သြစတြေးလျားမှာနေတဲ့ ဒုတိယ ဗိုလ်မှူးကြီးအေးမြင့် အမေရိကန် ပြည်ထောင်စုကိုရောက်နေပြီဆိုတာ ကို သတင်းသုံးပတ်လောက် ကတည်းက ကြိုတင်သိရပါတယ်။ ချီကာဂိုကရဲဘော်တွေက ကြိုတင် ပြီးဖုန်းသတင်းပို့ထားလို့ပါ။ ချီကာ ဂိုကမှ အင်ဒီယားနား၊ အဲဒီကမှ နယူးယောက်ကိုလာမယ်။ ကုလသမဂ္ဂရုံးရှေ့မှာ တကိုယ် တော်ဆန္ဒပြပွဲလုပ်မယ်။ သူက ကျနော်ရဲ့ လွတ်လပ် တဲ့အာရှအသံ၊ ရွှေဒေါင်းတောင်အစီအစဉ်ရဲ့ သောတရှင်ပရိသတ်ပါတဲ့…။
ကျနော်က သူကိုမတွေ့သေးပါဘူး။ ဒါပေမဲ့ ကျနော်က သူ့ပရိသတ်ဖြစ်နေတာ ကြာလှပါပြီ။ ကျနော် အသံလွှင့်တာက မနှစ်တနှစ်ကမှစတာပါ။ သူ့အသံ ကျနော်တို့ကြားရတာ ၁၄-၅ နှစ်ကြာပါပြီ။
သူဟာ စစ်တပ်ကို ပြတ်ပြတ်သားသားဝေဖန်နေတဲ့ စစ်တပ်အရာရှိဟောင်းတယောက်၊ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှာ စစ်တပ်က ရဟန်းရှင်လူ၊ ပြည်သူကျောင်းသားတွေကို သေနတ်တွေ နဲ့ သွေးချောင်းစီးအောင်ပစ်သတ်ခဲ့တာ ရှက်စရာ၊ ရင်နာစရာလို့သိမြင်ပြီး တောခိုလာခဲ့တဲ့ တဦးတည်းသော စစ်တပ်အရာရှိအငြိမ်းစားတဦးပါ။
အိန္ဒိယကလာတဲ့ကျောင်းသားတဦးက “ဗိုလ်မှူးကြီးဟာ ပထမဦးဆုံးရောက်လာ တာက အိန္ဒိယကိုပါ။ အဲဒီမှာ အော်အင်ဒီးယားရေဒီယိုက ဦးမောသီရိနဲ့တွေ့ဆုံပြီး အသံလွှင့်ပြောကြားခဲ့တာတွေဟာ သိပ် ကောင်းတာပဲ။ နောက်မှ နယ်စပ်ကိုသွား ပြီး ကျောင်းသားတပ်မတော်ကို စစ်ပညာ သင်ပေးခဲ့တာ။ ကျနော်က အသက်ငယ် နေလို့ သင်တန်းတက်ခွင့်မရခဲ့ဘူး။ သိပ် တက်ချင်တာ…”လို့ ပြန်ပြောကြပါတယ်။
ကျနော်ကတော့ ဂျပန်ပြည်က ဗမာလူ ငယ်တွေထုတ်ဝေတဲ့ Voice of Burmaစာစောင်မှာ သူ့ဆောင်းပါးတွေ ကြိုကြားကြိုကြားဖတ်ခဲ့ရဖူးပါတယ်။ ဗိုလ်မှူးကြီးက အမြဲရေးတာပါ။ ကျနော်က ကိုယ့်အခက် အခဲနဲ့ကိုယ် မှန်မှန်မဖတ်နိုင်ခဲ့တာပါ။ သူ့ ဆောင်းပါးတွေမှာ အမြဲလိုလိုပါလေ့ရှိတဲ့ စာကြောင်းတချို့ကို ၂၀၀၅ ခုနှစ်၊ မတ်လ ၆ ရက်ကထုတ်တဲ့ Voice of Burmaစာ စောင်မှာ နမူနာထုတ်ပြချင်ပါတယ်။
