အတူ သူကိုယ်တိုင်လည်း သူ့ မျက်လုံးကို လက်ကိုင်ပုဝါနှင့် မကြာခဏအုပ်နေရသလို ကျနော်တို့ကလည်း ထိုအကိုကြီးကို သေသေချာချာ မကြည့်နိုင်။ အဘယ်ကြောင့်ဆိုသော် မျက်ရည်ယိုဗုံး၏အငွေ့များမှ္မာ၏၍၏ဤ ကျောင်းရှေ့ အ၀င်အ၀ဂိတ်နားရောက်လေလေ ပို၍များပြားလေဖြစ်သည်။
ကျနော်ကစတင်၍ 'ကျနော်တို့သည် အ.ထ.က ၂ ဗိုလ်တထောင်ကျောင်းသားများဖြစ်ကြောင်း၊ ဒီနေ့သည် အတန်းတင်စာမေးပွဲ စတင်ဖြေရမည့်နေ့ဖြစ်သောကြောင့် သွားဖြေရန်အလို့ငှာ ထွက်လာခြင်းဖြစ်ကြောင်း' ပြော၍ ကားဂိတ်သွားခွင့်ပြုရန် ခွင့်တောင်းပါသည်။
ထိုအခါ အကိုကြီးတယောက်က "ညက ငါတို့ ကျောင်းသားတချို့နှင့် ဟိုဘက်ရပ်ကွက်(အနောက်ကြို့ကုန်း)ကလူတွေနှင့် ရန်ဖြစ်ရာမှစပြီး လူအင်အားများလာကာ စစ်ခွေး(ထိုခေတ်တုန်းက မ.ဆ.လ၏ လုံထိန်းတပ်ဖွဲ့ကို 'စစ်ခွေး'ဟု ခေါ်ဝေါ်သုံးနှုန်းပါသည်)များ၏ ပစ်ခတ်မှုကြောင့် ငါတို့ကျောင်းသားတဦး ကျဆုံးသွားကြောင်း၊ ထို ကိစ္စကိုမကျေနပ်လို့ ယ္ခုအထိဆန္ဒပြနေကြခြင်းဖြစ်ကြောင်း၊ ငါတို့ကိုယ်တိုင်လည်း ကျောင်းရှေ့တွင် မာစတာဂျစ်တစီးကို မီးရှို့ထားကြောင်း၊ ကျောင်းရှေ့တွင် စစ်ခွေးများ လက်နက်အပြည့်အစုံနှင့် စောင့်လျက်ရှိကြောင်း၊ ထို့အတွက်ကြောင့် ကားလမ်းများပိတ်ထားမှာဖြစ်ကြောင်းနှင့် စာမေးပွဲသွားဖြေဖို့အတွက် လွယ်မည်မထင်ကြောင်း" စိုး ရိမ်ပူပန်သော စိတ်နှင့်တားပါသည်။
ဤနေရာတွင် တခုတင်ပြလိုသည်မှာ စာမေးပွဲသွားဖြေရခြင်းအကြောင်းဖြစ်ပါသည်။
အမှန်အတိုင်းဝန်ခံရလျင် ကျနော်တို့မိသားစုသည် ထိုအချိန်တုန်းက မျက်နှာမွဲ'နင်းပြား' ဆင်းရဲ သားလူတန်းစားများဖြစ်သည်။ ယခင်ကမချမ်းသာခဲ့ပေမဲ့ ယ္ခုရောဟုဆိုလျင် 'ထိုနည်းလည်းကောင်း'ဟုပြောရပါလိမ့်မည်။ (သနားအောင် ငိုပြနေခြင်းမဟုတ်ပါ)သို့သော် ကျနော်တို့ မိသားစုမှာချမ်းသာသည်က-အမှန်တရားကိုချစ်မြတ်နိုးသောစိတ်ဓါတ်နှင့် ထိုအမှန်တရားအတွက် မမှန်သေသူများ၏ဖိနှိပ်မှုအပေါ် အညံ့မခံအရှုံးမပေးဘဲ ရင်ဆိုင်တွန်း လှန်တတ်သော ဇွဲသတ္တိနှင့်မာန။
