Tuesday, March 25, 2008

ထမ်းပိုးလည်း မဟုတ်, လှည်းတုတ်လည်း မဟုတ်, သစ္စာသည်သာ ခံကတုတ်(၀င်းပေါ်မောင်)


ဒီမိုကရေစီ လိုလားသည့် မြန်မာနိုင်ငံသားတို့အဖို့ ယခုကြုံတွေ့နေရသည့် အခြေအနေတွင် အကောင်းဆုံး ဆောင်ရွက်နိုင်မည့် နည်းလမ်းမှာ မိမိယုံကြည်ချက်ပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်နေခြင်းသာ ဖြစ်ပါသည်။

အမြင်များ
မေလတွင် နအဖ စစ်အစိုးရက ပြုလုပ်မည့် အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲ၌ မြန်မာလူထုက `သပိတ်မှောက်သင့်သလား´ `ကန့်ကွက်မဲထည့်သင့်သလား´ ဆွေးနွေးချက်များကို ကျယ်ကျယ်လောင်လောင် ကြားနေရပါသည်။ နအဖ၏ လမ်းပြမြေပုံအတိုင်း တဖက်သတ်ဆောင်ရွက်ချက်ကို လက်မခံသည့်အနေဖြင့် ဆန္ဒခံယူပွဲကို သပိတ်မှောက်သင့်သည်ဟု ပြောဆိုနေသူများ ရှိကြသလို၊ မိမိ၏ဆန္ဒကို တရားဝင် ထုတ်ဖော်သည့်အနေဖြင့် ကန့်ကွက်မဲထည့်သင့်သည်ဟု ပြောဆိုသူများလည်း ရှိနေကြပါသည်။ စစ်တပ်အုပ်ချုပ်ရေးကို မလိုလားသူ, ဒီမိုကရေစီ စစ်စစ်ကိုသာ လိုလားသူများအဖို့ မှောက်မလား မဲမလား ပြောဆိုနေကြသော်လည်း အခြေခံသဘောမှာ နအဖလမ်းစဉ်ကို ဆန့်ကျင်တိုက်ဖျက်ရေးပင် ဖြစ်ပါသည်။ အားလုံးကတော့ ကိုယ့်အကြောင်းပြချက်နှင့်ကိုယ် မှန်နေကြသည်ချည်း ဖြစ်သည်။

နအဖနှင့် ၄င်းတို့၏ လက်ကိုင်တုတ်များက ထောက်ခံရန် စည်းရုံးနေကြသည်ကိုတော့ ထူးဆန်းသည်ဟု မဆိုနိုင်ပါ။ တချိန်တည်းမှာပင် နအဖလမ်းစဉ်နောက် အမြီးဆွဲလိုက်ပါနေသူတို့က ထောက်ခံ သင့်ကြောင်း ပြောဆိုနေကြပါသည်။ ရွှေပြည်အေးဝါဒီအချို့က `ထောက်ခံမှ ကိုယ်သက်သာမယ်´ ဆိုသည့်သဘော ပြောလာကြသည်ကိုလည်း ကြားသိနေရပါသည်။ အဆိုပါ ပြောဆိုချက်များမှာ အပြောင်းအလဲတခုခုတော့ ဖြစ်တန်ကောင်းသည်ဆိုသည့် ယူဆချက်ပေါ်တွင် အခြေခံ ပြောဆိုနေကြခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။

သို့ရာတွင် ဘယ်လိုအပြောင်းအလဲပဲ ဖြစ်လာလာ သက်သာစရာမရှိဘူးဟု တွေးဆသူများလည်း ရှိကြပါသေးသည်။ ၄င်းတို့က `ဆန္ဒခံယူပွဲပျက်ခဲ့သော်´ဆိုသည့် အခြေခံမှ စတင်စဉ်းစားထားခြင်း ဖြစ်သည်။ ဆန္ဒခံယူပွဲကို သပိတ်မှောက်၍ပဲ ပျက်ပျက်၊ ကန့်ကွက်မဲထည့်၍ပဲ ပျက်ပျက် နအဖက အခြေခံဥပဒေကို အတည်မပြုနိုင်ဘူး ဆိုလျှင် လက်ရှိ အုပ်ချုပ်ရေးကို ဆက်လက် ဆွဲဆန့်ထားလိမ့်မည်။ နောက်ထပ် အခြေခံဥပဒေ သို့မဟုတ် လမ်းစဉ်တခုခုကို ထုတ်ဖော်လာလိမ့်မည်။ စစ်ကျွန်ဘ၀ ရှည်ဦးမည်ဟု ဆိုလိုသည်။