‘တပ်မတော်အစ ဘီအိုင်အေကလို့ဆို ရင် မမှားနိုင်သလို မူလပထမဖခင်အစစ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင် တို့ရဲ့ကျေးဇူးကြောင့် ဒီနေ့ သေချင်းဆိုး အာဏာရူးပိုးဝင်နေတဲ့ ဗိုလ်ယုတ်ကယ်ပါ တို့ ခံစားနေရတာပါ။ ဒုတိယဖခင်လို့ သူ့ ကိုယ်သူမင်္ဂလာယူခဲ့တဲ့ ကျင့်ကြံဖောက် ပြားလော်လည်ခဲ့လို့ တပ်မတော်ကြီး သောက်ကျိုးနည်းခဲ့ရတာ’စသဖြင့် ရေးလေ့ရှိပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းတို့ မူလချမှတ်ခဲ့ တဲ့ တပ်မတော်အတွက် အခြေခံမူကြီး ၄ ရပ်ကိုလည်း အလျဉ်းသင့်တိုင်း ဖော်ပြလေ့ရှိပါတယ်။
၁။ နိုင်ငံတော်ကိုကာကွယ်တဲ့တပ်မတော်၊
၂။ ပြည့်သူဆန္ဒနဲ့အညီ နေထိုင်ကျင့်ကြံတဲ့ တပ်မတော်၊
၃။ နိုင်ငံရေးမှာဝင်မစွက်တဲ့တပ်မတော်၊
၎။ တိုင်းပြည်နဲ့ပြည်သူအကျိုးကိုလိုလား တဲ့တပ်မတော်-တဲ့။
အဲဒီမူ ၄ ချက်ကနေ သွေဖယ်ခဲ့လို့ စစ် တပ်အာဏာရှင်စနစ်ပေါ်ပေါက်ခဲ့တာပါတဲ့။
စစ်ဗိုလ်စစ်သားတွေဟာ ဒီလိုစကားတွေကိုပြောဖို့ရေးဖို့ဝေးရော။ သူများ ပြောတာရေးတာတွေကို ကြားရဖတ်ရရင် တောင် သူတို့ကို ချက်ချင်းလက်ငင်း မြေ မျိုမလောက်‘ကြောက်ကျင့်’ပါနေကြတာပါ။
စစ်ဗိုလ်စစ်သားအများစုဟာ နိုင်ငံရေး အမြင်မရှိ၊ စစ်ကျေးကျွန်စိတ်၊ စစ်ကြေးစားစိတ်တွေမှီစွဲကပ်နေကြလို့ တပ်မတော်ကြီးပါမက နိုင်ငံတော်ကြီးပျက်စီးခဲ့ရပုံတွေကို ဗိုလ်မှူးကြီးကထောက်ပြခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းတို့က ဖက်ဆစ်ဂျပန်ကို တော်လှန်တော့မယ်ဆိုတော့ တော်လှန်ရေးတပ်မတော်ကို ပြန်လည်ဖွဲ့စည်းပါတယ်။ ဖက်ဆစ်ကျေးကျွန်၊ စစ်တပ်ပုံစံ၊ ပြည့်သူ့တပ်မတော်ပုံစံကို ပြောင်းပါတယ်။ စစ်တိုင်းတွေဖွဲ့စည်းပြီး တပ်တိုင်းမှာ စစ်ရေးတာဝန်ခံနဲ့နိုင်ငံရေးတာဝန်ခံ (နိုင်ငံရေးမှူး)တို့တွဲဖက်ပြီး စစ်တပ်မဖွဲ့ခင်ကပဲ နိုင်ငံရေးသဘောတရားသင်တန်းတွေကို ပေးခဲ့ကြပါတယ်။
‘ငါတို့လူမျိုးတွေအပေါ်မှာ ဗိုလ်ကျ အုပ်ချုပ်နေတဲ့ တိုင်းတပါးသားတွေကို ပြန် ချကြမယ်’ဆိုတဲ့ သာမာန်မျိုးချစ်စိတ်ဓါတ် မျိုးအဖြစ် ကိုလိုနီနယ်ချဲ›စနစ်နဲ့ ဖက်ဆစ်ဝါ ဒတို့ရဲ့ဇစ်မြစ်ကိုပါ သိစေပါတယ်။