ထိုကိစ္စနှင့် 'စာမေးပွဲသွားဖြေမည့်အကြောင်း ဘာဆိုင်လို့တုန်း'ဟု မေးစရာရှိနိုင်ပါသည်။ အဖြေမှာ 'ကျနော့်အား အတန်းတင်စာမေးပွဲကျမှသိမည်'ဟုပြောသော အတန်းပိုင်ဆရာမ၏စကားကို မခံချင်သောကြောင့်ဖြစ်သည်။ အကျဉ်းချုံးဖော်ပြရလျင် ကျနော်နှင့်ကျော်ဇော(ယ္ခုသြစတြေးလျရောက်နေသူ)လူရည်ချွန်အရွေးခံရမှုအပေါ် အတန်းပိုင်ဆရာမ၏ 'လိုတရ'တပည့်ကျော်(နာမည်မဖော်ပြတော့ပါ)က မကျေနပ်သဖြင့် သက်သက်မဲ့ပြသနာရှာကာ ကွန်ပါချွန်နှင့် ပေါက်ရာမှစပါသည်။
ကံကောင်း၍ မျက်လုံးမကန်းခြင်းဖြစ်သည်။ ဒဏ်ရာကတော့ ယနေ့ထက်တိုင် ရှိနေဆဲဖြစ်သည်။ ထိုကိစ္စကို အတန်းပိုင်ဆရာမသိသောအခါ 'ကျနော်မကောင်းလို့'ဟု ပြော၍ ရိုက်နှက်ဆုံးမပါသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးအထိရောက်ပြီး မိဘခေါ်ခိုင်းသည့်အထိဖြစ်ကြပါသည်။ နောက်ဆုံး ဟိုဘက်မိဘများက ကျေရာကျေ ကြောင်းတောင်းပန်သဖြင့် ပြသနာရှင်းသွားသောလည်း အတန်းပိုင်ဆရာမက မကျေနပ်သောကြောင့် အခန်းထဲ တွင်"အတန်းတင်စာမေးပွဲကျမှသိမည်"ဟု ကြိမ်းသောကြောင့် သွားဖြေခြင်းဖြစ်သည်။
ခုနကအကြောင်းကိုဆက်ရလျင် ထိုကျောင်းသားကြီးများ စိုးရိမ်သောကြောင့်ပြောသော်လည်း ကျနော်တို့မှာ ကိုယ့်အကြောင်းနှင့်ကိုယ်မို့ မဖြစ်ဖြစ်အောင်သွားရမှာဖြစ်သည်။ ထို့ကြောင့် ကျောင်းကိုရောက်ဖို့အတွက် ဘယ်လိုသွားရမည်လဲဆိုသည့်အချက်ကိုပဲ အဓိကထား၍ စဉ်းစားခဲ့တော့သည်။ နောက်ဆုံးရရှိသည့်အဖြေမှာ ကျိုက်ကလား(ခ၀ဲခြံ)ဖက်မှဖြတ်ထွက်လျင် အဆင်ပြေနိုင်ကြောင်းသိရသည့်အတွက် အဲဒီ့ဘက်သို့သွားရန် သားအဖသုံး ယောက်စလုံး ခြေလှမ်းပြင်ရတော့သည်။
ထိုအခါ ပထမဦးဆုံးစတွေ့ခဲ့သော အကိုကြီးက-
"ငါညီ၊ မင်းတို့အနေနဲ့ မဖြစ်မနေစာမေးပွဲသွားဖြေမယ်ဆိုရင်တော့ မှာလိုက်ချင်တယ်။ အဲဒါကတော့ အကိုတို့ ကျောင်းသားတယောက်ကို စစ်ခွေးတွေပစ်သတ်လို့ ကျဆုံးသွားပြီဆိုတဲ့အကြောင်းနဲ့ ဒီကိစ္စအတွက် ဆန္ဒပြမယ်ဆိုတဲ့အကြောင်းကို ကျောင်းမှာရှိတဲ့ မင်းသူငယ်ချင်းတွေကိုပြောစေချင်တယ်။ အကယ်၍ အကိုတို့ဆန္ဒပြခဲ့ရင် ငါ့ညီတို့ကျောင်းသားတွေလည်း ပူးပေါင်းပါဝင်စေချင်တယ်။ ပိုပြီးသံသယရှင်းအောင် အကိုတို့ ကျောင်းသားကျဆုံးခဲ့တဲ့နေရာလိုက်ပြမယ်…"ဟုပြောသည်။
ထို့နောက် ကျဆုံးသွားသော 'ကိုဖုန်းမော်'(ထိုအချိန်က ကျဆုံးသွားသော ကျောင်းသား၏အမည်မှာ 'ကိုဖုန်းမော်'ဟုမသိခဲ့ပါ)နေရာကို လိုက်ကြည့်ဖို့ခေါ်ပါသည်။