အကယ်၍ ဆန္ဒခံယူပွဲ အောင်မြင်ပြီး အခြေခံဥပဒေ အတည်ပြုနိုင်ခဲ့လျှင်လည်း စစ်တပ် အုပ်ချုပ်ရေးကို တရားဝင်ခွင့်ပြုလိုက်ရမည်။ ပြန်လည်ပြုပြင်ဖို့ အလွန်ခက်သွားမည်။ ထို့ကြောင့် မြန်မာလူထုမှာ ရှေ့တိုးလည်း ထမ်းပိုး, နောက်ဆုတ်လည်း လှည်းတုတ် ဖြစ်နေရသည်ဟု ဆိုကြပါသည်။

ဤအခြေအနေတွင် ဆန္ဒခံယူပွဲ၌ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှုကို လက်မခံဟု နအဖက ငြင်းပယ်လိုက်ပြီး၊ အာဏာပိုင်နှင့် လက်ကိုင်တုတ်များက လူထုကို ခြိမ်းခြောက် အကြပ်ကိုင်မှုများ ရှိလာသဖြင့် လူထုအနေဖြင့် ဆန္ဒအမှန်ကို တကယ်ဖော်ထုတ်နိုင်ပါ့မလားဟု စိုးရိမ်မှုများလည်း တိုးပွားလာပါသည်။

မသေချာမှု ပြဿနာ
ပေါ်ပေါက်နေသော ဆန္ဒခံယူပွဲနှင့် ပတ်သက်သည့် အမြင်အမျိုးမျိုး၏ အဓိကအကြောင်းရင်းခံမှာ `မသေချာမှု´ ဖြစ်သည်ဟု ဆိုချင်ပါသည်။ လက်ရှိအခြေအနေအရ-
- နအဖက ဆန္ဒခံယူပွဲကို အမှန်တကယ် ကျင်းပပေးမှာလား။ မသေချာပါ။
- နအဖက ဆန္ဒခံယူပွဲကို ပျက်အောင် အကွက်ဆင်နေတာလား။ မသေချာပါ။
- ဆန္ဒခံယူပွဲဖြစ်လျှင် ထောက်ခံမဲတွေ တကယ် ရသွားနိုင်သလား။ မသေချာပါ။
- အခြေခံဥပဒေ အတည်ဖြစ်သွားရင်ကော ၂၀၁၀ မှာ ရွေးကောက်ပွဲ တကယ်ဖြစ်မှာလား။ မသေချာပါ။
- ရွေးကောက်ပွဲ ဖြစ်ခဲ့ရင်ကော နိုင်ငံရေးပါတီတွေအားလုံး ပါဝင်ခွင့်ရမှာလား။ မသေချာပါ။
- ရွေးကောက်ပွဲပြီးရင်ကော လွှတ်တော်ခေါ်ပြီး အစိုးရအသစ်ဖွဲ့ အာဏာလွှဲမှာလား။ မသေချာပါ။
- သပိတ်မှောက်ခြင်းဖြင့် ဆန္ဒခံယူပွဲ တကယ်ပျက်သွားမှာလား။ မသေချာပါ။
- ကန့်ကွက်မဲထည့်ခြင်းဖြင့် ဆန္ဒခံယူပွဲ ပျက်ရင် နအဖက ဘာလုပ်မလဲ။ မသေချာပါ။
- ကန့်ကွက်မဲထည့်ခြင်းဖြင့် ဆန္ဒခံယူပွဲ ပျက်ရင် ဒီမိုသမားတွေဘက်က ဘာဆက်လုပ်မလဲ။ မသေချာပါ။
- ဆန္ဒခံယူပွဲက ပျက်လည်းမပျက် အောင်လည်းမအောင်မြင် ဆိုရင်ကော ဘာဆက်လုပ်ကြမလဲ။ မသေချာပါ။