‘ရဲဘော်မသေ၊ သေသော်ငရဲမလား’ ဆိုတဲ့ သွေးတိုးဆောင်ပုဒ်တွေကို သင်မ ပေးဘူး။ ‘ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်’ဆို တဲ့ မင်းဖြစ်ရေးတရားကိုသင်မပေးဘူး။ ‘ရဲဘော်သာတိုင်းပြည်အတွက်၊ တိုင်း ပြည်ဟာရဲဘော်အတွက်မဖြစ်စေရ’လို့သင် ပေးခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းမရှိတော့တဲ့အခါ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ ဂိုဏ်းကဖျက်စီးဖယ်ရှားပြီး နိုင်ငံရေးသဘောတရား မပါတဲ့ စစ်ရေးသမိုင်း၊ စစ်ပွဲသမိုင်း၊ စစ် လက်နက်သမိုင်းတို့ကိုသာ သင်ကြားပေး ခဲ့ကြပါတယ်။ ဒါတွေကို ဗိုလ်မှူးကြီးအေး မြင့်နဲ့ ရိုးသားတဲ့မျိုးချစ်စစ်သားတွေက စိတ်နာခဲ့ကြတာမဟုတ်လား။ ဒါကြောင့် ကြေးစားစစ်တပ်မှာ စစ်ရေးနဲ့မိန်းမပိုးရေးတို့လိုဟာမျိုး တွေမှာ ထူးချွန်သူတွေရှိကောင်းရှိပေမယ့် ပြည့်သူ့တပ်မတော်သားကောင်း စိတ်ဓါတ်ပြည့်ဝသူက တော့ အလွန့်အလွန်ကို ရှားပါးခဲ့ပါတယ်။ စစ်တပ်အရာရှိကြီးငယ်တွေ စည်းလုံးပြီး တော်လှန်ပြောင်းလဲပစ်ကြပါတဲ့…။
ဗိုလ်မှူးကြီးက ဇူလိုင် ၁၃ မှာ နယူး ယောက်ကိုရောက်လာပြီး ဒေါက်တာ သောင်းထွန်းအိမ်မှာ တည်းခိုတယ်လို့ သ တင်းရပေမယ့် ဇူလိုင် ၁၂ ရက်နေ့မှာ ကျ နော့်မျက်စိကို တိမ်ခွဲထုတ်ထားတာဆို တော့ လာတွေ့ချင်ပေမယ့် တွေ့နိုင်တော့ မယ်မထင်တော့ဘူးလို့ အကြောင်းကြား လိုက်ပါတယ်။ ဒါပေမဲ့ ၁၄ ရက်နေ့ကျ တော့ ဒု-ဗိုလ်မှူးကြီးအေးမြင့် ကုလသမဂ္ဂ ရှေ›မှာ တကိုယ်တော်ဆန္ဒပြတယ်။ သက် သက်လွတ်စား၊ သီလယူ၊ ပုတီးစိပ်ပြီး ငြိမ်း ချမ်းငြိမ်သက်တဲ့ ဆန္ဒပြနည်းတဲ့ပြတယ်။ အဲဒါကို နယူးယောက်မြို့ ဘားမားပွိုင့်က စီစဉ်ကူညီတယ်လို့ကြားလို့ သူတို့ကကားတစီးနဲ့ ကျနော့်ကို အကြို့အပို့လုပ်ပေးမယ်လို့ အကြောင်းကြားပါတယ်။