ကျနော်တို့မကြည့်ရဲပါ။ ကြည့်နိုင်လောက်သည့်အင် အား(သတ္တိ)မရှိပါ။ ကျနော်ကြည့်မိသည်က နာကျည်းစိတ်ဖြင့်ပြောနေသော ထိုအကိုကြီး၏မျက်လုံးကိုသာဖြစ်သည်။ ယနေ့အချိန်အထိ မေ့ပျောက်လို့မရပါ။ ထိုကြောင့် 'မ ကြည့်တော့ဘူး'ဟုပြောပြီး၊ "မှာလိုက်သည့်စကားကိုတော့ ပြောဖြစ်အောင်ပြောပါမည်"ဟု ကတိပေးခဲ့ကာ ကျောင်းသို့ရောက်အောင်သွားနိုင်မည့် ကျိုက်ကလားဖက်သို့ သားအဖသုံးယောက်စလုံး ခြေလှမ်းသုတ်သုတ်နှင့် လျောက်ကြပါသည်။
ထိုနေရာအရောက်တွင် ကျနော်တို့သားအဖသုံးယောက်စလုံး လုံးဝမထင်ထားသော မြင်ကွင်းနောက်တခုကိုတွေ့လိုက်ရသည်။ လည်းကောင်းမှာ ကျိုက်ကလားနှင့်နီးသော ဘောလုံးကွင်းထဲတွင် လူအယောက်ခြောက်ဆယ်ကျော်(အတိအကျတော့မပြောနိုင်ပါ။ ခုနကဆန္ဒပြနေကြသောကျောင်းသားများထက် နှစ်ဆကျော်ကျော်လောက် များတာသေချာသည်) စုပေါင်း၍ထိုင်နေကြသည်ကို မျက်ဝါးထင်ထင်တွေ့ မြင်လိုက်ရသည်။ တချ›ိုမှာ စောင်ခြုံထားကြသည်။
"ဘာလုပ်နေကြတာလဲ…"ဟု ကျနော်က မသိသဖြင့် မေးလိုက်သည်။
အသက်ကြီးကြီး လူကြီးတယောက်(ကျောင်းဆရာဖြစ်မည်ထင်သည်)ထလာပြီး 'ညက ဟိုကောင်တွေဆူလို့ ပြဿနာတက်ကုန်ကြကြောင်း၊ စစ်သားတွေလည်း ကျောင်းထဲသို့ရောက်လာကြောင်း၊ မျက်ရည်ယိုဗုံးများနှင့်လည်း ကျောင်းထဲသို့အပစ်ခံရကြောင်း၊ အဖမ်းခံမည်စိုးသောကြောင့် အဆောင်ထဲတွင်မနေဘဲ ဒီမှာလာ၍ ရှောင်နေကြကြောင်း'အစရှိသည်ဖြင့်ပြောပါသည်။
ထိုလူကြီးစကား ဆုံးသောအခါ ထိုင်နေသောအုပ်စုထဲမှ အကိုကြီးနှစ် ယောက်ထလာပြီး ထိုအထဲမှ တယောက်က-
"ဒီကောင်တွေသောင်းကျန်းတာအကြောင်းမဟုတ်ဘူး။ သူတို့ကြောင့် ကျောင်းပိတ်ခံရရင် အားလုံးဒုက္ခရောက်ဦးမယ်…။ မင်းတို့တောင် ကျောင်းသွားဖို့ အခက်အခဲဖြစ်နေ ပြီမဟုတ်လား…"ဟု အပြစ်တင်သံနှင့်ပြောဆိုပါသည်။
အမှန်တိုင်းဝန်ခံရလျင် ထိုအချိန်တုန်းက ဘယ်သူ့စ ကားသည်မှန်၍ ဘယ်သူ့စကားမှားသည်ဆိုသောအချက်ကို ဝေခွဲ၍မရခဲ့ပါ။ သေချာသည်က ထိုအကိုကြီးပြောနေသောစကားများသည် လတ်တလောကြုံတွေ့နေရသော ကျနော်တို့အတွက် မှန်နေသည်။ သို့သော် စဉ်းစားမရ သည်က-