နအဖဘက်က ကတိမတည် ပျက်ကွက်ခဲ့တာတွေ များလေတော့ လူထုက လုံးဝ မယုံကြည်။ နအဖ ဘာပြောပြော လက်တွေ့ဖြစ်မလာသေးသမျှ လူထုက မယုံကြည်။ နအဖက မိမိစကားကို လူထု ယုံကြည်အောင် ကြားလူမှတဆင့် သက်သေထူဖို့လည်း မကြိုးစား။ ကုလသမဂ္ဂကကမ်းလာ သည့်လက်ကိုလည်း ပုတ်ချပစ်ပြန်သည်။ အရင်က သက်သေလိုက်ပေးသည့် အာဆီယံ ကလည်း ဒီတခါ အင်တင်တင်လုပ်နေသည်။ နအဖ၏ ဂေါ့ဖားသား လုပ်နေသည့် တရုတ်ကလည်း ဖိအားတွေကြားမှာ ဗျာများနေသည်။ ထို့ကြောင့် နအဖ ကိုယ်တိုင်ပင် သူ့အတွက် သူ့ဖက်က ထောက်ခံပေးမည့်သူက သိပ်မသေချာ။ သူလိုချင်သည့် အဖြေအတိုင်း တကယ်ရပါ့မလား ဆိုတာလည်း နအဖအဖို့ သိပ်မသေချာ။

ထို့အတူပင် မြန်မာလူထုမှာလည်း တရားမျှတသည့် မဲပေးပိုင်ခွင့်ကို အမှန်တကယ် ရမရ သိပ်မသေချာ။ လတ်တလော ကြုံနေရသည်များက ဖိအားပေးမှုနှင့် လာဘ်ထိုးဆွဲဆောင်မှုများ ဖြစ်နေသည်။ အန္တရာယ်နှင့် လွတ်လပ်ခွင့်အကြား ကြိုးတန်းလမ်းလျှောက်နေရသည့် အနေအထား ဖြစ်သည်။ ထိုအခြေအနေက လူထုဆန္ဒအမှန် ပေါ်လာဖို့ သိပ်မသေချာဟု ဖော်ပြနေသည့်သဘော ဖြစ်နေပြန်သည်။ ဒီမိုသမားတွေ အနေနှင့်လည်း ဘာကိုမှ တပ်အပ်သေချာ မပြောနိုင်သည့် အကျဉ်းအကျပ်ထဲ ရောက်နေပါသည်။ မိမိတို့လိုလားသည့် အတိုင်း ဆန္ဒခံယူပွဲ ပျက်ခဲ့လျှင်တောင် နအဖဖက်က အပေးအယူလုပ်လာမှာလား သိပ်မသေချာသည့် အခြေအနေ ဖြစ်နေသည်။
ဤသို့ မသေချာမှုတွေ ကရွတ်ကင်းလျှောက်ဖြစ်နေသည်ကို ဘယ်ပုံဘယ်နည်း ဖြေရှင်းကြမလဲ။

နအဖကတော့ သူ၏ မူလလက်ဟောင်းဆေးနည်းအတိုင်း ကော်မရှင် အစည်းအဝေးများ လုပ်ပြပြီး ထုံးသုတ်နေပါသည်။ `ဒီပွဲ ဖြစ်ကိုဖြစ်ရမယ်´ ဆိုသည့် တထစ်ချ ဆုံးဖြတ်ချက်ဖြင့် လုပ်နေပုံရပါသည်။ နအဖအနေနှင့် မသေချာမှုများထဲမှ သူ့အတွက် အသေချာဆုံး ကိစ္စများကို ရွေးပြီး အရမ်းကာရော လုပ်နေသည်ကိုလည်း တစတစ တွေ့မြင်နေရပါသည်။ ဖိတန်ဖိ, ချော့တန်ချော့, ပေးတန်ပေး, ခြောက်တန်ခြောက်၍ တဖုံ၊ ဟန့်လုံး လှန့်လုံး မက်လုံး လိမ်လုံး အစုံအလင်ဖြင့် တနည်း၊ ဗျူဟာစုံခင်း၍ တက်ကုန်လက်ကုန် အားထုတ်နေပုံရပါသည်။

ဒီမိုသမားတွေဖက်ကကော ဘာကို သေချာအောင် လုပ်မလဲ။ လူထုကကော ဘာကို အသေအချာ ရွေးမလဲ။ မသေချာမှု ပြဿနာထဲမှာ တ၀ဲလည်လည် ဝှေ့နေဖို့ အချိန်က သိပ်မကျန်တော့ပါ။ ကိုယ့်ဖက်က အသေချာဆုံးအရာကို ရွေးချယ်၍ အပိုင်အနိုင် လုပ်နိုင်အောင် ပြင်ဆင်ဖို့သာ အရေးအကြီးဆုံး ဖြစ်ပါလိမ့်မည်။