“ဗိုလ်မှူးကြီးက သြစတြေးလျားက တောင်လာရတာ။ ငါက အိမ်ရှင်ဘဲ။ အား ပေးရမှာပေါ့…”လို့ တွေးမိပြီး သူဆန္ဒပြ မယ့် အချိန်မီအရောက်များခဲ့ကြပါတယ်။ ဘားမားပွိုင့်ဦးဝင်းရှိန်(နယူးယောက်မြို့ စာ ပေလုပ်သားဥက္ကဋ္ဌလို့ခေါ်လေ့ရှိတဲ့) ဦးကျော်ဝင်းခေါ်ကလောင်ရှင်ရွှေပြည်စိုးကိုလဲ ၀င်ခေါ်ခဲ့ပြီး ကားနဲ့လိုက်ပို့ပေးပါတယ်။
ကုလသမဂ္ဂရုံးကြီးရှေ›ရောက်တော့ မြန်မာဝတ်စုံနဲ့ ကတုံးဦးပြည်းနဲ့ အသားညိုညိုရဲဘော်ကြီးကို မြင်ရပါတယ်။ သူ့ရှေ့စားပွဲပေါ်မှာ ဗုဒ္ဓဆင်းတုငယ်တဆူနဲ့ နှင်း ဆီနီပန်းအိုးကြီးတလုံးချထားတာကိုလဲ တွေ့ရပါတယ်။ ဒေါက်တာသောင်းထွန်းနဲ့ဇနီးက လိုလေသေးမရှိအောင် ဘေးကစောင့်ကြပ် ပြင်ဆင်ပေးထားတာပါ။ ဗိုလ်မှူးကြီးရဲ့ဘေးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရန်တော်ဟောင်း‘ကိုအောင်’နဲ့ ကျောင်းသားတပ်မတော်တပ်သားဟောင်း ‘ကိုဝင်းနိုင်’တို့က ကြေညာစာတန်းရေး ထိုးထားတဲ့ ပိတ်စအရှည်ကြီးကို တ ယောက်တဖက်စီကိုင်ထားကြပါတယ်။ အလယ်ပိုင်းမှာနိမ့်နေတာကို ဘားမားပွိုင့် ‘ကိုမိုးချမ်း’က ၀င်ကိုင်ပေးထားပါတယ်။
စာတန်းက အင်္ဂလိပ်ဘာသာနဲ့ ရေး ထားတာပါ။ အဓိပ္ပာယ်က ‘ဗမာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းကိစ္စကို ကုလသ မဂ္ဂလုံခြုံရေးကောင်စီတင်ရာမှာ အားပေး ကြပါစို့’နဲ့ ‘ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန် နိုင်ငံကြီးတွေက မဟန့်တားကြဖို့’ ရေး ထားတာပါ။ ကြေညာချက်တစောင်လဲ ထုတ်ပြန်ထားတာကို ဝေငှနေပါတယ်။
“ကျနော်မောင်စွမ်းရည်ပါ…”လို့ပြောလိုက်တော့ ဗိုလ်မှူးကြီးက၀မ်းသာအယ် လဲကြိုဆိုပါတယ်။ “ဆရာမျက်စိခွဲထားပြီး ခါစ ဘာလို့လာသလဲ၊ အားနာစရာပဲ…” လို့ ပြောပါတယ်။
ပုတီးခဏချထားပြီး စကားလက်ဆုံ ကျသွားပါတယ်။ နေ့လယ်စာစားချိန်ဆို တော့ ကုလသမဂ္ဂရုံးသူရုံးသားတွေ ရုံးပြင် ထွက်ပြီး လမ်းသလားချိန်နှင့် လူစည်ကား နေပါတယ်။ လူဖြူ၊ လူမဲတွေက စိတ်ဝင်တ စားရပ်ကြည့်ပြီး သတင်းမေးကြပါတယ်။ ‘ကိုမိုးချမ်း’က ကြားဝင်ပြီးရှင်းပြပါတယ်။ ဗိုလ်မှူးကြီးကတော့ ခုလို စစ်တပ်က သ မိုင်းအစဉ်အလာကောင်းတွေကို ဖေါက် ဖျက်ပြီး အာဏာသိမ်းထားတာ။ ပြည်သူ တွေကို ညှင်းပန်းနှိပ်စက်နေတာတွေကို ရှက်လွန်းလို့ သေရပါလိမ့်မယ်လို့ သူ့ခံ စားမှုကို ဖော်ထုတ်ပါတယ်။