"မိမိကျောင်းသားများနှင့် ပြသနာဖြစ်ပွားနေသည့်အချိန်တွင် ကျောင်းသားများဖြစ်နေကြပြီး ဘာကြောင့် အတူတကွဝိုင်းဝန်း၍ မပူးပေါင်းမလုပ်ဆောင်ကြသလဲ…´"ဆိုသည့်အချက်နှင့်
"လက်နက်မဲ့သော မိမိကျောင်းသားတဦးအား လက်နက်ရှိသော'စစ်ခွေး'များက မတရားသဖြင့် အနိုင်ကျင့်ပစ်ခတ်ခဲ့မှုအပေါ် 'ကျောင်းသားစိတ်ဓါတ်'ထားပြီး ဆန့်ကျင်ဆန္ဒပြမျိုးမရှိကြပဲ၊ ဆန့်ကျင့်ဆန္ဒပြနေသည့် ကိုယ့်ကျောင်းသားများ အပေါ် ဘာကြောင့်အပြစ်ပြောဆိုရသလဲ´"ဆိုသည့်အချက်။
ထို့နောက် ကျနော့်အာရုံထဲမှာပေါ်လာသည်က နာကြည်းစိတ်ဖြင့် ကျနော်တို့ကိုမှာလိုက်သော စကားလုံး များနှင့် မျက်လုံးများ။
ဆက်မစဉ်းစားတော့ပါ။ အရေးကြီးသည်က ကျောင်းရောက်ဖို့ဖြစ်သည်။ နာရီမေးလိုက်တော့ 'ငါးနာရီထိုးဖို့ ဆယ်မိနစ်လောက်ဘဲလိုတော့သည်'ဟု သိရသည့် အတွက် လေကြောရှည်မနေတော့ပဲ ကျောင်းရောက်ဖို့ ကြိုးစားရတော့သည်။
ပထမဦးဆုံးရင်ဆိုင်ရသည်က ကျောင်းအုတ်ရိုးကိုကျော်နိုင်ဖို့။ ၎င်းဖက်အခြမ်းသည် ကျနော်တို့ဖက်အခြမ်းကလူတွေလ္မို၏၍၏ဤကျောင်းထဲသို့ အုတ်ရိုးကျော်၍မသွားကြ။ အဆိုပါရပ်ကွက်သည် လူချမ်းသာများနေထိုင်သောရပ်ကွက်ဖြစ်သည်။
ထို့အတွက်ကြောင့် သံဆူးကြိုးများအပြည့်ရှိသည်။ ထို့ ကြောင့် ထိုင်နေသောအကိုကြီးများကိုလှမ်းခေါ်၍ အကူအညီတောင်းရသည်။ ကူညီပေးကြပါသည်။
ကျနော်တို့သား အဖသုံးယောက်စလုံး အုတ်ရိုးပေါ်အတိရောက်အောင် တွန်းတင်ပေးကြသည်။ အုတ်ရိုးပေါ်သို့ရောက်သွားသော်လည်း ဗြုန်းစားကြီးခုန်ဆင်းလို့မရသေး။ အဘယ်ကြောင့် ဆိုသော် အုတ်ရိုးနှင့်ကပ်လျက်ရှိသော ခြံထဲကခွေးများက တစွပ်ထိုးဟောင်၍ ကိုက်ဖို့အတွက် မာန်ဖီနေကြသောကြောင့်ဖြစ်သည်။
ကျနော်တို့သားအဖသုံးယောက်ကြောင့် ခြံထဲမှလူများနိုးလာကြသလို တရပ်ကွက်လုံးလည်း နိုးကုန်ကြသည်။
"ကျနော်တို့သည် အထက်တန်းကျောင်းသားများ ဖြစ်ကြောင်းနှင့် စာမေးပွဲသွားဖြေချင်အတွက် ယခုလိုလုပ်ရခြင်းဖြစ်ကြောင်း"ရှင်းပြပြီး သမိုင်းလမ်းဆုံအထိရောက်အောင် သုတ်ခြေတင်၍ပြေးရတော့သည်။
သမိုင်းလမ်းဆုံရောက်တော့ ခြောက်နာရီထိုးတော့မည်။ လိုင်းကားတစီးမှမရှိ။ ကြားကားများသာရှိပြီး ထိုကားအားလုံးကလည်း လှည်းတန်းအထိ တယောက်'ငါး ကျပ်'ဟုပြောသည်။(ထိုခေတ်တုန်းက အင်းစိန်-ဆူးလေ-ဗိုလ်တထောင် ကားခမှာ တကျပ်ခေတ်ဖြစ်သည်)