သစ္စာ
မသေချာမှုတွေ သိပ်များနေသည့်အခါတွင် အသေချာဆုံးအရာမှာ `မိမိရင်ထဲမှ ဆန္ဒ´ သာလျှင် ဖြစ်ပါသည်။ ကိုယ့်ရင်ထဲက ဆန္ဒလောက် သေချာသည့် အရာ မရှိပါ။ မိမိ ဘာကို လိုလားသလဲ။ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ကိုယ့်ဘ၀ ဘယ်လိုရပ်တည်နေရသလဲ။ ခဏလေး မေ့လိုက်ပါ။ ကိုယ်ဘယ်လို ဖြတ်သန်းလာရသလဲ။ ခဏလေး မေ့လိုက်ပါ။ ကိုယ့်မိသားစုက ဘယ်လိုလဲ။ ခဏလေး မေ့လိုက်ပါ။ ကိုယ့်စီးပွားရေးက ဘယ်လိုလဲ။ ခဏလေး မေ့လိုက်ပါ။ ဥပဒေဆိုတာက ဘာတွေလဲ။ ခဏ ထားလိုက်ပါဦး။ အန္တရာယ်တွေလား။ မစဉ်းစားပါနဲ့ဦး။ ဘာဖြစ်လာမှာလဲ။ မစဉ်းစားပါနဲ့ဦး။ ပစ္စုပ္ပန်တည့်တည့်မှာ စိတ်ကို အတည်ငြိမ်ဆုံးထားပြီး မေးခွန်းတခုကို လေးလေးနက်နက် မေးကြည့်ပါ။ ပြီးတော့ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အတိုင်း အရိုးသားဆုံး ဖြေလိုက်ပါ။ မေးရမှာက-

``နအဖ လုပ်နေတာတွေကို မင်း ကြိုက်သလား´´

မေးခွန်းက ရိုးရိုးလေးပါ။ ထို့အတူ အဖြေကလည်း ရိုးရိုးလေးပါ။ ကြိုက်သလား, မကြိုက်ဘူးလား နှစ်ခုထဲက တခုကို ရွေးရုံပဲ ဖြစ်ပါသည်။
ကြိုက်တယ်ဆိုရင် ဆန္ဒခံယူပွဲမှာ ထောက်ခံမဲ သွားထည့်ပါ။
မကြိုက်ဘူးဆိုရင် ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲ သွားထည့်ပါ။

မိမိစိတ်ထဲမှာ ရှိတဲ့အတိုင်း ရပ်တည်နေလိုက်ခြင်းသည်သာ မိမိအတွက် အသေချာဆုံး ဖြစ်ပါသည်။ အနာဂတ်မှာ ဘာဖြစ်လာမလဲ။ ဘာမှ မသေချာတဲ့အချိန်မှာ မိမိရင်ထဲက ဆန္ဒအမှန်အတိုင်း ရပ်တည်နေလိုက်ခြင်းသည် သစ္စာတရားမှာ ရပ်တည်ခြင်း ဖြစ်ပါသည်။ လူတယောက်အဖို့ မိမိသစ္စာတရားပေါ်တွင် ခြေစုံရပ်နေရခြင်းထက် ပိုမိုလုံခြုံသည့်နေရာ မရှိပါ။ မိမိစိတ်ထဲမှာရှိသည့် ဆန္ဒအတိုင်း ဖော်ထုတ်လိုက်ရပြီးချိန်တွင် ရရှိသည့် ပီတိက မိမိ၏ လူသားဖြစ်မှုကို အဓိပ္ပာယ်ပြည့်ဝစေပါလိမ့်မည်။ နောင် ဖြစ်ပေါ်လာမည့် ရလဒ်များက မည်သို့ပင် ဖြစ်နေပါစေ၊ မိမိ၏ လုပ်ဆောင်မှုက မိမိစိတ်ကို လိပ်ပြာသန့်နေစေဖို့ အရေးကြီးပါသည်။ ကြောက်လို့, ရလို့, မတတ်သာလို့, မလားလို့ စသည့် `လို့´ တွေကြောင့် ကိုယ်စိတ်ကိုယ် ပြန်ရှက်နေရမည့် အဖြစ်မှာ လူဖြစ်ရှုံးရခြင်းပင် ဖြစ်ပါသည်။