“ကျနော်က ဖျာပုံဇာတိပါ။ ၁၉၃၆ ခု နှစ်၊ သြဂုတ်မှာဖွားပါတယ်။ သူ့အသက် ၇၀ ပါ။ အသက် ၁၉ နှစ်အရွယ်၊ ၁၉၅၅ ခု နှစ်မှာ စစ်ထဲဝင်ခဲ့ပြီး နောက်ဆုံးလားရှိုး အခြေစိုက် အရှေ့မြောက်တိုင်းမှာ တာဝန်ယူခဲ့ပါတယ်။ အဲဒီတုန်းကတည်းက တခြားစစ်တပ်အရာရှိတွေကို ကျနော်ကြည့်မရတော့ဘူး။ မကြာခဏပြဿနာကြုံရတယ်။ တချို့က အငြိမ်းစားယူပြီးတော့ ရှစ်လေးလုံးအရေးတော်ပုံမှာ‘မျိုးချစ်တပ်မှူးဟောင်း’ တွေအနေနဲ့ အဖွဲ့ဖွဲ့ပြီး ပါဝင်ခဲ့ကြတယ်။
အဲဒီမှာလည်း သူ့တို့ပထွေးနေ၀င်းကို ပွင့်ပွင့်လင်းလင်း မတိုက်ခိုက်ရဲကြပါဘူး။ တချို့က ရွေးကောက်ပွဲဝင်ပြီး အရွေးခံချင် ကြသေးတယ်။ ကျနော်တို့က ဘာအခွင့် အရေးမှမလိုချင်ဘူး။ ဒီမိုကရေစီရရင်ပြီး ရော…”
“ကျနော်ရှင်းရှင်းဝန်ခံမယ်။ ပညာတတ်ကြီးလဲမဟုတ်ဘူး၊ နိုင်ငံရေးလဲနားမလည်ဘူး၊ နိုင်ငံရေးစကားကိုလဲမပြောဘူး၊ စစ်တပ်က မတရားအာဏာသိမ်းပြီး ပြည်သူလူထုကို နှိပ်စက်နေတာကိုပဲရှက်တယ်၊ ရင်နာတယ်။ စစ်တပ်က စစ်တန်းလျားကို ပြန်သွားရင် ကျနော့်တာဝန်ပြီးပြီ။ ကျနော် သေသည်အထိ စစ်အာဏာရှင်တွေကို ဆန့်ကျင်တိုက်ပွဲဝင်သွားမယ်။ ခုဆိုရင် ကျ နော့်ဇနီးလဲ မကြာခင်ကပဲ ဆုံးသွားပြီ။ ကျန်ရစ်တဲ့သမီးနှစ်ယောက်နဲ့လဲ အဆက် အသွယ်ပြတ်နေရတယ်။ ခုတော့ ရေမျော ကမ်းတင်ဘ၀နဲ့ ကျန်းနိုင်ငံကြီးမှာရောက် နေရတယ်။ ထိုင်း-ဗမာနယ်စပ်က ကျောင်းသားတွေက ကျနော့်ဘ၀ကိုကြင် နာကြလို့ စီစဉ်ပေးလိုက်ကြတာပါ…”။
“ကျနော်-အဲဒီကလေးတွေကို သနား တယ်လေ။ သူတို့မှာ လက်နက်၊ လူသူမရှိ ဘူး။ ပဲနဲ့ငပိကိုတောင် နပ်မှန်အောင်မစား ကြရဘဲ အင်မတန်အင်အားကြီးတဲ့ ရန်သူ စပ်တပ်ကြီးကို ခုခံတိုက်ခိုက်နေကြရှာတာ ပါ။ သူတို့မှာစိတ်ဓါတ်ပဲရှိတာ။ လက်နက် လဲမရှိ။ စစ်ပညာလဲမရှိကြဘူး။ သူတို့အ လကားသေကုန်ကြတယ်။ ဒါကြောင့် ကျ နော်တတ်တဲ့စစ်ပညာနဲ့ပဲ သူတို့ကိုကူညီ နေရတာပါ။ မာနယ်ပလောကျဆုံးရတာ က ဗမာ့တပ်မတော်တော်လို့မဟုတ်ဘူး။ ကရင်ကဖောက်သွားတဲ့အဖွဲ့ရှိလို့ပါ။ ကရင်ချင်းမညီညွတ်လို့ပါ…”စသဖြင့် ပြော ကြပါတယ်။