ကျနော်တို့ညီအကိုနှစ်ယောက်တွင်ပါသည့်ငွေက တယောက်သုံးကျပ်။ ထို့အတွက်ကြောင့် ကားသမားကို နှစ်ယောက်ပေါင်းငါးကျပ်ထားရန်တောင်းပန်ရသည်။ ကားသမားအ ကိုကြီးကလည်း သဘောကောင်းသဖြင့်ခွင့်ပြုသည်။
လှည်းတန်းရောက်တော့ ခြောက်နာရီခွဲနေပြီ။ ထိုနေရာတွင်လည်း လိုင်းကားများမရှိ။ ကြားကားများသာရှိသည်။ ကားခပေးစရာပိုက်ဆံမလောက်တော့။ ထို့အတွက်ကြောင့် လမ်းပြပုလိပ်အကိုကြီးဆီသွားပြီး အကျိုးအကြောင်းရှင်းပြ၍ အကူအညီတောင်းရသည်။
ထိုအကိုကြီးကောင်းမှုကြောင့် ဗိုလ်တထောင်အထိ လိုက်ပို့ပေးမည့် ကိုယ်ပိုင်ကားတစီးနှင့် လမ်းကြုံလိုက်ခွင့်ရသည်။
ကျောင်းရောက်တော့ စာမေးပွဲဖြေရန် အချိန်သိပ်မလိုတော့။ ကျောင်းသားများဆန္ဒပြကြတယ်ဆိုတဲ့သတင်းကို တစွန်းတစကြားထားပုံရ၍လား၊ ကျနော်တို့ညီအကိုနှစ်ယောက်၏ပုံစံက ပြေးလွှားကျော်ဖြတ်လာရသောကြောင့် လူရုပ်မပေါ်လို့ဘဲလားမသိ။ "ဘယ်လိုဖြစ်တာလဲ…"ဟု ၀ိုင်းမေးကြသည်။
ထိုအခါ ရင်ဆိုင်ကြုံ့တွေ့ခဲ့ရသောအဖြစ်အပျက်များနှင့် မှာကြားလိုက်သော R.I.Tကျောင်းသားအကိုကြီး၏စကားများကို အာဘောင်အာရင်းသန်သန်ဖြင့်ပြောတော့သည်။ ဆရာ ဆရာမတချို့လည်း လာနားထောင်သည်။
ကျနော်ပြောလို့ဆုံးတော့မှ မပြောဖို့တားသည်။
ထို့ အတွက်ကြောင့်ဆက်မပြောတော့။ အဘယ်ကြောင့်ဆို သော် စားမေးပွဲဖြေဖို့ သတိပေးခေါင်းလောင်းသံထိုးနေပြီ။ ထို့နောက် စာမေးပွဲစတင်ဖြေကြားတော့သည်။
သို့သော်- ကျနော့်မျက်စိထဲမှာရော၊ နားထဲမှာပါ ယနေ့အချိန်အထိကြားယောင်မိသည်က စကားလုံးများနှင့် မြင်ကွင်းနှစ်ရပ်။
အ.ထ.က(၂)ဗိုလ်တထောင်ကျောင်းသားတဦး
(ဤအကြောင်းအရာများသည် အ.ထ.က(၂)ဗိုလ်တထောင်တွင် ပညာသင်ကြားခဲ့သော ၉ တန်းကျောင်းသားကျနော်နှင့် ညီဖြစ်သူ ၅ တန်းကျောင်းသားတို့ အတန်းတင်စာမေးပွဲဖြေဆိုရန်အတွက် R.I.Tကျောင်းရှေ့မှတ်တိုင်မှကားစီးရန် ကျနော်တို့၏ဖခင်ကလိုက်ပို့ပေးစဉ် အမှန်တကယ်တွေ့ကြုံမြင်တွေ့ခဲ့ရသော အဖြစ်အပျက်များကို ရေးသားတင်ပြခြင်းဖြစ်ပါသည်)
ဒီမိုကရေစီအရေးတော်ပုံ မုချအောင်ရမည်။
ကျနော်တို့လက်ထက်တွင် အာဏာရှင်စနစ် ကျဆုံးစေရမည်
0 comments:
Post a Comment