ဆန္ဒခံယူပွဲ ပျက်လျှင် ဘာတွေဖြစ်နိုင်သည်ကို နိုင်ငံရေး ပုရောဟိတ်များက နိမိတ်ဖတ်ကြပါလိမ့်မည်။ အောင်မြင်လျှင် ဘာတွေဖြစ်နိုင်သည်ကို နိုင်ငံရေး အခါတော်ပေးများက စာတမ်းရေးပါလိမ့်မည်။ ဒီလိုဟိုလို အခြေအနေတွေမှာ ဤသို့ဤပုံ လုပ်သင့်ကြောင်းကို နိုင်ငံရေး ပညာရှိများက လမ်းညွှန်ကြပါလိမ့်မည်။ သို့သော် နိုင်ငံတခု၏ အရေးပါသော အဖြစ်အပျက် အချိုးအကွေ့များသည် အနှီသော နိုင်ငံရေး ပုရောဟိတ်, အခါတော်ပေး, ပညာရှိများ၏ အလိုကျအတိုင်း မလွဲမသွေ ဖြစ်ပျက်ကြသည် မဟုတ်ပါ။ နိုင်ငံအတွင်း နေထိုင်ကြသော ပြည်သူလူထုအများစုကြီး၏ `လူထုအင်အား´ နှင့် လက်နက်ကိုင် `စစ်တပ်အင်အား´ တို့၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်၍ ဖြစ်ပျက်နေရခြင်း ဖြစ်ပါသည်။

နအဖသည် ၁၉၉၀ ခုနှစ်က လူထုကို ဆုံးဖြတ်ခွင့် တကြိမ်ပေးခဲ့သည်။ လူထုကလည်း စစ်တပ်ကို မလိုလားကြောင်း ရှင်းရှင်းလင်းလင်းပင် ဆုံးဖြတ်ပေးခဲ့သည်။ နအဖသည် အာဏာကို လက်ဆုပ်လက်ကိုင် ပြုထားနိုင်သည် မှန်သော်ငြား တရားဝင်အစိုးရဖြစ်ဖို့ အခွင့်အရေး လုံးဝဆိတ်သုဉ်းခဲ့ပြီး ဖြစ်သည်။ ၁၈ နှစ်အကြာ၌ စစ်တပ်၏ တရားဝင်အစိုးရ ဖြစ်ဖို့အခွင့်အရေး အတွက် လူထုဆုံးဖြတ်ချက်ကို နောက်တကြိမ် ထပ်မံတောင်းဆိုနေသည့် ယခုအခါတွင် လူထုအနေဖြင့် ယခင်ကလိုပင် ရှင်းရှင်းလင်းလင်း အဖြေပေးသင့်ပါသည်။ အကောင်ကြီးသည့် ဂဏန်းလို နှစ်ခါဖြတ်ရသည့် အဖြစ်နှင့် ကြုံရသည်ကိုတော့ အောင့်အီးသည်းခံရတော့မည် ဖြစ်ပါသည်။

မသေချာသည့် အနာဂတ်အတွက် စိတ်ပျက်စွန့်ခွာ မသွားဘဲ သေချာသည့် မိမိဆန္ဒပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်ခြင်းဖြင့် သစ္စာပန္နက်ကို ဆက်လက်စိုက်ထူထားသင့်ပါသည်။
မြန်မာလူမျိုးများနှင့် ရင်းနှီးကျွမ်းဝင်သည့် ဇာတက နိပါတ်တော်များတွင် အခက်အခဲများနှင့် ကြုံတွေ့ရပြီး ဆက်လက်ကြိုးပမ်းရန် မတတ်သာတော့သည့် လမ်းဆုံးသို့ရောက်စဉ်အခါမျိုး၌ `သစ္စာတိုင်တည်´ ကြခြင်းဖြင့် ဖြေရှင်းလေ့ ရှိသည်ကို တွေ့ရတတ်ပါသည်။