ဗွီအိုအေ၊ ဘီဘီစီ၊ အ်ာရ်အက်အေ၊ ဒီဗွီ ဘီတို့နဲ့ ခေတ်ပြိုင်ဂျာနယ်ကလဲ တယ်လီ ဖုန်းတွေလာကြလို့ ခဏခဏပုတီးချထားပြီး အထက်ပါစကားတွေကိုပဲ ထပ်ကာ ထပ်ကာ ပြောပြနေရပါတယ်။ ကျနော်က သတင်းဆောင်းပါးတွေကို မိုးမခ၊ မိုးသောက်ကြယ်၊ အာဟာရစတဲ့ စာစောင်တွေကို ပို့မယ်လို့လဲပြောပြလိုက် ပါတယ်။ ဆန္ဒပြတာကို ညနေ ၄ နာရီမှာ သိမ်းလိုက်ပါတယ်။ကျနော်ကတော့ ဦးအေးမြင့်ကို ဒေါက် တာဆလိုင်းထွန်းသန်း၊ ဦးအုန်းသန့်၊ ကို ထွန်းလင်းကျော်၊ ကိုသက်နောင်စိုး၊ တပ်ကြပ်ကြီးကျော်ကျော်၊ ဆရာလေးတေဇ၀ တီ၊ ဒေါ်မာလာရီတို့စသဖြင့် အခုလို တ ကိုယ်ချင်းဆန္ဒပြကြတာတွေဟာ အထူး ၀မ်းသာအားရဖြစ်မိပါတယ်။
နိုင်ငံရေးပါ တီတွေ၊ ရဟန်းသံဃာတွေ၊ သီလရှင်တွေ၊ ကျောင်းသားတွေသာမက ခုလို နိုင်ငံရေး အဖွဲ့အစည်းနောက်ခံလုံးဝမပါတဲ့ ပညာ ရှင်တွေ၊ တပ်မတော်အရာရှိတွေကလဲ ကိုယ်ကျိုးစီးပွား၊ ရာထူးအာဏာ၊ ငွေကြေး တို့ကို လုံးဝမမျော်မှန်းဘဲ အသက်အိုးအိမ် စည်းစိမ်တို့ကို လုံးဝစွန့်လွှတ်ဆန္ဒပြပြီး ဗမာ့စစ်တပ်ကိုသာမက၊ ဗမာပြည်သူကို သာမက၊ ကမ္ဘာ့ပြည်သူတွေနဲ့ ကုလသမဂ္ဂ ကိုပါ ဗမာပြည်ရဲ့ဒီမိုကရေစီဆန္ဒကို တင်ပြ ကြေညာကြတာကိုက ဂုဏ်ယူဝမ်းမြောက်စရာပါ။
ဒါကြောင့် တကိုယ်တော်ဆန္ဒပြတဲ့ ဒု-ဗိုလ်မှူးကြီးအေးမြင့်နဲ့တကွ တခြားလူ့ အလွှာအမျိုးမျိုးက အနစ်နာခံဆန္ဒပြကြသူ တွေကိုပါ ဒီဆောင်းပါးနဲ့ဂုဏ်ပြုလိုက်ရပါ တယ်။
စစ်အာဏာရှင်တွေကျဆုံးပါစေ…
ဒီမိုကရေစီအမြန်ရရှိပါစေ…
မောင်စွမ်းရည်
(၂၀၀၆ ခုနှစ်၊ စက်တင်ဘာလထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၃၊ အမှတ် ၉ တွင် ဖော်ပြခဲ့သော ဆရာစွမ်း၏ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်)
0 comments:
Post a Comment