ဥပမာ သုဝဏ္ဏသာမဇာတ်တော်တွင် မြားဆိပ်ဖြင့် မေ့မျောကာ သေဆုံးရတော့မည့် သား သုဝဏ္ဏသျှံအတွက် မျက်မမြင် အမိအဘတို့မှာ ဘာမျှ လုပ်ဆောင်ရန် မတတ်သာတော့သည့်အခါ သစ္စာမှတပါး အားကိုးရာမရှိပြီဟု ဆိုပြီး သစ္စာဆိုကြပါသည်။ ထိုသစ္စာတန်ခိုးကြောင့် မြားဆိပ်ပြယ်၍ အသက်ရှင်ခဲ့လေသည်။

ထိုသို့ ဇာတ်တော်သာဓကများမှ ထုတ်ယူ ဆင်ခြင်နိုင်သည်သာမက၊ ရှေးက မြန်မာကြီးများသည် အရေးကိစ္စ တခုခုလုပ်တော့မည်ဆိုတိုင်း သစ္စာပြုလေ့ရှိကြသည်ကိုလည်း သတိပြုသင့်ပါသည်။ ကိုယ်လုပ်မည့်ကိစ္စအတွက် အောင်မြင်ပြီးမြောက်သည်အထိ ကြိုးပမ်းရန် စိတ်ဓာတ်ကို ခိုင်မာအောင် တည်ဆောက်ခြင်း ဖြစ်ပါသည်။မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု၏ အမြုတေသည် စိတ်ဓာတ်ရေးရာ အားပြိုင်ပွဲဖြစ်သည်ကိုလည်း မမေ့လျော့သင့်ပါ။

ဘယ်ဖိနပ် ညာဖိနပ်
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလ တို့ဗမာအစည်းအရုံးကို စတင်တည်ထောင်သူ သခင်ဘသောင်း၏ ဟောပြောချက်တခုသည် ယခုကာလနှင့် အံဝင်ခွင်ကျ ဖြစ်နေပါသည်။
၁၉၃၂ ခုနှစ်က ဗြိတိသျှအစိုးရက စက္ကူဖြူအုပ်ချုပ်ရေးနှင့် ဆက်နွှယ်၍ မြန်မာပြည်ကို အိန္ဒိယနှင့် တွဲထားမလား ခွဲထားမလား၊ မြန်မာတွေ ဆွေးနွေး၍ အဖြေပေးပါဟု ပြောလာပါသည်။ ထိုအချိန်က မြန်မာနိုင်ငံရေးလောကတွင် ရှေ့တန်းရောက်သူများဖြစ်သည့် ဒိုင်အာခီကို လက်ခံ၍ အစိုးရရာထူးလက်ခံသည့် နှစ်ဆယ့်တစ်ဦးအဖွဲ့က ခွဲရေးကို လိုလားကြသည်။

ဒိုင်အာခီကို ငြင်းပယ်၍ အစိုးရာထူးကိုလက်မခံ (နောင်ကျမှ တိတ်တိတ်လေးလက်ခံ) သည့် ၀ံသာနုအဖွဲ့က တွဲရေးကို လိုလားကြသည်။ အခြားနိုင်ငံရေးအဖွဲ့တွေ ပုဂ္ဂိုလ်တွေလည်း တွဲကြ ခွဲကြ ဖြစ်ကုန်ကြသည်။
တွဲရေး-ခွဲရေး ရွေးကောက်ပွဲအတွက် နှစ်ဖက်ခေါင်းဆောင်များ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂတွင် ဟောပြောပွဲတခုကို ကျင်းပကြသည်။ တွဲရေးဖက်မှ ဒေါက်တာဗမော်, ၀တ်လုံ ဦးကျော်မြင့်, ရမ်းဗြဲ ဦးမောင်မောင် တို့က ဟောပြောပြီး၊ ခွဲရေးဖက်မှ ဦးဘဘေ, ဦးထွန်းဝင်း, ဦးစိုးညွန့် တို့က ဟောပြောကြသည်။ နိုင်ငံရေးသမား လူကြီးများ ဟောပြောပြီးသောအခါ ဘာသာပြန်အယ်ဒီတာ လုပ်နေသူ သခင်ဘသောင်းက မိမိအား ဟောပြောခွင့်ပေးပါရန် သဘာပတိကို ခွင့်ပန်ပြီး တက်ပြောသည်။ သခင်ဘသောင်းက-
``ခွဲရေးဖြစ်စေ တွဲရေးဖြစ်စေ အင်္ဂလိပ် နယ်ချဲ့သမား လက်အောက်ခံချည်း ဖြစ်တယ်။ ကျွန် နဲ့ ဒါသ စကားလုံး ခြားနားသော်လည်း တမျိုးတည်း ဖြစ်သလို ကျွန်ဟာ ကျွန်ပဲ ဖြစ်တယ်။ ဒီ ခွဲရေး တွဲရေး ပြဿနာရဲ့ အဓိပ္ပာယ်ကတော့ အင်္ဂလိပ် နယ်ချဲ့ အစိုးရက သူ့ရဲ့ ဘယ်ဖက် ဖိနပ်အောက်မှာ နေမလား၊ ညာဖက် ဖိနပ်အောက်မှာ နေမလားလို့ မေးတဲ့ သဘောပဲ။ ဒါကြောင့် ကျုပ်တို့ သခင်တွေသဘောကို ပြောရရင် ခွဲရေးလည်း မကြိုက်, တွဲရေးလည်း မကြိုက် အင်္ဂလိပ်နယ်ချဲ့သမား လက်အောက်က လုံးဝ လွတ်လပ်ရေးသာ ကြိုက်ပါတယ်။´´
ဟူ၍ ဟောပြောပါသည်။ ကျောင်းသားများက တဝေါဝေါနှင့် သြဘာပေးကြချိန်ဝယ် တွဲရေး-ခွဲရေး လူကြီးများကတော့ မျက်နှာပျက် ဒေါပွနေကြတော့သည်။

ယခု ရှေ့တိုးလည်း ထမ်းပိုး, နောက်ဆုတ်လည်း လှည်းတုတ် ဟု ရှုမြင် ပြောဆိုချက်သည် သခင်ဘသောင်း၏ ဘယ်ဖိနပ် ညာဖိနပ်နှင့် အတူတူပင် ဖြစ်ပါသည်။ ယခု ပြောနေသူတို့က ဘာလိုလားသည်ဆိုသည့် အပိုင်းကို ထည့်မပြောပါ။ သခင်ဘသောင်းက ဘာလိုလားသည်ကို တိတိကျကျ ပြောခဲ့သည်။ မည်သည့် အခြေအနေတွင် ဖြစ်နေပါစေ မိမိ လိုလားချက်မှာ လုံးဝလွတ်လပ်ရေး ဖြစ်သည်ကို ရပ်တည် ထုတ်ဖော်နိုင်ရပါလိမ့်မည်။

ထမ်းပိုးနှင့် လှည်းတုတ်ကြားမှာပဲ ရောက်ရောက်၊ ဘယ်ဖိနပ်နှင့် ညာဖိနပ်ကြားမှာပဲ ရောက်ရောက်၊ ထိုသို့သော အခြေအနေတွင် အကောင်းဆုံး တုံ့ပြန်နိုင်သည့် နည်းလမ်းမှာ မိမိယုံကြည်ချက်ပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်နေခြင်းသာ ဖြစ်ပါသည်။ ပေးအပ်လာသည့် အခြေအနေ နှစ်ရပ်အနက် မိမိက ဘယ်အရာကိုမှ မရွေးချယ်လိုဘူးဟု ဆိုလျှင် မိမိလိုလားချက်ကိုပင် အသေအချာ ဆုတ်ကိုင်ထားခြင်းဖြင့် အကျပ်အတည်းမှ လွတ်မြောက်အောင် ကြိုးစားရမည် ဖြစ်ပါသည်။
ယခုအချိန်သည် မြန်မာနိုင်ငံသားတိုင်း မိမိ၏ သစ္စာခံကတုတ်တွင် ကြံ့ကြံ့ခံ ရပ်တည်နေခြင်းဖြင့် အဓမ္မကို ဓမ္မဖြင့် အနိုင်ယူရမည့် အချိန်ဖြစ်ပါသည်။ လုပ်ဆောင်စရာကတော့ ရိုးရိုးရှင်းရှင်းလေး ဖြစ်ပါသည်။
ခင်ဗျား ``နအဖ လုပ်နေတာတွေကို ကြိုက်သလား´´
ကိုက်တယ်ဆိုရင် ဆန္ဒခံယူပွဲမှာ ထောက်ခံမဲ သွားထည့်ပါ။
မကြိုက်ဘူးဆိုရင် ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲ သွားထည့်ပါ။


0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More